008(မင်းရဲ့နှုတ်ခမ်းပါးလေး)

3 1 0
                                    

[၈]

အပြင်ဘက်ဆီမှာလသာနေသည်ကို သူသတိပြုမိပါသည်။
သက်ပိုင်ဦးသည် ပုံမှန်အားဖြင့် သည်အချိန်ထက်ပို၍ညဥ့်နက်စွာ စာကြည့်စားပွဲ၌ထိုင်လေ့ရှိသော်လည်း ယခုမူ
အခန်းမီးကိုပိတ်ထားပြီး ညမီးအိမ်ကိုသာထွန်းညှိထားခြင်းအတွက် လရောင်သည် သူ့စာကြည့်စားပွဲပေါ်သို့မခို့တရို့ကျရောက်နေပေသည်။ သူအခန်းမီးကိုမဖွင့်တော့ပါ၊ စားပွဲပေါ်တွင်သူမသောက်ဖြစ်သေးသော ကော်ဖီခွက်ရှိနေသည်။ သူအေးစက်နေသောကော်ဖီခွက်ကိုကိုင်ကာပြတင်းပေါက်အပြင်သို့လှမ်းမျှော်ကြည့်ရှုမိသည်။
ပြည့်ဝန်းသည်ဟုမဆိုနိုင်သေးသော ပုဏ္ဏမီသည် မိမိ၏ဦးခေါင်းအထက်နားဆီတွင်နေရာယူကာ သတ္တလောကတစ်ခုလုံးကိုလ.ရောင်ဆမ်းသည်။ ကမ္ဘာအနှံ့သို့ယွန်းသည်။ လရောင်သည်ငွေရောင်လည်းမဟုတ်၊ ရွှေရောင်လည်းမဟုတ်၊ လရောင်သည် လရောင်သာ။ သူ့သဘာဝအတိုင်း၊သူ့နဂိုတည်ရှိနေမှုအတိုင်း လရောင်သည် စင်စစ် ဤကမ္ဘာလောကတွင်မည်သည့်အရောင်ပါဟုသတ်မှတ်ပြောမရသောအရောင်၊ လရောင်။
ရွှန်းမြသောလရောင်သည် ခြံဝန်းထဲရှိအလှစိုက်ပင်တို့၏အရွက်ဖားဖားကြီးများပေါ်၌ ချော့မြှူကစားသည်၊ သစ်ပင်ကြီးများအောက် မြေပြင်တွင် ပြောက်တိပြောက်ကြားလရောင်ကိုမြင်ရသည်။ တဝေ့ဝေ့တဝဲဝဲ တိုက်ခတ်လာသော လေနုအေးသည် သူ၏မျက်နှာဆီသို့ တို့ကနန်းဆိတ်ကနန်းကျီစယ်သွားသည်။
ဤတွင်လွမ်းသည်၊ ချစ်ရသူကိုလွမ်းသည်၊ ဆွတ်ပျံ့ရသည်၊ ကြည်နူးရသည်၊ လှိုက်မောရသည်။ အကြောင်းမှာချစ်ရသူသည်
သူ၏နှလုံးသားတိုင်းပြည်ကိုအချိန်အကန့်အသတ်မရှိ သိမ်းပိုက်လိုက်ပြီဖြစ်သည်။ သူ၏နှလုံးသားတိုင်းပြည်ကို ဖြူစင်သောအိပ်မက်များနှင့်သာ တန်ဆာဆင်လိုသည်။
လရောင်သုတ်လိမ်းထားသော ဘော်ငွေရောင်ညများတွင် ချစ်ခိုးဝေသည့်မျက်ဝန်းများ၊ တယုတယခေါ်ငင်သည့်အသံများ၊ "မြ" ၏မထူမပါး နှုတ်ခမ်းသားများမှလာသော တူနှစ်ကိုယ်ကပ်တိုးပြောသည့် တီးတိုးစကားသံများနှင့် သူ့အားရစ်ပတ်လွှမ်းခြုံစေလိုပါသည်။
