🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]
Ch 74
ဂုဏ်သတင်းကျော်စောလာခြင်း (၁)သို့နှင့်လယ်သမားမှာ စွေ့ချီချောင်း၏ ညွှန်ကြားချက်များအား ရွှေကဲ့သို့ တန်ဖိုးထားလျက် လိုက်နာခဲ့သည်။ ၀က်မမှာ ချက်ချင်း ပြန်ကောင်းမလာသဖြင့် သူက နယ်စား၏ နွားကျောင်းသမားထံမှ နွားနို့အနည်းငယ်ကို ချေးငှား၍ ရေနှင့်ရောကာ ၀က်ကလေးများကို တိုက်ကျွေးခဲ့သည်။
၀က်ကလေးများမှာ မွေးလာပြီးကတည်းက ၀၀လင်လင် မစားကြရသေးချေ။ သူတို့က ၀က်အမေကြီးထံမှ နို့စို့မည်ပြုတိုင်း အမေဖြစ်သူက သူတို့ကိုတွန်းထုတ်ခဲ့သည်။ ၀က်ကလေးများမှာ ထပ်ခါထပ်ခါကြိုးစားပါမှ နို့အနည်းငယ်ကိုသာ စို့နိုင်ခဲ့သည်။ သို့နှင့် လယ်သမားကြီးက တိုက်သောနွားနို့တချို့ကိုသာ သောက်နိုင်ခဲ့လေသည်။ လယ်သမားကြီး၏ဂရုစိုက်မှုအောက်တွင် ၀က်မကြီး၏ယောင်ယမ်းမှုမှာ တဖြည်းဖြည်း သက်သာလာခဲ့သည်။ ထို့အပြင် အာဟာရဓာတ်များလည်း လုံလုံလောက်လောက်ရရှိခဲ့ပြီဖြစ်၍ သူမ၏မိခင်စိတ်မှာ တဖန်နိုးကြားလာလျက် ၀က်ကလေးများ၏ အနားသို့သွားကာ နို့တိုက်ရန် ကြိုးစားလာတော့သည်။ ၀က်ကလေးများမှာ နွားနို့ကို အလျင်အမြန်စွန့်ပစ်ကာ မိခင်၏နို့ကိုအသည်းအသန် ၀ိုင်းစို့ကြတော့သည်။
"ငါတို့ နယ်စားအရှင်ကို ကျေးဇူးတင်ရမယ်… သူသာ ငါနဲ့အတူလိုက်ပြီး ၀က်ကလေးတွေကို မကြည့်ပေးခဲ့ဘူးဆိုရင် ၀က်မကြီးရော ၀က်ကလေးတွေပါ သေသွားခဲ့ကြမှာ…"
အစပိုင်းတွင် သူက ၀က်ကလေးများ အသက်ရှင်မည်လား မသေချာသလို မည်သူ့ထံမှ နွားနို့ကိုချေးရမည်ကိုလည်း မသိခဲ့ချေ။
သို့သော် နယ်စားက နှုတ်အသာဟလျက် ညွှန်ကြားလိုက်ရုံဖြင့် အခက်အခဲတစ်ခုလုံးမှာ ဖြေရှင်းပြီးသားဖြစ်သွားခဲ့သည်။ သူက စိတ်ကိုပိုင်းဖြတ်လျက် တစ်ပါးသူထံမှ နွားနို့အချို့ ချေးယူနိုင်ခဲ့ကာ နွားနို့အများအပြား မဖြုန်းတီးရသေးခင်မှာပင် ၀က်မမှာလည်း ပြန်သက်သာလာခဲ့သည်။
လယ်သမားမှာ ထိုအကြောင်းကို သူ၏အိမ်နီးချင်းများအား ဂုဏ်ယူလျက်ကြွား၀ါခဲ့လျှင် မနာလိုအားကျနေသော အိမ်နီးချင်းများမှာ လယ်သမား၏ ၀က်မအားလာရောက် ကြည့်ရှုကာ ထိကိုင်ခဲ့ကြသည်။ နယ်စားမှာ ၀က်ကလေးများကို မထိခဲ့သော်လည်း ကြည့်ရှုကာ ကုသရန်ညွှန်ကြားပေးခဲ့သေး၍ သူတို့အတွက်မူ ၄င်းမှာ နယ်စားထိခဲ့သည်နှင့် ညီမျှလေသည်။