Chapter 2

213 19 2
                                    

လုကျင်းနန်က စီးကရက်ကို သွားဖြင့်ဖိကိုက်ကာ ခဲထားလျက်မှ လမ်းတစ်ဖက်တွင် ကြောင်အအဖြင့် မတ်တတ်ရပ်နေသော လင်းနွမ်အား အကြည့်စူးစူးများဖြင့် ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီးနောက် သူ၏အမြင်များကို ဖုဟွိုက်အန်းထံသို့ ဖွင့်ဟလာလေသည်။

"မိန်းမ‌တွေဆိုတာ ကားတစ်စီးလောက်ပေးပြီး ပန်းနည်းနည်းပို့လိုက်ရုံပဲ။ အဲ့ထက်ပိုလုပ်‌ပေးချင်ရင် နာမည်ကြီးတဲ့ အိတ်တစ်လုံးနဲ့ ငွေအပြည့်ပါတဲ့ ကတ်တစ်ကတ်လောက် ပေးထားလိုက်။ အဲဒီလောက်ဆိုရင် အိပ်ရာထဲကို လိုက်လာအောင်လို့ နှစ်ခွန်းသုံးခွန်းထက် ပိုတောင်မပြောရဘူး။ မင်းဒီလောက်ထိကြီးတဲ့ အစီအစဉ်ကြီးကို ပြင်ဆင်ထားစရာ တကယ်လိုလို့လား။"

"သူ(မ)က မင်းပြောနေတဲ့ မိန်းမတွေနဲ့မတူဘူး။"

ဖုဟွိုက်အန်း၏ နက်ရှိုင်းတည်ကြည်သော အသံဩရှရှက ဝေ့ဝဲပျံ့လွင့်နေသည့် ဆေးလိပ်မီးခိုးငွေ့များနှင့်အတူ ထွက်ပေါ်လာခဲ့ပြီး သူ၏နှုတ်ခမ်းထက်တွင် အပြုံးမမည်လှသော ဖျော့တော့လှသည့် မျဉ်းတန်းလေးက နေရာယူထားလေသည်။ လုကျင်းနန်က ဖုဟွိုက်အန်းအား အမှုမထားဘဲ စိတ်အချဉ်ပေါက်နေပုံရသော စိမ်းသက်သက်လေသံဖြင့် ပြန်ပြောလိုက်သည်။

"သူ(မ)က တကယ်ကို မတူဘူးဆိုတာတော့ ငါလက်ခံပါတယ်။ ဒီလင်းနွမ်ကို ငါအရင်တုန်းက စုံစမ်းဖူးသေးတယ်။ ရေဒီယိုဌာနတစ်ခုလုံးမှာ ဘယ်သူကမှ အပိုင်မသိမ်းနိုင်ဘဲ ညှိုးနွမ်းအောင်လုပ်လို့မရတဲ့ ပန်းပွင့်လေးတဲ့လေ။ သူ(မ)ကိုရအောင်လိုက်ဖို့ တကယ်ခက်တယ်ဆိုပဲ။ အရမ်းလည်ပြီးတော့ ဟန်ဆောင်ကလည်း အတော်ကောင်းတယ်တဲ့။ ဆိုတော့ မင်းက ရဖို့ခက်တာလေးကိုမှ ကြိုက်တဲ့အထဲကပေါ့ ဟုတ်လား။ ဒါမှမဟုတ်ရင် သူများထက်ပိုပြီးတော့ ခေါင်းမာတဲ့မိန်းမတွေ မင်းခြေရင်းမှာ ဝပ်ဆင်းသွားတာကို သဘောကျလို့လား။"

ဖုဟွိုက်အန်းက လုကျင်းနန်၏ မေးခွန်းများအား မကြားချင်ယောင်ဆောင်ကာ သူ၏မျက်ခုံးနှစ်ခုကြားမှ နေရာလွတ်အား စီးကရက်ကိုင်ထားဆဲဖြစ်သော လက်တစ်ဖက်နှင့် ဖိနှိပ်နေလိုက်သည်။ သူ လုကျင်းနန်းအား ဘာမှပြန်မပြောဘဲ အဝေးကိုသာ ငေးကြည့်နေလိုက်သည်။ သူ၏မျက်လုံးထဲမှ အကြည့်များက ပတ်ဝန်းကျင်နှင့် အစေးမကပ်ဘဲ အဓိပ္ပာယ်မရှိသယောင် ဗလာဆန်နေခဲ့သည်။

Mr Fu, I really love you Kde žijí příběhy. Začni objevovat