>> Unicode <<
~~~~~~~~~~~~" ကောင်လေး.. ဟိတ် "
မရမကလှုပ်နှိုးနေတာကြောင့် ပုံရိပ်ရဲ့မျက်ခုံးတွေတွန့်ချိုးလာလေသည်။ ခေါင်းကိုက်နေတာကြောင့် သူမထချင်သေး။ နွေးနေတဲ့စောင်ထူထူကို ဆွဲဖက်ကာ နှိုးနေတဲ့သူကိုကျောခိုင်းထားလိုက်သည်။
" ဟိတ်.. ထတော့လေ "
ဒီအသံ..။ မနက်တိုင်းကြားနေကျ အဖေ့ရဲ့ဆူပူကြိမ်းမောင်းသံလိုမဟုတ်။ ယောက်ျားတစ်ယောက်က အေးအေးလူလူပြောနေသံမျိုး။
" ထတော့ ထတော့ ၊ ထမင်းစားချိန်ရောက်နေပြီ "
ပုံရိပ်ဆက်ပြီးအကြောတင်းမနေနိုင်တော့။ အသံပိုင်ရှင်ကို သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်သည်။
စတစ်ကော်လံလည်ကတုံးနှင့်နက်ပြာပုဆိုးရောင်ပုဆိုးကို ဆင်ထားသူဟာ သူ့အားပြုံးစစနှင့်ကြည့်နေလေသည်။ သူ့ဘေးမှာ ဘေးတစောင်းထိုင်နေကာ လက်ကောက်ဝတ်တစ်ဖက်မှာ ငွေရောင်နာရီကိုကျကျနနဝတ်နေလေ၏။ မူးနေပေမဲ့ ရူးနေတာမဟုတ်၍ ထိုလူဟာ ပုံရိပ်ရဲ့မှတ်ဉာဏ်ထဲမှာ အထင်အရှားကိုမှတ်မိနေသေးရဲ့။
" အာ.. အကို "
ပုံရိပ် ငေါက်ခနဲထထိုင်သည်။
" ခေါင်းတော့ကိုက်နေမှာပေါ့၊ ၁၁ နာရီခွဲပြီမို့ နှိုးလိုက်တာ "
" အဲ့လောက်တောင်ရှိပြီလား "
ထိုလူဟာ ပြုံးလျက်သာ ကြည့်နေတာကြောင့် ပုံရိပ် အရှက်ပြေရယ်ပြလိုက်ရသည်။ သိပ်တောင်မရင်းနှီးသေးတဲ့လူရှေ့မှာ သူဘယ်လိုတောင်အိပ်ပျော်နေမိပါလိမ့်။
" ကိုယ့်ကိုရော မှတ်မိရဲ့လား "
" Bro ကလည်း... မှတ်မိတာပေါ့၊ နာမည်က.. အိမ်သူထင်တယ် "
" မင်းအိမ်သူ "
" ဟုတ်တယ် ဟုတ်တယ် ကိုမင်းအိမ်သူ "
" မှတ်မိရင်ပြီးရော၊ ကိုယ်တော့ မင်းနာမည်ကိုမသိသေးဘူး "
" ကျွန်တော်က ပုံရိပ်မင်းထင် "
အပြုံးမပြတ်ဘဲ ခေါင်းညိတ်ပြသည်။ ဆံပင်တိုတိုကို သေသေသပ်သပ်နှင့် ရှင်းနေအောင်လှန်တင်ထားသော်လည်း ဆံပင်တွေဟာ နဖူးပေါ်သို့ပါးပါးကလေးကျနေသေး၏။ ညာဘက်နားရွက်အောက်နားလေးက အနက်ရောင် semicolon တက်တူးက ဖြူဝင်းနေသောအသားရေမှာ ထင်းလို့နေသည်။