အပိုင်း (၁)
လူရမ်းကားများက ကြောက်ဖို့မကောင်း။ ကြောက်ဖို့ကောင်းသည်မှာ စာတတ်သော လူရမ်းကားများပင် ဖြစ်သည်။
ဆရာစွင်းက သူ့၏ လိမ်ကောက်ကောက်မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး စုတ်တံကို ဝှေ့ယမ်းလို့နေသည်။ စိမ်းပြာရောင်ဝတ်ရုံအောက်ရှိ သူ့ခြေထောက်ပိန်ပိန်များက စားပွဲခုံခြေထောက်ကို ဝင်တိုက်နေလျက် လျော်ကန်သောစာစုတစ်ခုက သူ့စိတ်ထဲ ဖြတ်ခနဲ ပေါ်လာ၏။ ဤစာသားကိုသာ ကျန်းနန် အချမ်းသာဆုံးမိသားစု အတ္ထုပတ္တိ၏ ရှေ့ဆုံးတွင်ထား၍ရေးလိုက်ပါက ပြီးပြည့်စုံသည့် အနှစ်ချုပ်တစ်ခု ဖြစ်သွားလိမ့်မည်ဟု သူ တွေးတောလိုက်သည်။
သို့သည့်တိုင်၊ စားပွဲပေါ်ရှိ တဖိတ်ဖိတ်တောက်နေသော ရွှေတုံးများကို လှမ်းကြည့်လိုက်ပြီး သူ့၏ တောင်လိုပုံနေသော လောင်းကစားအကြွေးများကို ပြန်စဉ်းစားမိသောအခါ သူ စာပေသမားတစ်ယောက်၏ ရိုးသားဖြောင့်မတ်သော သမာဓိတို့ကို ဝေးဝေးသို့ လွှင့်ပစ်လိုက်လေတော့သည်။
သူ့အကြည့်များက အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည့် ပုံရိပ်တစ်ခုဆီ ရောက်သွားသည်။ ၎င်းက လက်နောက်ပစ်ထားလျက် ရင့်ကျက်ဟန်ဆောင်နေသော ခပ်ပြည့်ပြည့်လူငယ်လေးတစ်ယောက် ဖြစ်သည်။ ထိုလူငယ်လေးမှာ အပေါ်ယံတွင် ယဉ်ကျေးသိမ်မွေ့ချင်ယောင်ဆောင်လျက် သူ့အခန်းထဲရှိ လက်ရေးလှစာများကို ရှုစားနေကာ ခေါင်းညိမ့်လိုက်၊ "ဟမ်း" "အင်း" စသည့်ဖြင့် သဘောတူထောက်ခံသည့်အသံများ ထွက်လာလိုက်၊ လေးစားစွာဖြင့် ကျစ်ခနဲ လျှာခေါက်လိုက် ရှိလေသည်။
ဆရာစွင်းနဖူးထက် ချွေးအေးများ သီးလာသည်။
သူ လောင်းကစား စွဲကတည်းက သူ့အိမ်ရှိ တန်ဖိုးရှိတာမှန်သမျှ အကုန် ထုတ်ရောင်းခဲ့ရပြီးဖြစ်သည်။ လက်ရေးလှစာ အစစ်ဟူ၍ တစ်ခုမှပင် မကျန်တော့ပေ။ အားလုံးက သူ့ဘာသာ ကူးယူထားသော အတုများဖြစ်သည်။ မဆိုစလောက်မျှ အမြင်ရှိသူတိုင်း အတုမှန်း သိနိုင်၏။ သို့သော် ဒီအသုံးမကျသည့် ဒုတိယမျိုးဆက်ကလေးမှာမူ လူရမ်းကားမိသားစု၌ ပျိုးထောင်ခံလာရသူ ပီသပါပေသည်။ သူနှင့်ပတ်သက်သည့် ပျင်းရိကြောင်း၊ အသုံးမကျကြောင်း၊ အသိဉာဏ်မရှိ မိုက်မဲကြောင်း ကောလဟာလများက အတုအယောင် မဟုတ်သည့်တိုင် နှမြောစရာက သူသည် မိမိ၏ သူဌေးအကြီးစားကြီး ဖြစ်နေသဖြင့် သူ့ကို အပြစ်ပြုဖို့ မတတ်နိုင်ပါချေ။
YOU ARE READING
မက်မွန်ပန်းတွေပွင့်လို့ဝေတိတ်တဆိတ်ဝမ်းနည်းနေ
Historical Fictionဘာသာပြန် by Legacy Novel Translation