ချစ်ရသူ "မြ"၏ အသက်ရှူသံများနှင့် ရောနှောကာ နှစ်စုံသောလက်ဖဝါးနုနုများကိုလည်း အားရအောင်မိတ်ဖွဲ့လိုလှသည်။
ချစ်ခြင်း၏သိင်္ဂါရ ရသတိုင်းတွင်လိပ်ပြာတောင်ပံခတ်၍ဟပ်သည့်လေမျှပင်ကြားဝင်မရအောင် "မြ"နှင့် နီးကပ်လိုက်ချင်သည်။
အကယ်၍ချစ်ရသူသည်သာ လေသာပြတင်းအားဖွင့်ထားခဲ့မည် ဆိုပါလျှင် လရောင်ကမြေပြင်လွှာသို့ ပိုတိုးဆင်းသက်လာသည့်အခါ လန်းဆန်းသည့်လေညင်းနုနုသည် ချစ်ရသူထံသို့ တိုးတိတ်စွာလာရောက်နမ်းရှိုက်ပေလိမ့်မည်။
လရောင်ဆမ်းမှပို၍လွမ်းရပါသည်။
သူ့ကိုယ်သူသေချာသည်ထက်သေချာပြီမှန်း သိလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ရင်တွင်းတစ်နေရာတွင်မောဟိုက်မှုက တွဲလျက်ပါလာသည်။ သူသည် "မြ"ကိုတွေ့ပြီးလျှင် ထပ်၍ပြေးတွေ့ချင်သည်။ ယုယပိုက်ထွေးချင်သည်။ ကြင်နာမှုကိုပြသလိုသည်။
သက်ပိုင်ဦးသည် ယခင်နှင့်လားလားမျှ မတူစွာ "မြ"၏ မျက်လုံးကြည်ကြည်လေးများအောက်တွင် အပြိုအလဲကျရှုံးခဲ့ရသည်။ "မြ"ကိုချစ်မိနေမှန်းသေချာအောင် "မြ"၏ မျက်နှာကိုကြည့်ကာအဖြေရှာစရာမလိုတော့၊ သူ၏ ရင်အစုံသည် "မြ"အကြောင်းကိုတွေးလိုက်တိုင်း ဖွဖွကလေးခုန်လာသည်။ စိတ်အစဥ်သည်ကြည်နူးချမ်းမြေ့ရသည်။ သေချာအောင်ပြောရလျှင် သူ့ဘဝတစ်ခုလုံးအဖုအထစ်မရှိ သာယာချမ်းမြေ့နိုင်သည် ဟူသော ရေရာသည့်ယုံကြည်ချက်။
ခွက်ထဲမှကော်ဖီကုန်သည်မှာကြာမြင့်နေသည်တိုင်အောင် ခွက်ကိုလက်မှမချမိ၊ သူ၏အတွေးများသည် ပန်းနုရောင်သန်းကာ မျောလွင့်နေပေသည်။
လေအေးသဖြင့်ပြတင်းပေါက်ကိုပိတ်လိုက်သော်လည်း ခန်းဆီးစကိုမူဆွဲမပိတ်သေး၊ ပြတင်းမှန်ကိုဖောက်ဝင်လာသော လရောင်သည်ပင် အလှတရားတစ်ခုဖြစ်နေသည်။ ကုတင်ပေါ်တွင်လှဲလျောင်းပြီး သူ၏ ချစ်ရသူနှင့်ယှဥ်သော ချစ်အိပ်မက်များကို တံခါးဖွင့်ကြိုဆိုရပေဦးမည်။
မျက်ဝန်းများကိုမှေးမှိတ်ထားသော်လည်း အိပ်၍မပျော်နိုင်။
"မြ"နှင့်စပ်လျဥ်းသောအတွေးတို့သည် ခေါင်းထဲတွင်ရုပ်ရှင်ပြကွက်လိုစီကာစဥ်ကာပေါ်ပေါက်လာသည်။
