သူ့နာမည်က ရှန်ရစ်ခီ ၊ ကမ်းရိုးတန်းစောင်းတပ်ဖွဲ့ရဲ့ကပ္ပတိန်တစ်ယောက် ။ သူတို့အားလုံးကိုကယ်တင်ခဲ့တာ သူတစ်ယောက်တည်းပဲဆိုရင်တောင်မှ နိုင်ငံတော်ကရော ၊ ကျောင်းကရော ဂုဏ်ပြုသည်ကို တစ်ယောက်တည်းမခံယူဘဲ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ရဲ့နာမည်အောက်မှာပဲ ဂုဏ်ပြုခံခဲ့တယ် ။ ဒါပေမဲ့ ဂယူဘင်းအပါအဝင် ဓားစာခံဖြစ်ခဲ့တဲ့လူတိုင်း သိကြတဲ့အမှန်တရားတစ်ခုကတော့ တကယ်တမ်းသူတို့ကိုလာကယ်တာက ကပ္ပတိန်ယူနီဖောင်းနဲ့ လူတစ်ယောက်ကပဲဆိုတာကို .... ။
" ဂယူ ဘာလုပ်နေတာလဲ ။ "
ဆေးထိုးအပ်ကိုင်ရသည့် ဆရာဝန်လောင်းတစ်ယောက်၏လက်က စုတ်တံနှင့်အသားမကျသေးသော်လည်း ဂယူဘင်းကတော့ သူ ပထမဆုံးနှင့်နောက်ဆုံးအကြိမ် မြင်တွေ့ထားခဲ့ရသည့် မျက်ဝန်းတစ်စုံကို ကင်းဗတ်စပေါ်တွင် ရေးခြစ်ကာ အမှတ်တရသိမ်းထားချင်မိပါသည် ။ ထို့ကြောင့် အနားရတုန်းခဏမှာပဲ အဆောင်ခန်းကို အမြန်ပြန်၍ ပုံဆွဲနေတုန်းမှာပင် အခန်းထဲသို့ ရေးကြီးသုတ်ပြာနှင့်ဝင်လာကာ မေးလာခဲ့သောဂွန်းနုကြောင့် ဂယူဘင်း၏ ခြယ်လက်စဆေးအနက်ရောင်က အနည်းငယ်ပြန့်သွားခဲ့ပါသည်
။ ထို့ကြောင့် သူက အခန်းဝမှ ဂွန်းနုအား မျက်မှောင်ကြုတ်၍ လှမ်းကြည့်လိုက်ပြီးမှ" မင်းကြောင့် " ဟုအပြစ်တင်လိုက်သော်လည်း ဂွန်းနုကတော့ သူ့စကားကို စိတ်ဝင်စားပုံမရဘဲ
" မြန်မြန်ထလာခဲ့ ! ဆရာမက ငါတို့ကိုခေါ်နေပြီ ။ စစ်ဆေးရေးမှာ ဒဏ်ရာရလာတဲ့လူတွေရော ၊ ဘတ်စ်ကားအက်စီးဒင့်ကြောင့် လူနာတွေ ရောက်လာလို့ရော အရေးပေါ်ဌာနမှာ လူမလောက်လို့ ကူပေးဖို့တဲ့ ။ " ဟု အလောတကြီးနှင့် ဆိုလာခဲ့ပါသည် ။
" ဟေ! လာပြီ ။ "
ထိုအခါမှသာ ဂယူဘင်းမှာလည်း လက်ထဲမှ စုတ်တံကိုအမြန်ချ၍ စားပွဲပေါ်မှာပုံလျက်သားချထားသည့် ဂျူတီကုတ်ကို ကောက်ဆွဲကာ ဆေးရုံသို့ ပြေးသွားခဲ့ရပါတော့သည် ။
သူတို့၏အဆောင်များနှင့်ဆေးရုံက တစ်ဝင်းတည်းမို့လို့သာ တော်ပါသေးသည် ။ မဟုတ်လို့ကတော့ သူတို့က နောက်ကျနေတာနှင့်တင် စီနီယာများဆီမှ အထောင်းခံရနိုင်ပါ၏ ။