သူ ကွာရှင်းလိုက်ပြီ။
ရှဲ့ချင်းချန်က ဟော့ယွီအား များများစားစား ရှင်းပြဖို့ရာ အစီအစဉ် မရှိပုံပင်၊ မေးခွန်းသာ ထုတ်ပါလေ၏။
“ ရှဲ့ရွှယ်က မင်းကို မပြောဘူးလား ”
“ မပြောဖူးဘူး ”
“ အဲ့လိုဆို သူက ဒါ ငါ့ ပုဂ္ဂိုလ်ရေးရာလို့ တွေးလို့ နေမှာ ”
ဟော့ယွီသည် တဒင်္ဂမျှ တိတ်ဆိတ်သွားပြီး:“ ခင်ဗျားနဲ့ လီရော့ချိုးက တစ်ယောက် အတွက် တစ်ယောက် မသင့်တော်ကြဘူးလား ”
လီရော့ချိုး ဟူသည် ရှဲ့ချင်းချန်၏ ဇနီးဟောင်း အမည် ဖြစ်၏။
ဟော့ယွီမှာ ရှဲ့ချင်းချန်နှင့် ထိမ်းမြားခဲ့သော ဤ အမျိုးသမီး အပေါ်တွင် အတန်ပင် အမှတ်တထင် ရှိနေခဲ့ကာ၊ သူ(မ)တွင် ချို့ယွင်းချက် ရှိနေသည်ဟုပင် ခံစားမိခဲ့ရလေသည်။ ရှဲ့ချင်းချန်လို အဘိုးကြီးလည်းဆန်၊ အေးလည်း အေးစက်တဲ့ ယောက်ျားသားနှင့် တကယ်ကြီး မင်္ဂလာခန်း အခေါင်းထဲ ဝင်သွားနိုင်သည် ဆိုပေတော့။
သူ့အမြင်တွင် ရှဲ့ချင်းချန်ဟာ အာသာဆန္ဒတို့ မရှိသလိုပင်။ အကြင်သူသည် သေသပ်၊ လျော်ကန်သော အဖြူရောင် ဂျူတီကုတ်ကို ဆင်မြန်းလျက်ဖြင့် အလုပ်စားပွဲ ရှေ့တွင်သာ ထိုင်နေသင့်ကာ၊ အနောက်ဘက်တွင်တော့ စာအုပ်အမြောက်အမြားနှင့် စာအုပ်စင်ကြီး ဖြစ်သင့်ပြီး၊ ကိုယ်ပေါ်တွင်တော့မူ ရေခဲတမျှ အေးစိမ့်ကာ နိုးကြားစေနိုင်သော ဆေးရည်နံ့နှင့် ဖြစ်သင့်လေသည်။
ဟော့ယွီအဖို့ ရှဲ့ချင်းချန်က တစ်စုံတစ်ယောက်ကို ချစ်သွားနိုင်သည်ဆိုသည်မှာ ယုံရခက်ခက်ပင်။ ရှဲ့ချင်းချန်ကို သွားချစ်နိုင်သော လူ ရှိသည်ကိုတော့ ပို၍ပင် ယုံရခက်ပါသေး၏။
သို့သော် ဒေါက်တာရှဲ့ကတော့မူ ဧကန်စင်စစ်ကိုပင် လက်ထပ်သွားခဲ့၏။
မင်္ဂလာဆောင်နေ့ကိုပင် သူ မှတ်မိသေးသည်။ သူ့ မိခင်ဖြစ်သူ၏ စေခိုင်းချက်အရ လက်ဖွဲ့ငွေနှင့်အတူ သူ သွားရောက်ဖြစ်ခဲ့၏။ သူ သွားခဲ့ပုံကား သာမန်ရိုးကျပါပင်၊ ကျောင်းဝတ်စုံကိုပင် လဲခြင်းပြုခြင်း မရှိပါဘဲလေ။