final part one မှ ခင်မင်ရင်းနှီးနေသောကျောင်းသားများက ရုပ်ရှင်လက်မှတ်တစ်စောင် အတင်းပေးကာ သူတို့နှင့်အတူလိုက်ကြည့်ခိုင်းသဖြင့်
အတော်အတန်ငြင်းပါသော်လည်း ငြင်းမရသည့်အတွက်လိုက်ပါလာရသည့်နေ့ကဖြစ်သည်။
ရုပ်ရှင်က တစ်ကမ္ဘာလုံးဟိုးဟိုးကျော်နေသည့် သရဲကားဖြစ်သော်လည်း မိမိမှာရုပ်ရှင်ဘာညာကြည့်လေ့ကြည့်ထမရှိ၊ ဝါသနာလည်းမပါသဖြင့်
စိတ်ကသိပ်မပါ။ သို့သော် စိတ်ပါသူများက တစ်မြို့လုံးတွင်တစ်ရုံတည်းရှိသည့် ရုပ်ရှင်ရုံ၌ခြေချင်းလိမ်နေကြသည်။ သည်လောက်တောင်ရုပ်ရှင်ဝါသနာကြီးကြသည်လား သူပင်မသိခဲ့။
အပြင်ဘက်တွင်ထိုင်နေရသည်မှာလူရှုပ်သဖြင့် ရေတစ်ဘူးဝယ်ပြီး သူတို့ကနေရာတွင် ထိုင်နေလိုက်တော့သည်။ ရုပ်ရှင်ပြချိန်လည်းနီးနေသည့်အတွက် ရုံထဲတွင်လည်းလူများရှိနေကြသည်။
သူတို့လက်မှတ်က လျှောက်လှမ်းဘက်ကဖြစ်သော်လည်း သူ့နေရာကအတွင်းဘက်အကျဆုံး။ စိတ်ဝင်စားစရာမကောင်းလျှင်မျက်လုံးမှိတ်ကာအိပ်နေမည်ဟူသောအတွေးဖြင့်သာ ထိုင်နေမိသည်။ ဘေးက သူကောင်းသားများက သည်ရုပ်ရှင်၏ အတွဲတစ်အကြောင်းအားအလုအယက်ပြောနေကြဆဲ။
ခပ်မှောင်မှောင်ရုပ်ရှင်ရုံထဲတွင်အဲကွန်းလေအေးစိမ့်စိမ့်ဖြင့် အိပ်ကောင်းလိုက်မည့်ဖြစ်ခြင်း။
"အမလေး...ဘုရား "
ရုတ်တရက် သူ့ပေါင်ပေါ်သို့ပြုတ်ကျလာသည့် လေးပင်သောအရာတစ်ခု။ ကောင်မလေးတစ်ယောက်ဖြစ်သည်။ ထွေးအိသောကိုယ်လုံးသေးသေးက သိပ်မလေးသော်လည်း အရှိန်ဖြင့်ကျသည်မို့ သူလည်းအီစိမ့်သွားသည်က အမှန်။
"ဆောရီးပါနော်၊ ခြေချော်သွားလို့ပါ "
နီးကပ်သော ထိုအနေအထား၊ တိုးဖွသောနှလုံးခုန်သံ၊ ငြိမ်ငြိမ်ကလေးသင်းသော ရနံ့တစ်ခု။
ရုပ်ရှင်ပိတ်ကားမှအလင်းရောင်သည် ထိုမိန်းကလေး၏မျက်နှာတစ်ခြမ်းကိုထင်ဟပ်သည့်အချိန်မတော့ သူ့အရင်အစုံသည် သိမ့်သိမ့်ကလေးခုန်လာရသည်။
အလူးတလဲထပြီး သူကလေးထိုင်လိုက်သည်က သူ၏တစ်ခုံကျော်။ သူ့မျက်လုံးများက သူကလေးကိုသာ အကြည့်ရောက်နေသည်။ မိန်းကလေးသုံးယောက်၊ယောကျာ်းလေးတစ်ယောက်ပါသော သူတို့သူငယ်ချင်းအုပ်စုလာကြဟန်တူသည်။ ခပ်မှိန်မှိန်အလင်းရောင်အောက်တွင် ဘေးတစ်စောင်းမြင်နေရသော မျက်နှာလှလှကလေးက အင်မတန်ကြည်လင်လှသည်။ တစ်ချက်တစ်ချက် သူတို့နှစ်​ယောက်ကြားရှိသူ့သူငယ်ချင်းကိုစကားလှည့်ပြောစဥ်
