- ၄၅ -

143 20 0
                                    

အကြင်သူဟာ သူ့ကိုယ်သူ သေသေ၊ ရှင်ရှင် အမှုမထားပါပေ။

ဟော့ယွီဟာ စင်စစ် ရှဲ့ချင်းချန်ကို တွေ့ဖို့ရာ ငြင်းဆန်နေခဲ့လေ၏။
 
အကြင်သူကား ရှဲ့ချင်းချန်ထံပါးမှ အငွေ့ပျံ၊ ပျောက်ကွယ်သွားဖို့ရာ လုံးလုံးလျားလျား စိတ်ပိုင်းဖြတ်ထားပါသည့်နှယ်။ အကြင်သူ့ထံသို့ သူ ပို့မိခဲ့သမျှ စာတိုတိုင်းဟာ သမုဒ္ဒရာထဲသို့ ပြုတ်ကျသွားရသည့် ကျောက်ခဲတစ်လုံးပမာ။
  
ရှဲ့ချင်းချန်သည် ဆေးရုံသို့လည်း သွားဖြစ်ခဲ့ပါ၏။ သို့တိုင် ဟော့ယွီဟာ ပြည်သူ့ဆေးရုံများ၏ ပွက်လောရိုက်ညံဆူနေမှုများနှင့် အသားမကျသဖြင့် အလောအလျင်ပင် ပုဂ္ဂလိက ဆေးရုံသို့ လွှဲပြောင်းပေးခံလိုက်ရကာ၊ ရှဲ့ချင်းချန်အဖို့ တံခါးအတွင်းထဲသို့ပင် ဝင်ခွင့်မရခဲ့ပါချေ။
 
နောက်ဆက်တွဲ နေ့ရက်များသည်လည်း ရှဲ့ချင်းချန် အဖို့ ကသောင်းကနင်းနိုင်လှသည် ဟု ဆိုရပေမည်။
  
ရှဲ့ရွှယ်၊ ချန်မန့် ....... သူ့အား စိတ်ပူနေကြသော အိမ်နီးချင်းဟောင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ သူ၏ ကြီးကြပ်ရေးမှူး စသဖြင့် အမျိုးမျိုးသော လူတို့ဟာ သူ့ကို ရှာနေခဲ့ကြကာ၊ ထိုနေ့က စင်စစ် ဘာတွေ ဖြစ်ပျက်သွားခဲ့ရတာလဲ၊ အဘယ်ကြောင့် အကြမ်းဖက် အဖွဲ့အစည်းက သူ့ကို ရုပ်သံလွှင့် မျှော်စင်ထက်တွင် တင်လွှင့်ခဲ့ရသလဲ ဟူသည်ကို မေးမြန်းခဲ့ကြပါ၏။ ထို့ပြင် သူဟာ ရဲဌာန၏ ဆင့်ခေါ်မှုတို့ကိုပါ အချိန်နှင့်အမျှ လက်ခံရရှိနေ‌ရသေး‌ကာ၊ ရဲဌာနသို့ သွားရောက်၍ စစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်လျက် လုပ်ငန်းစဉ်များကို သွားရောက်အပြီးသတ်နေရပါ၏။
  
ဤ ကိစ္စကြောင့် အင်တာနက်ပေါ်၌ ပွက်လောရိုက်ကာ အုန်းအုန်းကျွက်ကျွက် ဖြစ်နေကြရပြီမှန်း သူ သိပါ၏။ သို့တိုင် ၎င်းတို့သည် စင်စစ်တွင် သူ့အပေါ်၌ အဘယ်သို့သော သက်ရောက်မှုမှ မရှိခဲ့ပါပေ။ အကြောင်းမှာ သူ့၌ ဆိုရှယ်မီဒီယာတို့အား ထိုင်ကြည့်နေဖို့ရန် အချိန် အလျှင်း မရှိ၍ပေ။

ရှဲ့ရွှယ်ကား သူထံသို့ အကြာကြီး‌ ဖုန်းခေါ်၍ စကားပင် မဆိုနိုင်တော့ပါဘဲ ငိုနေခဲ့ပါလေ၏။ သူ(မ)ကား သူ ဘယ်နားတွင် ရှိနေသလဲ ဟူသည်ကို မေးမြန်းခဲ့ကာ၊ သူ့ကို လာရှာချင်နေခဲ့ပါသည့်တိုင် သူ့ထံမှ ယတိပြတ် အငြင်းဆန်ခံခဲ့ရပြီး၊ သူသည် သူ(မ)အား တည်နေရာ အတိအကျကို မပြောပြဖြစ်ခဲ့ပါပေ။
  
ကံကောင်းထောက်မစွာဖြင့် ရှဲ့ရွှယ်သည် မိဘဖြစ်သူတို့ တိမ်းပါးသွားကြရစဉ်က အခင်းဖြစ်ပွားရာ နေရာမှ ဓာတ်ပုံတို့ကို ဘယ်တုန်းကမျှ မမြင်တွေ့ဖူး၍ပါပေ။ ရှဲ့ချင်းချန်သည် သူ(မ)အား ကာကွယ်ရန် အလို့ငှာ၊ မိမိကဲ့သို့နှယ် အဆုံးအစမဲ့သော စိတ်ပျက်အားလျော့မှုများ ကြားထဲ၌ မနစ်မြောသွားရလေအောင် သူ(မ)ထံသို့ မိဘဖြစ်သူတို့၏ တိမ်းပါးသွားရခြင်း အကြောင်းတရားကို တစ်လျှောက်လုံး တိတိကျကျ ပြန်လည်မပြောပြဖြစ်ခဲ့ပါပေ။

Whimsical Tale: The Little Puppy Dragon & His HealerWhere stories live. Discover now