မြကလေး 16

97 6 1
                                    

#မြကလေး
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၆)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****
    ညကြီးသန်းခေါင်မှာ ကြားလိုက်ရသောအသံများကြေင့် မြကလေးဘာလုပ်လို့လုပ်ရမှန်းပင်မသိတော့။ မြစိမ်းရောင်စံအိမ်ကြီးသည် မြကလေးအတွက်ကျွမ်းကျင်စွာ သွားလာနိုင်သောနေရာဖြစ်သော်လည်း  ရုတ်တရက်ပေါ်ပေါက်လာသောခြေသံများကြောင့် မည်သည့်အရပ်သို့ပြေးရှောင်ရမှန်းမသိတော့ဘဲ ကြောင်အနေမိလေသည်။အမျိုးသမီးရှိနေခဲ့သောမြေအောက်ခန်းဆီသို့သွားသောအခန်းဆီသို့ ဝင်သွား၍မဖြစ်နိုင်။မြေအောက်ခန်းတံခါးသော့က မြကလေးမှာမရှိ။

" ရှပ်...ရှပ်...ရှပ် "

     မြကလေးတွေဝေနေစဉ်မှာပင် ခြေသံများကတဖြည်းဖြည်းနီးကပ်လာခဲ့လေသည်။ဘယ်လိုမှရှောင်ပုန်း၍မဖြစ်နိုင်တော့သည်မို့ ဖြစ်ချင်ရာဖြစ်သဘောထားကာ အခန်းထောင့်ချိုးကွေ့၏ နေရာမှာရပ်နေလိုက်သည်။ခြေသံများသည် သူမရှိရာနှင့်ပို၍ နီးကပ်လာခဲ့လေသည်။မြကလေးသည် သိချင်စိတ်၊တုန်လှုပ်နေသောစိတ်များဖြင့် အသက်ကိုပင်ရဲရဲမရှူရဲဘဲငြိမ်သက်ကာနေမိသည်။

     တဖြည်းဖြည်းနှင့်နီးကပ်လာသော ခြေသံများသည် မြကလေးရှိရာ အကွေ့ဘက်ဆီသို့ ရောက်မလာခဲ့ဘဲ မြေအောက်ခန်းဆီသို့သွားသော အခန်းထဲသို့ဝင်သွားသောကြောင့် မြကလေးမျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။မှောင်မှောင်မည်းမည်းထဲတွင် မြကလေးမြင်ရသလောက်မှာ အနက်ရောင်သဏ္ဍာန်နှစ်ခုသာဖြစ်သည်။လူလော၊တစ္ဆေလောကိုမူ မြကလေးလည်းမသဲကွဲ။သူတို့သည် မြေအောက်ခန်းထဲသို့ဝင်ရောက်သွားကြလေသည်။သူတို့၏အရိပ်များပျောက်ကွယ်သွားသောအခါမှ မြကလေးမှာ ခြေတုန်လက်တုန်နှင့် မြေအောက်ခန်းသို့သွားရာ အခန်းဆီသို့ ခြေကိုဖော့၍ဝင်ရောက်ခဲ့သည်။ညကြီးသန်းခေါင်မှာ မြေအောက်ခန်းထဲသို့ဆင်းသွားကြသော အခြေအနေကို မြကလေးသိချင်မိသည်။ပတ်ဝန်းကျင်အခြေအနေမှာ မှောင်လွန်းနေ၍  လူလုံးမကွဲတာခက်လှသည်။

" ဟင် "

       မြေအောက်အခန်းတံခါးရှေ့သို့ရောက်သောအခါ အခန်းတံခါးကို ဖြည်းညင်းစွာတွန်းဖွင့်ကြည့်လိုက်သော်လည်း အခန်းက ပွင့်မလာခဲ့။မြကလေးစိတ်တွေလှုပ်ရှားစွာဖြင့် တံခါးကို အသာထပ်တွန်းကြည့်လိုက်သည်။အားအနည်းငယ်ထည့်၍ တွန်းလိုက်သောကြောင့်ထင်သည့် တံခါးကခပ်ဖြည်းဖြည်းပွင့်၍သွားလေသည်။တံခါးပွင့်သွားသည်နှင့် မြကလေးလည်းအချိန်ဆိုင်းမနေတော့ဘဲ လှေကားထစ်များကိုစမ်းတဝါးဝါးနင်း၍  အောက်သို့ ဆင်းသွားလိုက်သည်။လက်ထဲတွင် လက်နှိပ်မီးပါသော်လည်း ဘာမှန်းမသိသောအခြေအနေကိုစိုးရိမ်သောကြောင့် လက်နှိပ်မီးကိုမထွန်းဘဲ ဘေးနံရံများကိုသာစမ်း၍ဖြည်းဖြည်းချင်းလျှောက်ဝင်လာလိုက်သည်။မြကလေးအတွက်တော့ အမှောင်ထဲတွင်လမ်းလျှောက်ရခြင်းသည် သိပ်ပြီးအခက်အခဲမရှိလှ။သူမခံစားနေရသောမျက်လုံးရောဂါကြောင့် အမှောင်ထဲမှာသွားလာနိုင်ဖို့ကို သေချာလေ့ကျင့်ထားခဲ့သည်မဟုတ်ပါလား။
     မြေအောက်ခန်းသည် အိမ်မကြီးကဲ့သို့ သိပ်အကျယ်ကြီးမဟုတ်ဘဲအခန်းသုံးလေးခန်းသာရှိသောကြောင့် မြကလေးစိတ်မှန်းနှင့်လျှောက်လာခဲ့လိုက်သည်။

မြကလေးWhere stories live. Discover now