ပေါ်လာသောအပြုံးနုနုလေးက သိပ်ချစ်စရာကောင်းပြန်သည်။
အိပ်မည်ဟုစိတ်ကူးထားသော သူသည် လုံးဝမအိပ်နိုင်ဘဲ အကြည့်များကိုသာ ဘေးလူများရိပ်မိမည်စိုးသဖြင်​့ သတိထားနေရသည်။ အသက်သုံးဆယ်ကျော်မှ ဆယ်ကျော်သက်ကလေးလို
ဣဒ္နြေမရဖြစ်နေရခြင်းကို ရှက်လည်းရှက်မိသည်။ ထိုမိန်းကလေးက ငယ်ငယ်နုနုကလေး။ သို့သော် ပြိုးကနဲပျက်ကနဲအလင်းရောင်အောက်တွင် လှုပ်ရှားမှုသေးသေးလေးများကို ငေးမောနေရခြင်းကိုသူနှစ်ခြိုက်မိနေသည်။ သရဲကားကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီး သရဲထွက်လာလျှင် မျက်လုံးကိုအတင်းဇွတ်မှိတ်လိုက်ပုံက ရယ်စရာကောင်းသည်။
မကြည့်ရဲဘဲနဲ့များ။
မကောင်းဆိုးဝါးကို ငရဲပြည်ပို့သူ အသုံးမကျ၍ ပြန်ပြန်ရောက်လာသော မကောင်းဆိုးဝါးအား ငရဲပြည်ပြန်ပို့နေရသော
သရဲကားသည်အေးချမ်းသောအိုအေစစ်အားငေးမော၍ကောင်းဆဲ ပြီးဆုံးသွားလေသည်။
သရဲမမျက်နှာကို ပိုက်ဆံပေးပြီး မင်းတို့ပဲကြည့်သည် ဟုပြောခဲ့သည်အား ရုတ်သိမ်းရတော့မလိုလို။
ရုပ်ရှင်ရုံမှအထွက်တွင် တွေ့လိုတွေ့ငြားလိုက်ရှာမိသည်။
ဘေးကသူကောင်းသားများသိသွားမည်လည်းစိုးရိမ်မိသည်။
နဂိုတည်းကမှ လူပျိုကြီး ဟုစနောက်နေကြသည့်ကောင်တွေ။
ဟော...တွေ့ပါပြီ။ အမည်းရောင်လက်စကလေးကိုမှ ဂျင်းစကပ်အရှည်လေးနှင့် တွဲဝတ်ထားသောကောင်မလေး။
မည်သို့ပင်ဆိုစေကာမူ တစ်ချိန်တည်းမှာပင် ထပ်တွေ့ရန်ဇာတ်လမ်းမရှိကြောင်းကိုနားလည်လိုက်သောအခါ ရင်ထဲတွင် နင့်ကနဲခံစားလိုက်ရသည်။
သို့သော် ကံတရား။ ထိုကံတရားသည် သူ့နှလုံးသားအား ပရိယာယ်မာယာအပြည့်နှင့်ကျီစယ်ခဲ့ပါသည်။
သူ၏ပထမဆုံးလက်ချာဝင်ရသည့် အတန်းက ကိုးနာရီမို့ projector ချိန်သည့်ဝန်ထမ်းနှင့် လုပ်စရာရှိသည်များလုပ်ရန်
