Unicode
လေပြေလေအေးလေးများက အိမ်တံခါးမကြီးကနေတစ်ဆင့် တိုးတိုက်ဝင်လာခဲ့ပြီး အိမ်ထဲတွင်ဟိုသည်လှည့်ပြေးနေ၏။ ကျောင်းတွေပိတ်ထားတဲ့ နွေရာသီမို့ သည်းညှာကို စွပ်ကျယ်အဖြူရောင်လေး ဝတ်ပေးထားပြီး စပန့်ဘောင်းဘီအဝါရောင် ဒူးဖုံးလေးနဲ့တွဲပေးထားလိုက်သည်။
ကလေးပေါက်စက ကလေးသိပ်ဆန်နေပြီး ချစ်စရာလေးပင်။ မျက်လုံးပြာပြာလေးတွေက ကျွန်တော်လုပ်သမျှကို လိုက်ကြည့်နေပြီး ကျွန်တော့်အနောက်ကမခွာ။ ပဲနို့ဘူးလေးကိုင်ထားရင်း ပဲနို့သောက်ကာ ကျွန်တော်အလုပ်ရှုပ်နေတာကို ထိုုင်ကြည့်သည်။
အလုပ်ကပြန်လာတော့ ရေချိုးပြီးကာစ သည်းညှာနဲ့တန်းတိုးတာနဲ့ စွပ်ကျယ်နဲ့ဘောင်းဘီထုတ်ပေးပြီး မျက်နှာလေးအေးနေအောင် သနပ်ခါးပါကောက်လူးပေးထားလိုက်သည်။ သနပ်ခါးမလူးချင်တဲ့ သည်းညှာက ကလန်ကဆန်လုပ်သေးပေမဲ့ ကျွန်တော်လေသံမာလိုက်သည့်အခါ ငြိမ်ကုပ်သွားရတာပါပဲ။
အိမ်အနောက်ဘက်မှ ခြံစည်းရိုးသည် မပြုပြင်တာတော်တော်ကြာနေပြီမို့ အနောက်ဘက်မြောင်းထဲတွင် လှည့်လည်သွားလာနေသော ခွေးလေခွေးလွင့်များ ညဆိုခြံထဲဝင်ဝင်လာ၏။ ရွံပေနေသော ခြေချောင်းများဖြင့် အိမ်အနောက်ဘက်က မိုးရေလှောင်ထားသည့် အပြာရောင်
ရေပေပါကြီးများ ထားသောနေရာတွင် ပွပလဲနေအောင် လျှောက်သွားကြသည်။ မနက်တိုင်း ထိုခြေရာများကို ဆေးရသည်မှာ ကျွန်တော့်အတွက် အလုပ်ပိုဖြစ်နေ၏။ထို့ကြောင့် အလုပ်ကပြန်ရောက်တာနဲ့ ရေမချိုးသေးဘဲ အနောက်ကခြံစည်းရိုးအပေါက်ကိုပိတ်ရန် ပြင်ဆင်နေရသည်။ အိမ်နောက်စည်းရိုးသည် ဝါးခြမ်းများဖြင့်ညီညာစွာ ကပ်ရိုက်ထားသော ဝါးစည်းရိုးသာဖြစ်ပြီး အရင်ရက်များထဲက လိုအပ်သည့်ဝါးလုံးများအား ဝယ်ယူထားပြီးဖြစ်သည်။
ဝါးများကိုခွဲကာ ခြမ်းလိုက်ပြီး ဝါးခြမ်းများပြုလုပ်ထား၏။ ဝါးကြောများက ကျွန်တော့်လက်ကိုရှထားတာကြောင့် လက်ဖဝါးပြင်သည် သွေးစို့လာ၏။
ရာသီဥတုတိုက်စားမှုကြောင့် ကျိုးပျက်ကာဆွေးမြေ့နေသော ခြံစည်းရိုးအဟောင်းကို ဖျက်ပစ်ပြီး အမှိုက်များကိုအရှေ့နှင့်အနောက်သယ်ကာ ထုတ်ယူနေသော ကျွန်တော့်ကို သည်းညှာသည်ငေးကောင်းနေ၏။
YOU ARE READING
ရင္ထဲကအသည္းညႇာ / ရင်ထဲကအသည်းညှာ
Romanceအသည်းဖျားမှ ချစ်စကားများ နူးည့ံထိရှစွာ နှလုံးအိမ်သို့ တိုးတိုက်စေအံ့။ အသည်းဖျားမှ ချစ်စကားများ နူးညံ့ထိရှစွာ နှလုံးအိမ်သို့ တိုးတိုက်စေအံ့။