1.2.2022
မနက် ၅နာရီ မနိုးစဖူး ဓန တစ်ယောက် အစောကြီး နိုးနေလေသည်။ အကြောင်းမှာ ယနေ့သည် သူနှင့် သူ၏ကလေးငယ် ချစ်သူဖြစ်တာ တစ်နှစ်ပြည့်တဲ့ နေ့ပင်။ ကလေးငယ်က မနက်အစော ဘုရားကြီး သွားချင်သည်ဟု မှာတမ်းခြွေထားလို့ပင် ..။
အိပ်ရာထ ရေချိုးအဝတ်စားလဲပြီး နာရီကြည့်လိုက်တော့ ၅နာရီခွဲ ..။ ကလေးငယ်ကို ဖုန်းဆက်ဖို့ ဖုန်းထုတ်ကြည့်လိုက်တော့ ဆက်သွယ်ရေး အော်ပရေတာလိုင်းများ တစ်ခုမှ လိုင်းမတက်ပေ။ တိုင်လေးတစ်တိုင် မိဖို့နေနေသာသာ ကြက်ခြေခတ်လေးတောင် ပေါ်နေသေးသည်။
သူ့စိတ်ထဲ လေးနေမိသည်။ သူထင်တာများ မဟုတ်ပါစေနဲ့ဟု စိတ်ထဲတီးတိုး ဆုတောင်းမိလိုက်သည်။
ဖုန်းခေါ်မရတော့ ပိုက်ဆံအိတ်ကို ကောက်ကိုင်ကာ အခန်းပြင်ထွက်ခဲ့လိုက်တော့သည်။ အိမ်အောက်ရောက်တော့ အမေက အိမ်ကူကောင်မလေးတွေနှင့်အတူ ဆွမ်းတော်ကပ်ဖို့အတွက် ပြင်ဆင်နေသည်။ သူ အမေ့ဆီသွားကာ .. ဘုရားသွားမည့်အကြောင်း အသိပေးရလေသည်။
" အမေ့ .. သား ဘုရားသွားလိုက်ဦးမယ် .. "
" ဟင် .. စောစောစီးစီး ပါလား .. ဘယ်သူနဲ့လဲ .. "
" ဝဿန် နဲ့အမေ .. "
" ဪ.. ဝဿန် လေးနဲ့လား .. အေး .. အေး .. ပြီးရော ကားကို သေချာမောင်းနော်သား .. "
" ဟုတ် .. အမေ သားသွားပြီးနော်.. "
" အေး .. အေး .. "
အမေ့ကို ပြောပြီး ကားသော့ဆွဲကာ အိမ်ရှေ့ထွက်ခဲ့လိုက်သည်။ ကားထဲ ဝင်ထိုင်ပြီးချင်း သူစိတ်ရှုပ်စွာ ဖုန်းကို ထပ်ဖွင့်ကြည့်တော့ ဖုန်းလိုင်းများ မရသေးပေ ..။
" ဟူးးး .. "
သူ လေပူများ စိတ်ရှုပ်စွာ မှုတ်ထုတ်လိုက်သည်။ ပြီးနောက် ကားစက်နှိုးကာ ဝဿန့် အိမ်ရှေ့ထိမောင်းသွားလိုက်သည်။ သူ ဝဿန့် အိမ်ရှေ့ရောက်တော့ ဝဿန် က အဆင်သင့်ထွက်စောင့်နေပုံရသည်။
သူ ကားရပ်ပြီး တံခါးဖွင့်ပေးလိုက်လျှင် ကလေးငယ်က ကားပေါ်တက်လာသည်။ သူသေချာကြည့်မိသည် ကလေးငယ်က လယ်ကတုံး လက်ရှည် အဖြူရောင်လေးကို ယောပုဆိုး အမဲလေးနဲ့ တွဲဖက်ဝတ်ဆင်ထားသည်။ အသားဖြူသောကြောင့် ရွှေဝါရောင် ဆံပင်အတို တို့နဲ့ လိုက်ဖက်စွာ နူးညံ့လှပနေသည်။