သူလည်း စောစောရောက်နေခဲ့သည်။ ဌာနမှဝန်ထမ်းများလည်းလိုက်ပါလာကြပြီး သူ့အတွက်ရေသန့်ဘူးကိုချပေးကာ roll sheet စာရွက်များကိုစဥ်နေကြသည်။ ကိုးနာရီတိတိတွင် လက်ချာစမည်။ ဆယ့်ငါးမိနစ်ဆိုလျှင်ရှေ့ပေါက်ရော၊နောက်ပေါက်ရောပိတ်မည်။ နောက်ကျမှရောက်လာလျှင်အခန်းထဲလုံးဝပေးမဝင်ရန် အပြင်မှဝန်ထမ်းများကိုမှာကြားထားရသည်။ သန့်စင်ခန်းသွားသလိုလိုနှင့်လစ်ထွက်သွားသူများကိုလည်း သေချာမှတ်ထားရန် မှာရသည်။ သူနှင့်ယခုမှပထမဆုံးအကြိမ်တွေ့မည့်ကျောင်းသားများမို့ ဤဌာန၏ စည်းကမ်းကိုသဘောပေါက်စေရန် အထူးကြိုးပမ်းနေခြင်းဖြစ်သည်။
မှတ်မှတ်ထင်ထင်ကိုးနာရီငါးမိနစ်တွင် ပိတ်ထားသည့်ရှေ့ဘက်တံခါးအလှပ်တွင် ခိုးကြောင်ခိုးဝှက်ပေါ်လာသည့် မျက်နှာကလေး။
တစ်ခြားနောက်ကျသူများက နောက်ပေါက်မှဝင်ကြသော်လည်း သူကလေးက အူကြောင်ကြောင်နှင့် ရှေ့ပေါက်ကခေါင်းပြူကာ အထဲသို့ကြည့်နေသည်။ သူနှင့်အကြည့်ချင်းဆုံတော့ သူခေါင်းညှိမ့်ပြလိုက်သဖြင့် အခန်းထဲသွက်သွက်ကလေးဝင်လာသည်။
အပြာနုရောင်မြန်မာဝမ်းဆက်နှင့် ဆံပင်ကလေးတစ်ဝက်စည်းထားသော ပိန်သွယ်သွယ်ကောင်မလေးသည် သူ၏ရုပ်ရှင်ရုံထဲမှအိုအေစစ်ကလေး။
ဒီနေ့အတွက် ပထမဆုံးအကြိမ်ပြုံးမိခြင်းဖြစ်ပါသည်။
"ကဲ ဆရာတို့အခုပြောမယ့်အကြောင်းအရာက healing of the fracture bone ပါ "
စာသင်နေရင်းကနေ ထိုကလေးဆီမကြာမခဏအကြည့်ရောက်သော်လည်း သူသည် lecturer တစ်ယောက်ဖြစ်နေသည့်အတွက် ခုန်ချင်နေသည့်ရင်ကိုအသာဖိရသည်။
ထို့ပြင် မိမိထက်များစွာငယ်ရွယ်သူကိုမှ စိတ်လှုပ်ရှားရင်ခုန်မိသည့်အတွက် စိတ်ဆန္ဒကိုတတ်နိုင်သမျှချိုးနှိမ်နေရသည်။
သည်ကြားထဲမှာပင် မျက်မှန်ကြည်ကြည်အောက်မှ မျက်ဝန်းလှလှလေးများက သူ့ကိုကြည့်တိုင်း အကြည့်ချင်းမဆုံမိအောင်
အကြည့်လွှဲနေရခြင်းက ရင်နင့်စေသည်။ ဆံပင်လေးတစ်ချက်သပ်တင်လိုက်တိုင်း မျက်မှန်လေးတစ်ချက်ပင့်တင်လိုက်တိုင်း
သူ့မှာ ချုပ်ထိန်းရလွန်း၍ ချွေးပြန်သည်။
အတန်းပြီးတော့ ကျောင်းသားများအလျှိုလျှိုထွက်ခွာကဿာ သူလည်း သူ့ laptop နှင့်ပစ္စည်းများကိုသိမ်းနေစဥ်
