အခန္း(၇)

480 69 37
                                    

Unicode

ထိုနေ့ညက ငါးကင် ကျွန်တော်ဆင်းမစားဖြစ်။ သည်းညှာနဲ့လည်း သွားမအိပ်ဖြစ်ပါ။ အိမ်ရှေ့က ဧည့်ခန်းမှာ ညလုံးပေါက်နီးပါးထိုင်နေရင်း ကျွန်တော့်မှာရှိတဲ့ တာဝန်တွေကို တွေးတောကာ ပူပင်နေခဲ့သည်။

တစ်ညလုံးမအိပ်ထားတဲ့အတွက် နောက်နေ့အလုပ်ကို ရောက်တဲ့အချိန် ကျွန်တော့်မှာ တက်ကြွလန်းဆန်းမှု ဘာတစ်ခုမှမရှိပါပေ။ တစ်ချက်တစ်ချက်ငိုက်နေတာကြောင့် မန်နေဂျာက break ခဏပေးလိုက်တော့သည်။ စတိုခန်းထဲဝင်ပြီး နာရီဝက်လောက် ကျွန်တော်ခဏမှေးမိ၏။

အိပ်ပျော်သွားသည့် အချိန်တိုလေးအတွင်း ကျွန့်တော်စိတ်အတွင်းမှ အစိုးရိမ်ရဆုံးကိစ္စများနှင့် မလုံခြုံသောကျွန်တော့် အားငယ်မှုများသည် အိမ်မက်ဆိုးများအဖြစ်ဖြင့် အိပ်စက်ခြင်းအား အနှောင့်အယှက်ပေးလာကြတော့သည်။

အိမ်မက်ထဲတွင် ပထမဆုံး ကျွန်တော် မှောင်မဲနေတဲ့အခန်းထဲမှာ ထည့်ပိတ်ခံရတယ်။ ပြီးတော့အဲဒီ့အမှောင်ထဲမှာပဲ ပိတ်မိနေတဲ့ သည်းညှာကိုထပ်တွေ့ပြန်တယ်။ ကျွန်တော်တို့နှစ်ယောက်လုံးက ပိတ်မိနေတာ။ သည်းညှာရဲ့ မျက်နှာလေးက အသက်မရှိသလိုလေးဖြူလျော်ကာ အားအင်မဲ့နေပြီး ကျွန်တော်သည်းညှာကို ငေးကြည့်နေမိခိုက် ကျွန်တော်ကိုယ်တိုင်ဝယ်ပေးထားပါသော ကာဂိုဘောင်းဘီအဖြူရောင်လေးတွင် အနီရောင်သွေးများစွန်းထင်းလာခဲ့သည်။

သည်းညှာရဲ့အောက်ပိုင်းက သွေးတွေစိမ့်ထွက်လာပြီး ကောင်ငယ်လေးက မလှုပ်တော့ပါပေ။ အိမ်မက်ထဲကျွန်တော်သွေးရူးသွေးတမ်း အော်ဟစ်ကာ သည်းညှာနာမည်ကိုအော်ခေါ်ရင်း တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားမိသည်။ ကလေးငယ်ဆီမှထွက်သော သွေးများသည် ကျွန်တော့်ကိုပါစိုစွတ်လာစေပြီး ကြမ်းပြင်တွင်လည်းအိုင်ထွန်းလာခဲ့သည်။ နှလုံးခုန်နှုန်းတွေ အမြင့်ဆုံးကိုတက်လာပြီး ကျွန်တော့်ရဲ့ အသက်ရှူသံတွေလည်း ကြမ်းတမ်းလာခဲ့သည်။

သည်းညှာကို ဆုံးရှုံးရတော့မဲ့ လက်တစ်ကမ်းအလိုမှာ ကျွန်တော်ရပ်နေရတာဖြစ်သည်။ ကူညီပေးဖို့ အခန်းကြီးထဲမှာ အသံကုန်ခြစ်ကာ အော်ဟစ်ပစ်လိုက်သော်လည်း မထူးမခြားနားပါပင်။ သည်းညှာရဲ့လက်ကလေးတွေနဲ့ ခြေဖျားလေးတွေက စတင်ပြီးအေးစက်ကာ တောင့်တင်းလာသည်။ နှုတ်ခမ်းလေးတွေက လန်လာပြီး မျက်ဆံပြာတွေက လည်ထွက်သွား၏။ ကျွန်တော့်လက်ထဲမှာပဲ သွေးထွက်လွန်ကာ တောင့်တင်းလာသော ခန္ဓာကိုယ်လေးကို ဖက်ထားရင်း ဘာလုပ်လို့လုပ်ရမယ်မှန်း မသိတော့ပါပေ။

ရင္ထဲကအသည္းညႇာ / ရင်ထဲကအသည်းညှာWhere stories live. Discover now