အကျင့်ပါနေသော မျက်လုံးတွေက အလိုလိုပွင့်လာပြီမို့ ဒါဟာ မနက်ခြောက်နာရီဆိုတာ လင်းထင် အတပ်သိသည်။ သူကတော့ အကျင့်လုပ်ပေးသူဆီမှာ အကျင့်တွေပါခဲ့ပေမယ့် သူ့ရင်ခွင်ထဲကတစ်ယောက်ကတော့ နှစ်ခြိုက်စွာ အိပ်နေတုန်းပင်။
သူ့ခါးကိုမဖက်ဘဲ ရင်ခွင်ထဲ ခေါင်းချည်းတိုးကာ လက်နှစ်ဖက်ကို အရှေ့မှာ စုပြီး ပူးကာ ဒူးကိုကွေးပြီး ပုံမကျပန်းမကျ အိပ်နေပြန်သည်။ သူမြင်နေရသော ဘယ်ဖက်ပါးလေးကတော့ ညက cool pad ကပ်ထားပေမယ့် အနည်းငယ်တော့ ယောင်နေသေးသည်။
ရိပ် နဖူးကို လက်ခုံနှင့်ဖွဖွ စမ်းမိသည်။ ကိုယ်တော့မပူ။ ဒီရက်ပိုင်း ရိပ် ဂျူတီတွေဆက်တာကော၊ အလုပ်ကပြန်လာလာချင်း သူ့လက်စာမိသွားတဲ့အပြင် ပြီးဆုံးတဲ့ထိ ခရီးရောက်ခဲ့တာကော ပြီးတော့ ရေပန်းအောက်မှာလည်း အချိန်တစ်ခု ကြာခဲ့တာမို့ ဖျားမှာစိုးရသည်။ ကျောက ဒဏ်ရာတွေကလည်း ရှိသည်ကိုး။
မမနွယ် သူ့ကို သင်ပေးခဲ့တာတွေထဲမှာတော့ ဒီလို ပျော့ညံ့တဲ့ စိတ်ခံစားချက်တွေ သေချာပေါက်မပါခဲ့ဘူးပေါ့။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ မမနွယ်လို သူက မသန်မာပါ။ လွှမ်းမိုးချင်သည့်၊ ချုပ်ကိုင်ချင်သည့်တခြားတဖက်မှာ ကာကွယ်ပေးလိုခြင်းတွေ၊ ဂရုစိုက်လိုခြင်း၊ စောင့်ရှောက်လိုခြင်းတွေကလည်း အားကောင်းလှသည်ကိုး။
အတွေးထဲက မမနွယ်ကို ဖယ်လိုက်သလို ရိပ်နဖူးပေါ်က သူ့လက်ကိုလည်း ဖယ်လိုက်သည်။ တစ်ကယ်တော့ သူက ဒီလို 24/7 contract တွေ သိပ်လုပ်လေ့မရှိပါ။ အများအားဖြင့် Date ပြီး play တာမျိုးလောက်ပဲ လုပ်ဖြစ်သည်။ တစ်ယောက်ယောက်ကို အနားမှာထားမိရင် အဲဒီလူရဲ့ အရာရာကိုပါ ပူပန်ပြီး လိုက်ကာကွယ်ဖြည့်ဆည်းတတ်သောသူက တခါတလေမှာလည်း သနားတတ်သေးသည်။
ညတုန်းကလည်း ရိပ်ကို သေချာလေးဆုံးမဖို့ ရည်ရွယ်ထားပေမယ့် သူ့ရှေ့မှာ သေချာလေး အပြစ်ခံယူရင်း ငြိမ်သက်နေသော နာခံသော ရိပ်ကို သူသနားသွားသည်။ သူ့ခါးပတ်စာမိထားတဲ့ အစင်းရာတွေထနေသော ရိပ်ကျောပြင်မှာ သူထပ်ပြီး အလှဆင်ချင်သေးပေမယ့် သူရပ်လိုက်သည်။ ရိပ်ဟာ Safeward ကို အော်မည်မဟုတ်တာ သူသိသည်။ ရိပ်နှင့်သူ on line မှာသိတုန်းက ရိပ်က သူ့ကို စကားတွေ အများကြီးပြောဖူးသည်မို့ ရိပ် ဘယ်လောက်ခေါင်းမာလဲ သူနားလည်သည်။ ဆက်ရိုက်လျှင် ဒီကလေးမ လဲသွားနိုင်သည်။ သူ့ရည်ရွယ်ချက်က နာခံစေဖို့၊ အပြစ်လုပ်လျှင် အပြစ်ပေးဖို့၊ လိမ္မာလျှင် ဆုပေးဖို့ပင်။ ထိခိုက်သည်အထိ နှိပ်စက်သည့်ခေါင်းစဉ်အောက် သူမသွားချင်။
