>> Unicode <<
~~~~~~~~~~~~" ကျွန်တော်တို့က ၉ တန်းကစပြီး uni အထိ အတူတူပဲ၊ ဒီကောင်ကြီးနဲ့ခွဲမရဘူးလေ "
ပုံရိပ်ရဲ့သူငယ်ချင်းဖြစ်သူမှာ လူကောင်ကခပ်ညှပ်ညှပ်။ သေးသွယ်သွယ်နှင့် ခပ်သွက်သွက်ပုံစံကလေး။ ပုံရိပ်ကိုလည်း အမှန်တကယ်ခင်မင်တဲ့ပုံ။ တကူးတက ဒီအထိလိုက်လာတာကိုပဲကြည့်။
" အကိုက ဒီကောင်နဲ့ဘယ်လိုများတွေ့တာလဲ "
ဆန်းသစ်စဆိုတဲ့ကောင်လေးကမေး၏။ ပုံရိပ်ကတော့ ပန်းသီးကိုအလုံးလိုက် တဂျွတ်ဂျွတ်ကိုက်ရင်း ပြုံးနေလေသည်။
" တွေ့တာကတော့ အမှတ်မထင်ပါပဲ "
" နောက်မှ ဒီကောင်ကြီးက အကို့ကိုတမ်းတမ်းစွဲဖြစ်သွားတာပေါ့လေ "
မင်းအိမ်သူ ပြုံးရုံသာပြုံးလိုက်သည်။ တကယ်တမ်းကျတော့ ကိုယ့်ဘက်ကပိုပြီး တမ်းတမ်းစွဲဖြစ်ခဲ့တာကို ကိုယ်တိုင်သာအသိဆုံးမဟုတ်လား။
" ဒီညီလေးက ဘယ်မှာတည်းမှာလဲ "
" ဖြူးမှာ ကျွန်တော့်ဦးလေးဖွင့်ထားတဲ့မိုတယ်ရှိတယ် "
ဆန်းသစ်စဟာ စကားကိုအဆုံးမသတ်ဘဲ ဘေးက ပုံရိပ်မင်းထင်ကိုတစ်ချက်လှည့်ကြည့်ကာ ပုခုံးကိုဆတ်ခနဲဆွဲဖက်ရင်း..
" မင်းငါနဲ့လိုက်နေပါလား "
မင်းအိမ်သူရဲ့မျက်ခုံးများ အသာလေးပင့်တက်သွားသည်။ ချစ်သူနှစ်ဦးကို ဒီကောင်လေးခွဲနေခိုင်းဖို့ကြံနေတာလားဟု တွေးနေချိန်မှာပဲ ပုံရိပ်မင်းထင်ဟာ သူ့သူငယ်ချင်းအလိုကျ ခေါင်းညိတ်ရင်း..
" လိုက်မယ်လေ၊ အကို့ဂျူတီချိန်တွေဆို ငါလည်းပျင်းနေတော့ အတော်ပဲ "
" အေး ငါတို့သွားနေကြမယ်၊ ငါ့ဦးလေးအရင်းကြီးဆိုတော့ လျှော့ပေးမှာ၊ လောလောဆယ် ငါရေချိုးချင်လို့ ပုံရိပ်.. "
" ရတယ်လေ၊ ရေချိုးခန်းကအနောက်မှာ လိုက်ခဲ့ "
ဆိုကာ သူငယ်ချင်းနှစ်ယောက်သား စကားတပြောပြောနှင့်ထထွက်သွားကြ၏။ ကျန်ခဲ့တဲ့မင်းအိမ်သူမှာတော့ ဘာပြောရမှန်းကိုမသိအောင်ပင်။ သူငယ်ချင်းကိုခင်တွယ်တာ သူနားလည်နိုင်သည်။ သို့သော် ကိုယ့်ချစ်သူကိုထားခဲ့ဖို့ အလွယ်ကလေးဖြစ်နေတာကိုဖြင့် မင်းအိမ်သူဘဝင်မကျနိုင်။