Unicode
သည်းညှာကို ငိုအောင် ဘယ်သူတွေများလုပ်ကြသလဲ။ ကျွန်တော်အပါအဝင် လူတော်တော်များများပဲ။ အတန်းဖော်တွေကစလို့ အတန်းကြီးတွေအပြင် မိသားစုဝင်ဖြစ်တဲ့ ဦးလေးနဲ့ဖေဖေ။ ပြီးတော့ကျွန်တော်..ဒီလူတွေအားလုံးက ငယ်ရွယ်သေးတဲ့ သည်းညှာလေးအပေါ်မှာ နည်းလမ်းအမျိုးမျိုးနဲ့ အနိုင်ကျင့်ခဲ့ကြတာပဲ။
အပေါင်းအသင်းမရှိတဲ့ သည်းညှာရဲ့ မှတ်မှတ်ရရ ကစားဖော်ဆိုလို့ ဘုန်းလရောင် တစ်ယောက်သာရှိခဲ့သည်။ ဘုန်းလရောင်က ကျွန်တော့်သူငယ်ချင်းဖြစ်ပေမဲ့လို့ သည်းညှာကို ကျွန်တော့်ထက်ပိုခင်တွယ်၏။
ညီလေးလိုချင်နေတဲ့ သူ့အတွက် သူ့မိဘတွေက နောက်ထပ်ကလေးတစ်ယောက် ထပ်မမွေးပေးနိင်တော့တာမို့ သည်းညှာကိုမြင်မြင်ချင်း အတင်းကာရောဝင်လုံးပြီး ချစ်မဝဖြစ်တော့တာပဲ။ တစ်ခါတလေကျ သည်းညှာကို သူ့ညီလေးအရင်းတစ်ယောက်လို ကလူ၏သို့မြူ၏သို့ လုပ်တတ်ပြီး သည်းသည်းလှုပ်တတ်ပါသော ဘုန်းလရောင်ကို အမြင်တော့ကတ်မိပါသည်။ သည်းညှာကလည်း စကားဟပ်ဟပ်ပက်ပက်ပြောသည်မှာ ဘုန်းလရောင်တစ်ယောက်သာရှိလေသည်။
သည်းညှာက ချစ်သူရော မုန်းသူရောများသည်။ ဘာသားနဲ့ထုထားသည်မို့ သည်ကောင်လေးလို အပြုံးအရယ်မရှိ အေးစက်စက် ငတုံးလေးဆီမှာ ချစ်သူခင်သူ ပေါများနေရတာပါလိမ့်။
"သည်းညှာလေး..တစ်ခုခုမစားချင်ဘူးလား"
"ဟင့်အင်း"
ခေါင်းခါရင်း ဘုန်းလရောင် ရင်ခွင်ထဲ တိုးဝင်ငြိမ်သက်နေတဲ့ သည်းညှာက ခပ်တွေတွေလေး ကြမ်းပြင်ကိုငေးနေသည်။ ဘုန်းလရောင်က သက်ပြင်းဖွဖွချပြီး ကျောပြင်လေးကိုပွတ်ပေးကာ ဂရုစိုက်နေသည်မှာ ကျွန်တော့်အတွက် အဆင်မပြေ။ သည်းညှာဟာ အဲ့သည်လို အဲ့သည်လို..ကျွန်တော့်ကို နေရထိုင်ရအဆင်မပြေ ခက်ခဲမွန်းကြပ်အောင် အမြဲလုပ်တတ်သည်။
လှီးချွတ်ထားတဲ့ ပန်းပွင့်ဂေါ်ဖီအစိမ်းတွေကို ဆီသတ်ထားတဲ့ အိုးထဲထည့်လိုက်တော့ ရှဲခနဲအသံထွက်လာပြီး ရေနဲ့ထိလို့ဆီပူပေါက်လေးတွေက တပွက်ပွက်စင်လာသည်။
YOU ARE READING
ရင္ထဲကအသည္းညႇာ / ရင်ထဲကအသည်းညှာ
Romanceအသည်းဖျားမှ ချစ်စကားများ နူးည့ံထိရှစွာ နှလုံးအိမ်သို့ တိုးတိုက်စေအံ့။ အသည်းဖျားမှ ချစ်စကားများ နူးညံ့ထိရှစွာ နှလုံးအိမ်သို့ တိုးတိုက်စေအံ့။