အခန္း(၄)

496 66 33
                                    

Unicode

အဝေးသင်စာမေးပွဲတွေပြီးသည့်နောက် ကျွန်တော် စနေ တနင်္ဂနွေတွေ အားလပ်ချိန်ပိုများလာသည်။ စာလုပ်စရာမလိုတော့သည့်အတွက် အာရုံစိုက်စရာတစ်ခုလျော့၏။ ကျန်နေသေးသည့် ကျွန်တော့်အာရုံတည်ထားစရာက သည်းညှာသာဖြစ်သည်။

ကိတ်ဆိုင်ကနေ အလုပ်ထွက်ဖို့ပြင်ဆင်နေပြီး ကျွန်တော်တက်ရောက်နေသည့် စာရင်းကိုင်သင်တန်းမှာလည်း လယ်ဗယ် နှစ်ခုစာပြီးဆုံးသွားပြီဖြစ်၏။ ကျောင်းပိတ်ရက် ညနေပိုင်းတွေဆို သည်းညှာက ရပ်ကွက်ထိပ်က ပန်းခြံဆီကိုသွားရတာ ခုံမင်နေပြီး လိုက်ပို့ပေးရမည့်တာဝန်မှာ ကျွန်တော့်ပုခုံးပေါ်ကျလာခဲ့၏။

ကျွန်တော့်မှာ သည်းညှာကို အလိုလိုက်ပေးချင်သည့်စိတ်က လုံးလုံးကိုရှိမနေ၊ ထိုကောင်လေးက တစ်ခါတလေ ပြောရဆိုရခက်ခဲပြီး ခေါင်းကြောသိပ်မာသည့် down syndrome ကလေးတစ်ယောက်သာဖြစ်သည်။

ထိုသို့သောကလေးများသည် ခပ်ဝိုင်းဝိုင်းမျက်နှာ၊ ပိပြားသောနှာတံနှင့် မျက်ခွံတိုပြီး လည်တိုင်ပု၏။ ကလေးများအားလုံးနီးပါးတွင် တူညီတဲ့ ဝိသေသလက္ခဏာတွေရှိပြီး ဆင်တူယိုးမှားမျက်နှာပေါက်လေးတွေကို ပိုင်ဆိုင်ကြလေသည်။ ထိုကလေးများသည် autism ကလေးများထက် ပိုငြိမ်ကာ စကားပိုနားထောင်ကြလေ၏။ သို့သော်လည်း အထူးစောင့်ရှောက်ပေးရမည့်အထဲတွင် ပါဝင်နေဆဲ။ ရပ်ကွက်အခေါ်ရဆိုလျှင် ဉာဏ်ရည်ချို့ယွင်းချက်ရှိသော ကလေးများသာ။

သည်းညှာသည် သုံးနှစ်ကျော်မှ စကားစပြောတာဖြစ်၏။ ငယ်စဉ်က အရိုးပျော့ရောဂါအခံရှိပြီး နှလုံးအားနည်းသည်။ မွေးစထဲက ငွေနှင်းမှုန်တွေထက်ပိုဖြူတဲ့ အသားအရည်ရှိပြီး နှုတ်ခမ်းများမှာ ရဲနေသည်။ နက်မှောင်ကာ ပိန်းပိတ်သော ဆံနွယ်ပျော့ပျော့များရှိပြီး ထိုကလေးသည် down ကလေးတစ်ယောက်မှန်း ရုတ်တရက်သတိမထားမိခဲ့ကြပါပေ။ သည်းညှာက down ကလေးငယ်များရဲ့ ၂ရာခိုင်နှုန်းလောက်သာရှိသော Mosaic အမျိုးအစားဖြစ်ပြီး တခြားကလေးများနှင့် ကွဲပြားသောရုပ်ရည်ရှိ၏။

သာမာန်လူတစ်ယောက်ကဲ့သို့ပင် သည်းညှာသည် သာမာန်ကလေးများတက်သည့်ကျောင်းတွင် တက်ရောက်ပြီး ကောင်းမွန်သောအမှတ်များလည်းရှိသည်။ ငြိမ်ကုပ်ကာ အရောတဝင်မနေတတ်ဘဲ တုန့်ပြန်မှုနည်းနည်းနှေးတာကြောင့်သာ အဖွားကလိုက်စိတ်ပူခဲ့တာဖြစ်၏။ တကယ်တော့ သည်းညှာက သာမာန်လူတစ်ယောက်လိုပင်။ သည်းညှာကို ဉာဏ်ရည်နိမ့်ကျတဲ့ကလေးတစ်ယောက်လို ဆက်ဆံမိသူတိုင်း အဖွားနဲ့ ရန်ဖြစ်ကြရစမြဲ။ မိုးသည်းညှာက အဖွားရဲ့အသည်းညှာပင်။ သူ့ကိုထိလျှင် နည်းနည်းလေးမှမခံ အကဲပိုလွန်းတဲ့ အဖွားကြောင့် သည်းညှာက အလိုလိုက်ခံထားရတဲ့ကလေးပမာ တစ်ခါတရံ ကျွန်တော့်အပေါ်တွင် ဆိုးသွမ်းချင်၏။

ရင္ထဲကအသည္းညႇာ / ရင်ထဲကအသည်းညှာWhere stories live. Discover now