"ဆရာ "
"ဗျာ"
အသံစူးစူးကလျှပ်တစ်ပြက်ခေါ်လိုက်သည်ကို အလိုအလျောက်တုန့်ပြန်ပြီးမှ ခေါ်သူကိုကြည့်လိုက်တော့ သူကလေး။
ထိုမျက်လုံးကြည်ကြည်များကိုငေးမောနေစဥ်။
"ဟိုလေ၊ သန့်စင်တို့ roll call စာရွက်ကို ပထမဆုံးတစ်ချိန်ပြီးတော့ ပြန်မကောက်သွားဘဲ ကျန်နေခဲ့လို့ "
"ဟင် ဘယ်လို "
နှုတ်ခမ်းကလေးအနည်းငယ်စူကာ အလိုမကျသလိုပြောလာသည့်အတွက် သူ့များရယ်ချင်သည့်ကြားက သေချာအောင်ပြန်မေးရသည်။
"ဒီလိုပါဆရာ၊ ပထမတစ်ချိန်မှာ roll sheet ဝေတယ်လေဆရာ၊ သန့်စင်တို့က roll call ထိုးပြီးတော့ ဝန်ထမ်းတွေက ပြန်မကောက်သွားဘဲ ကျော်သွားတာပါ၊ နောက်ဆုံးချိန် roll call လာကောက်တော့မှ ပြောလိုက်တော့ သူတို့ကကျန်ခဲ့တာထက် သန့်စင်တို့ကလာမပေးတာမို့၊ roll call ကစာရင်းထဲထည့်ပြီးသွားပြီတဲ့၊ အဲ့ဒါ သန့်စင်တို့တက်ရဲ့သားနဲ့ roll call မရမှာစိုးလို့ အဲ့ဒါ ဆရာ့ကိုပြောတာပါ "
"ဪ အဖြစ်ကဒီလိုကို၊ အစ်ကိုတို့က roll call တွေကို အတန်းစပြီး ဆယ့်ငါးမိနစ်တိတိမှာကောက်တာက ရုံးဘက်ကိုပြန်တင်ပေးရလို့ပါ၊ ဝန်ထမ်းတွေကမှားပြီးကျန်ခဲ့တာဆိုတော့ ကလေးတို့အမှားမဟုတ်ပါဘူး၊ စာရင်းနဲ့သေချာပြန်ကိုက်ပြီး roll call ထည့်ပေးမယ်နော်၊ မပူပါနဲ့ roll call ရမှာပါ "
"ဟုတ်ကဲ့ "
"ဒါဆို သွားလိုက်ပါဦးမယ် ဆရာ "
"ကောင်းပါပြီ"
"မြ" အကြောင်းကိုတွေးလိုက်မိတိုင်းမှာပင် သူ့နှုတ်ခမ်းတို့သည် သူမသိလိုက်ခင်မှာပင် ပြုံးမိလျက်သားရှိသည်။ ဤအခြင်းအရာသည် "မြ" ထံမှထွက်ပြေးရန်ကြိုးစားနေသောသူ့အား ရုန်းထွက်မရစေနိုင်သော အကြောင်းတရားပင်ဖြစ်သည်။
ယင်းနောက်ပိုင်း TBL ( team based learning) များဆက်တိုက်ဝင်ရသောအခါတွင် လည်းကောင်း၊ SGD များတွင်လည်းကောင်း "မြ" ရှိနေသော အခန်းတွင် သူ၏ ပယောဂ မပါဘဲ တာဝန်ယူရသောအခါ သူ၏နေ့ရက်များသည် ကြည်နူးချမ်းမြေ့ရသည်။ သည်အတိုင်း ထိုင်ကြည့်နေလျှင်တောင် ရင်အေးရသည့် အနှီအမျိုးသမီးအား သူအရိပ်တကြည့်ကြည့်ဖြင့်အလိုလိုက်အကြိုက်ဆောင်ပေးရမည့် ညီမအငယ်ဆုံးကလေးသာဖြစ်လိုက်ပါတော့ ဟု တွေးမိသည်အထိပင်။
