အပိုင်း (၁၂)

860 31 0
                                    

တိမ်လွှမ်းသောကောင်းကင်
အပိုင်း(၁၂)

ဒီနေ့က ပူတင်းလေးရဲ့ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့ဖြစ်သည်။ အကျဉ်းချုန်းစုလုပ်ပေမယ့် ခြံလေးထဲ အိမ်သားတွေနဲ့ စည်ဝန်းသိုက်မြိုက်နေ၏။ မကြာခင်မုန့်ကိတ်ခွဲတော့မယ့်မွေးနေ့ရှင်က အဖြူရောင်ဂါဝန်ဝဲဝဲလေးနဲ့ ချစ်စရာကောင်းလှပေသည်။

နှစ်ဘက်မိဘအဘိုးအဘွားတွေ၊ ဆွေမျိုးတောင်စုနေတာတောင် သူ့ခမျာ သူ့သူငယ်ချင်းလေးဝေဟင်လင်းကို မတွေ့ရသေးသည်ကြောင့် ခြံထဲ တောင်လျှောက်လိုက်၊ မြောက်လျှောက်လိုက်ဖြင့် ဟန်ရေးပြနေပေ၏။

အန်ကယ်တို့၊အန်တီတို့က ရောက်နှင့်နေပေမယ့် ဒီရက်ပိုင်းရှိုးသိပ်များနေသောဝေဟင်လင်းကတော့ ခုထိရောက်မလာသေးပေ။

တက္ကသိုလ်ဝင်စာမေးပွဲဖြေပြီး ကျင်းပသော ပထမဆုံးမွေးနေ့ဖြစ်တာကြောင့် ဒီနှစ်မှာတော့ သူမအနား အဓိပ္ပါယ်ရှိပြီး အရေးပါတဲ့သူတွေကိုသာရှိစေချင်တာကြောင့် ခါတိုင်းနှစ်တွေလို ခြံထဲ ပါတီပွဲတောင် မိဘတွေကို ပူတင်းလေးက မကျင်းပခိုင်းပေ။

“မမလေး မွေးနေ့ကိတ်ခွဲရအောင်လေ... ဟိုမှာ သူဌေးကတော်တို့ကခေါ်နေပြီ...”

အေးမွန်က ပူတင်းလေးကိုလာခေါ်သည်။ နဂိုကတည်းက အိမ်ရဲ့အချစ်တော်လေးမို့ ဘယ်လိုနေနေချစ်ဖို့ကောင်းပေမယ့် ဒီညတော့ သူတို့မမလေးက အရမ်းကိုလှပနေပေ၏။

အဖြူရောင်ဂါဝန်ဖားဖားကြီးနဲ့ မိတ်ကပ်အနဲငယ်ချယ်သပြင်ဆင်ထားသောပုံလေးက အရင်ကတစ်ခါမှမမြင်ဖူးတာမို့ သူမတို့မျက်လုံးထဲ တစ်မျိုးလေးဆန်းသစ်နေကာ ဆွဲဖျစ်ညှစ်ချင်စရာကောင်းအောင် ချစ်ဖို့ကောင်းနေပေသည်။ ငယ်ငယ်က နားရည်ဝအောင် နားထောင်ခဲ့ရဖူးသောအိပ်ရာဝင်ပုံပြင်တွေထဲက မင်းသမီးလေးလို တိမ်တိုက်မြူလေးက အရမ်းကိုလှပညက်ညောနေလေ၏။

အရွယ်ရောက်ခါစမီးကောင်ပေါက်ကောင်မလေးမို့ မျက်ခုံး၊ မျက်လုံး၊ မျက်နှာ၊ အသားအရည်ကအစ အရင်နဲ့မတူဘဲ ပိုချောမွေ့ ပိုသိပ်သဲကြည့်ကောင်းလာသည်။

ခပ်ပါးပါးမျက်ခုံးတမ်းလေးတွေက ထူထဲနက်မှောင်ခြင်းမရှိဘဲ အတောင်ပံဖြန့်ပျံသန်းနေသော ငွေဇင်ယော်ငှက်ကလေးတွေလို စိမ်းကော့သွယ်တန်းနေကာ မျက်ခုံးတန်းနှစ်ခုက သေချာအနီးကပ်ကြည့်မှမြင်ရတဲ့ နှာတံစပ်မှာ မွှေးညှင်းစိမ်းရေးရေးလေးနဲ့ လာစုစုံသည်။

တိမ်လွှမ်းသောကောင်းကင်...Where stories live. Discover now