Chapter 4

252 26 2
                                    

လင်းနွမ်၏ကျောက တံခါးရွက်နှင့် ထိကပ်နေခဲ့ပြီး သူ(မ)၏ပုံစံက စိတ်ဆိုးဒေါသထွက်နေသော်လည်း ဒေါသများကို ပြန်မျိုချရုံကလွဲကာ ရွေးချယ်စရာမရှိ၍ ဒုက္ခရောက်နေသော ကြောင်လေးတစ်ကောင်နှင့် တူညီနေပေသည်။

ထူထဲလှသော မျက်ခုံးတန်းများအောက်မှ ဖုဟွိုက်အန်း၏ မျက်လုံးအိမ်များက အနည်းငယ်ခန့် ကျဉ်းမြောင်းသွားခဲ့ပြီး စီးကရက်ပြာများကို တောက်ချလိုက်သည့်အချိန်တွင် သူ၏လည်စလုတ်က အပေါ်တက်အောက်ဆင်း လှုပ်ရှားသွားခဲ့ကာ လင်းနွမ်အား ပြန်ပြောလိုက်လေ၏။

"ထွမ်းထွမ်းက မင်းကို 'မားမား'လို့တောင် ခေါ်ဖူးတာမို့လို့ သူ့အမေနေရာမှာ ကုဟန်ရန်ထက်စာရင် မင်းကသင့်တော်မယ်ဆိုတာ အမှန်ပဲ။ လင်းမမလေးက တကယ်လှပြီးတော့ ကိုယ့်ဘက်ကနေလည်း လင်းမမလေးကို သဘောကျပါတယ်။ ဒါပေမဲ့လို့ ကိုယ်တို့လိုအပ်‌နေတဲ့ နေရာလွတ်တွေကို လင်းမမလေးအနေနဲ့ ဖြည့်ဆည်းပေးဖို့ မလိုပါဘူး။ လင်းမမလေးသာ ဆန္ဒမရှိဘူးဆိုရင် ဘယ်သူကမှ တွန်းအားပေးလို့မရပါဘူး ဟုတ်တယ်မဟုတ်လား။ ကိုယ်ကလည်း တွန်းအားမပေးဘူး။ လင်းမမလေးအနေနဲ့ အခန်းကိုပြန်သွားပြီးတော့ အနားယူလိုက်ပါ။ ဒီကိစ္စတစ်ခုလုံး တစ်ခါမှမဖြစ်ခဲ့သလို သဘောထားလိုက်ကြတာပေါ့။"

ဖုဟွိုက်အန်း၏ စကားများကို ကြားလိုက်ချိန်တွင် လင်းနွမ်း၏ နားရွက်ဖျားများက ရဲရဲနီသွားကြပြီး ဖုဟွိုက်အန်းအား လူရေခြုံထားသော သားရဲကောင်ကြီးဟု စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်လေသည်။ သူက ဝေဝါးနေသော ကိစ္စများကို ဤကဲ့သို့နည်းဖြင့် ရှင်းလင်းပစ်လိုက်ပြီး သူ(မ)အား အရှက်ရစေသလို ဒေါသများလည်း ထွက်လာစေသည်။

လင်းနွမ်က ပြန်ထွက်မသွားသေးဘဲ တံခါးဝတွင် အချိန်အတန်ကြာ မတ်တတ်ရပ်နေခဲ့သဖြင့် ဖုဟွိုက်အန်းက သူ၏ဘေးမှလွတ်နေသော ဆိုဖာတစ်ခြမ်းတွင် လာဝင်ထိုင်ဟူသောသဘောနှင့် လက်ဖြင့်ပုတ်ပြကာ လင်းနွမ်အား ခေါ်လိုက်လေသည်။ သို့သော်လည်း လင်းနွမ်က လှုပ်မလာချေ။ ဖုဟွိုက်အန်းက ခေါင်းလှည့်လိုက်ပြီး နက်မှောင်နေသော အကြည့်များဖြင့် လင်းနွမ်အား စိုက်ကြည့်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ သူ(မ)၏မျက်လုံးထဲမှ မဖုံးမဖိနိုင်ဘဲ တိုက်ရိုက်မြင်နေရသော ခံစားချက်အချို့ကို ဖတ်ကြည့်နေသယောင်ပင်။ ထိုအကြည့်များကို ခံစားမိမှသာ လင်းနွမ်မှာ ဤကိစ္စတစ်ခုလုံးကို စတင်ဖြစ်ခဲ့သော အဓိကရည်ရွယ်ချက်ကို ပြန်သတိရသွားတော့သည်။ ထို့ကြောင့်ပင် လင်းနွမ်က သူ(မ)၏ခံစားချက်ကို ပြန်ထိန်းညှိလိုက်ပြီး ဖုဟွိုက်အန်းဆီသို့ လျှောက်သွားခဲ့လေသည်။

Mr Fu, I really love you Where stories live. Discover now