အပိုင်း (၁၇)ရှောင်းပေါင် ဒီမှာနေနေတာ ၄၊ ၅ ရက်မျှ ရှိပြီဖြစ်သော်လည်း ဤအိမ်အပြင်ဘက်က မည်သို့ရှိမှန်း သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
သူ့၏ ဝင့်ကြွားထည်ဝါသော ကျင်းစံအိမ်နှင့်ယှဉ်လျှင်တော့ အနည်းငယ် အရောင်အသွေးဖျော့တော့သော်လည်း အဆောင်ငယ်များနှင့် အိမ်ဆောင်များက အသေးစိတ်ကျကျနှင့် ခမ်းနားပြီး ဟွိုင်အန်း၏ သီးသန့်ဆန်သော အရှိန်အဝါပုံစံကို ပြန်သတိရမိစေသည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်။
ယို့ယင်က သူ့ကိုခေါ်လာသောအခါ ရှောင်းပေါင် ရုတ်တရက် မေးလိုက်သည်။
"မင်းတို့သခင်လေးရော?"
"သခင်လေးက...."
ယို့ယင်က စကားလုံးများကို ဂရုတစိုက်ရွေးခြယ်နေသည်။
"ပြန်သွားပါပြီ"
"ဘယ်ကိုပြန်သွားတာလဲ"
"သခင်လေးကျင်း သိလို့အဆင်မပြေပါဘူး"
ယို့ယင်က အေးတိအေးစက်ပြန်ဖြေသည်။
ရှောင်းပေါင်က နောက်မှနေ သူ့ကို စိုက်ကြည့်နေ၏။
"မင်းတို့သခင်လေးက တကယ်တမ်း ဘယ်သူလဲ"
ယို့ယင်က သူ့ကိုလှည့်ကြည့်လာသည့်တိုင် တိတ်ဆိတ်နေဆဲ။
ဒါလည်း သိလို့အဆင်မပြေဘူးပေါ့လေ၊ ဟမ့်။
ရှောင်းပေါင်လည်း တိတ်ကျသွားပြီး စိတ်ထဲမှ တွေးလိုက်သည်။ ပြန်ရောက်ရင် သိုင်းလောက နံပါတ်တစ် အချက်အလက်ပေး သတင်းသမားဆီ သွားမယ်၊ ငွေစသုံးလေးသောင်းလောက် ပစ်ပေးပြီး မင်းရဲ့ဘိုးဘေးဘီဘင်ခုနစ်ဆက်ရှစ်ဆက်လောက်အထိ အကုန်တူးထုတ်ပစ်မယ်ကွ။
ထိုမိစ္ဆာလေးက တကယ်တမ်း ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ သူ့ကိုသွားပြဿနာရှာလို့ရမရ၊ ဘယ်အဆင့်လောက်အထိ ပြဿနာရှာနိုင်ကြောင်း သိပြီးသည်နှင့် သူ ဖြည်းဖြည်းချင်း လက်စားချေဖို့အကြံအစည်ကြီးကို စီစဉ်မည်။ သူ့ဘွားအေပဲ၊ ပြဿနာရှာလို့ ရရ မရရ လောင်ဇီကတော့ ရှာမှာပဲကွာ။ ဒါကဖြင့် ကျင်းချန်ဂိုဏ်း သခင်လေးရဲ့ ရွှေဖင်တုံးလေးကွ။ မင်းမေတဲ့မှ ဒါကို ပျားတူအုံထင်နေလား။ ထိုးလိုက်ပြီး ထွက်ပြေးရုံနဲ့ လောကကြီး အေးချမ်းသွားမယ်ပေါ့လေ? လောင်ဇီ မင်းကိုလုပ်သတ်မှာကို ကြည့်နေလိုက်။
YOU ARE READING
မက်မွန်ပန်းတွေပွင့်လို့ဝေတိတ်တဆိတ်ဝမ်းနည်းနေ
Historical Fictionဘာသာပြန် by Legacy Novel Translation