"မြ"၏အမူအရာ၊ "မြ" ၏စကားသံတစ်ချို့သည် သူ့ရင်ထဲရစ်ပတ်ဆဲ၊ နှောင်ဖွဲ့ဆဲ။ တစ်သက်ပတ်လုံး ရည်းစားဟူ၍ ယောင်လို့ပင် မထားခဲ့သည်သူက သည်ကလေးမလေးနှင့်ကျမှ။
တစ်ဘဝလုံး စာသာ ကုန်းရုန်းလုပ်နေခဲ့သဖြင့် အမျိုးသမီးများအား စိတ်ဝင်စားရန်အချိန်မပေးခဲ့သမျှ ယခုတော့ သူ့မှာလမ်းပျောက်နေရသည်။
တစ်ဖြည်းဖြည်း "မြ"နှင့် ပတ်သက်ဆက်နွယ်လိုစိတ်သည် သူ့ရင်ထဲတွင် အရှိန်အဟုန်နှင့်ကြီးထွားလာသောအခါ မည်သို့ပင် ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများရှိလာပါစေ၊ "မြ" ကိုသူပိုင်ဆိုင်ချင်ပါသည်။
"မြ "ကို သူ၏ဇနီးမယားအဖြစ် မြင်လိုလှသည်။
မနက်ခင်းနိုးထလာတိုင်း ကြည်သာချိုမြသည့် "မြ"ကို သူတကာထက်ဦးဆုံးတွေ့မြင်လိုသည်။
လင်​​ယောကျာ်းတစ်ယောက်အနေနှင့် "မြ"၏ ပြုစုယုယမှုများကို သူခံယူလိုသည်။
ရခိုင်သူဖြစ်သော "မြ"သည် အသားအရည်ဝင်းမွတ်သည်။
မျက်လုံးမျက်ဖန်ထင်းသည်။
ဖြူသည့်အနေအထားထိမရောက်သော ဝါဝင်းသည့်အသားအရည်သည် "မြ" ၏နက်မှောင်အိထွေး
သော ဆံနွယ်များနှင့် လွန်စွာပနံရသည်။ မျက်နှာကျသွယ်သွယ်တွင် မျက်ခုံးတန်းနှစ်ခုသည် ခပ်ပါးပါး၊ နှာတံပေါ်လွင်၍ဖြောင့်စင်းပြီး အဖျားအနည်းငယ်လုံးသည်။ ရယ်လိုက်တိုင်း ပေါ်လာသောနှုတ်ခမ်းထောင့်မှအချိုင့်ကလေးသည် "မြ"ကိုဆွဲဆောင်မှုတစ်မျိုးတိုးစေသည်။ထိုအလှတရားများထဲမှ
အသိရခက်၍အိပ်မက်ဆန်သော "မြ"၏မျက်ဝန်းညိုတို့သည်
သူတစ်သက်လုံး ခိုဝင်အိပ်စက်လိုသော အသိုက်အမြုံဖြစ်သည်။
အို...ချစ်မိလျှင်ချစ်ရသူ၏အရာရာတိုင်းသည် သူ့အတွက် ယစ်မူးစရာ၊ နှစ်ခြိုက်စရာ၊ သိင်္ဂါရ ရသများပင်ဖြစ်ပေသည်။

You've reached the end of published parts.

⏰ Last updated: Aug 18 ⏰

Add this story to your Library to get notified about new parts!

Once In A LifetimeWhere stories live. Discover now