>> Unicode <<
~~~~~~~~~~~~တစိပ်စိပ်ရွာနေသည့်မိုးကြောင့် မြို့ပြရဲ့လမ်းမများမှာ စိုစွတ်နေလျက်ရှိသည်။ စားသောက်ဆိုင်တစ်ဆိုင်အတွင်းမှာတော့ လူတချို့ ကိုယ့်နည်းကိုယ့်ဟန်နှင့်အနွေးဓာတ်ယူနေကြလျက်။ ထိုလူတွေထဲ မင်းအိမ်သူလည်းအပါဝင်ဖြစ်သည်။ ပျံ့လွင့်နေသည့်သီချင်းငြိမ့်ငြိမ့်ကို လိုက်ညည်းလိုက်၊ ဘီယာလေးအာစွတ်လိုက်နှင့် အားလပ်ချိန်ကိုအပြည့်အဝခံစားနေ၏။ ပုံမှန်ဆိုလျှင် သူဒီလိုစားသောက်ဆိုင်ထိုင်လေ့မရှိ။ ချိန်းထားတဲ့သူငယ်ချင်းဖြစ်သူကြောင့်သာ ရောက်နေခြင်းပေ။
မင်းအိမ်သူဟာ အသက်သုံးဆယ်ရှိပြီး လူပျိုကြီးတစ်ယောက်။ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တစ်ဦးလည်းဖြစ်သည်။ ခုံမင်တွယ်တာစရာမိသားစုဝင်မရှိတဲ့သူ့ဘဝဟာ တစ်ခါတရံမှာတော့ အထီးကျန်စရာကောင်းသည်။ နိစ္စဓူဝလုပ်ငန်းများနှင့် တစ်နေ့တာကိုဖြတ်သန်းနေပြီး သဘောကျတဲ့လူရယ်လို့လည်း သူ့မှာမရှိ။ သူ့ကိုလမ်းကြောင်းပေးတဲ့အမျိုးသမီးများတော့ရှိပါလျက် အထီးကျန်ရခြင်းအကြောင်းရင်းတော့ရှိသေး၏။ သူဟာ မိန်းကလေးများကိုစိတ်မဝင်စားဘဲ လိင်တူယောက်ျားတစ်ယောက်ကိုသာ သူ၏နှလုံးသားက လက်ခံနိုင်တာကြောင့်ပင်။
" တဆိတ်လောက်.. ဒီခုံလွတ်တယ်မဟုတ်လားဗျ "
မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တဲ့လူတစ်ယောက်။ သီချင်းထဲမျောနေသည့် မင်းအိမ်သူလည်း အခုမှအသိဝင်သလို ထိုလူအားလှမ်းကြည့်ရင်း ခေါင်းလည်းညိတ်လိုက်သည်။
" တခြားဝိုင်းတွေ ပြည့်နေလို့.. "
အမှန်တကယ်ပင်လူပြည့်နေတဲ့ဆိုင်ထဲမှာ လွတ်တဲ့စားပွဲရယ်လို့မရှိပါ။ သူနှင့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်တဲ့လူကို ဘာရယ်မဟုတ် မင်းအိမ်သူ ဝေ့ဝဲကာ အကဲခတ်ကြည့်မိသည်။
သူ့လိုပင် သက်လတ်ပိုင်းလူရွယ်တစ်ယောက်။ ဆင်ထားသည့်အဝတ်စားများကြောင့်တော့ သူ့ထက်ငယ်မည်ထင်ရကာ လူငယ်လေးပုံစံပေါက်၏။ ထိုအခိုက် ချိန်းဆိုထားတဲ့သူငယ်ချင်းဖြစ်သူမှာ မင်းအိမ်သူအားဖုန်းဆက်ကာ အကြောင်းကြားလာခဲ့သည်။ " အရေးကြီး case တစ်ခုကြောင့် ငါမလာဖြစ်တော့ဘူး " တဲ့လေ..။