ကယ်ဆယ်ရေးအဖွဲ့များအနေနှင့် တစ်နေကုန်သွားသည်အထိကို ကယ်ဆယ်ရေးလုပ်ငန်းများက ပြီးဆုံးမသွားခဲ့ဘဲ အဆောက်အဦအပြိုအပျက်များထဲမှလူများကို လိုက်ရှာ၍ ကယ်တင်နေရပြီး အဆိုပါဒဏ်ရာရလူနာများကို ခြေချင်းလိမ်နေသည့်သတင်းသမားများ၏ကြားထဲကပင် ကျော်ဖြတ်၍ အနီးအနားမှာပဲ ပြင်ဆင်ထားသည့် ယာယီစခန်းများသို့ ထမ်းစင်များဖြင့် ပို့ဆောင်ရပါသည် ။ ထို့အတူ ဆေးဝန်ထမ်းများမှာလည်း ဒဏ်ရာရလူနာများကိုကြည့်ရှုကာ ရောဂါအခြေအနေကို အဆင့်အလိုက်ခွဲခြား၍ အခြေအနေဆိုးလျှင်ဆိုးသလို မြို့နယ်ဆေးရုံသို့ ပို့သင့်တန်ပို့ရပါသည် ။
" ကပ္ပတိန် အရေးပေါ်တင်ပြပါတယ် ။ "
" ဘာဖြစ်တာလဲ ။ "
နေ့လယ်ကတည်းက ဘင်းနှင့်ကတောက်ကဆတ်ဖြစ်ထားသည့်အတွက် ရစ်ခီ့၏စိတ်တို့က ယာယီစခန်းထဲမှ ဘင်းဆီမှာသာကပ်ငြိနေတော့ကာ ကင်းစောင့်နေသည်ကိုပင် စိတ်မဖြောင့်ဘဲ ယာယီစခန်းထဲမှ ဒေါက်တာလေးထွက်အလာကိုသာ မသိမသာနှင့် မျှော်နေမိပါသည် ။ ထို့ကြောင့် အနောက်ဘက်စခန်းဆီမှ အားလီက အလန့်တကြားနှင့် ပြေးထွက်လာကာ သတင်းပို့သည့်အခါမှသာလျှင် သူက ဦးထုပ်ကိုကောက်ယူ၍ နေရာမှ အမြန်ထရပ်လိုက်မိပါသည် ။
" ဟို တောင်ဘက်ကကျွန်းဆွယ်တွေမှာလည်း မုန်တိုင်းကြောင့် အပျက်အစီးအရမ်းများပြီး အသေအပျောက်ရှိလို့ ညတွင်းချင်းသွားကူဖို့ ဌာနချုပ်က ညွှန်ကြားလာပါတယ် ။ "
" တောင်ကျွန်းဆွယ်ဆိုရင် အဲ့ဒီမှာ တံငါလုပ်တဲ့ ရွာတွေရှိမှာပေါ့ ။ "
" ဟုတ်ပါတယ် ။ "
" ဒဏ်ရာရလူနာအခြေအနေ ခန့်မှန်းဘယ်လောက်ရှိနိုင်တယ်တဲ့လဲ ။ "
" အဆက်အသွယ်မရသေးတော့ အသေအချာမသိသေးပါဘူး ။ ဒါပေမဲ့ ကျွန်းပေါ်ကလူအကုန်နီးပါးပဲ ဖြစ်နိုင်ပါတယ် ။ "
" ဒါဆို လူနည်းနည်းထည့်ပေးဖို့ ဆေးအဖွဲ့ကို အကြောင်းကြားလိုက် ။ နောက်ငါးမိနစ်နေရင် စထွက်မယ်လို့ "
ထို့ကြောင့် ရစ်ခီက သတင်းလာပို့သည့်အားလီကို လူစုပေးရန်ပြောလိုက်ပြီးနောက် သူကိုယ်တိုင်ကလည်း ဓာတ်မီးများဖြင့် ကယ်ဆယ်ရေးကို ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည့် ကယ်ဆယ်ရေးအဖွဲ့များဆီသို့သွားကာ အခြေအနေအား ပြောပြလိုက်ပါသည် ။