Chapter 8

34 4 0
                                    


အပိုင်း (၈)

ရှောင်းပေါင် တံတွေးမျိုချလိုက်ပြီး မျက်နှာလေးရှုံ့မဲ့သွားကာ နောက်လှည့်၍ ဒူးထောက်ဦးညွှတ်လိုက်သည်။
"ရှန့်မင်းသားခင်ဗျာ၊ မင်းသား ဒီနေ့ ဒီမှာရှိနေမယ်လို့ ကျွန်တော်မျိုး မသိခဲ့ပါဘူး၊ တောင်းပန်ပါတယ် တောင်းပန်ပါတယ်"
ယခင်က ရှန့်မင်းသားအိမ်တော်၌ ကုန်သွယ်ရေးအစည်းအဝေး ကျင်းပစဉ်က သူလည်း သူ့အဖေနှင့်အတူ လိုက်သွားဖူးသည်။ ထိုစဉ်က သူ အသက် ဆယ့်ငါးဆယ့်ခြောက်မျှသာ ရှိသေး၏။ ရှန့်မင်းသားသည် အမြင့်တွင်ရှိ‌သည့် အထက်တန်းလွှာကလူ ဖြစ်သဖြင့် သူ့ကို ဘယ်တော့မှ အရေးတယူရှိလာမည်မဟုတ်ပေ။ ထိုစဉ်တုန်းက သူ ထင်ခဲ့မိသည်၊ ဒီမင်းသားက သူရဲကောင်းဆန်ဆန်နှင့် အထင်ကြီးစရာကောင်းကာ သူ့ဘေးရှိ ကိုယ်လုပ်တော်များကလည်း တအားလှပြီး ဆွဲဆောင်မှုရှိလေသည်။ သူ ဒီမင်းသားကို စံပြပုဂ္ဂိုလ်အဖြစ်ထားလုနီးပါးပင်။ ယခုမူ တစ်ချိန်က ရိုသေကြောက်ရွံ့ရသော မင်းသားမှာ သူ့ဘက်ကအရင် မိမိထံသို့ စကားစပြောလာပါသော်လည်း သူ နည်းနည်းလေးမှ မပျော်ရွှင်မိ၊ ကောင်းမွန်သည့်ကိစ္စတော့မဟုတ်လောက်ဟုသာ ထင်နေမိသည်။
သေချာပေါက်ပင်၊ "ယဉ်ကျေးနေစရာမလိုပါဘူး" ဟူသည့် ခပ်ဖွဖွအသံအဆုံး၌ ရှန့်မင်းသား၏အကြည့်များက သူ့ထံ၌ ခဏလေးပင် ရပ်မသွားဘဲ ထိုအစား ဟွိုင်အန်းအနားတွင်သာ တဝဲလည်လည်ဖြစ်နေသည်။
ရှောင်းပေါင် စိတ်ထဲမှနေ နှာဘူးကြီး ဟု ကျိန်ဆဲလိုက်သည်။ အပေါ်ယံမှာတော့ သူ့ကိုတည့်တည့်ပင်မကြည့်သည့် မင်းသားနှင့် အလ္လာပသလ္လာပများ ပြောနေရ၏။
ရှန့်မင်းသားက စကားခေါင်းစဉ်ကို ‌ဟွိုင်အန်းထံ လှည့်လာဖို့ သိပ်မကြာလိုက်ချေ။
"သခင်လေးကျင်း၊ ဒီရက်ပိုင်းအတွင်း စူးကျိုးမှာ ကောလဟာလတွေ ပျံ့နေတယ်နော်၊ သခင်လေးကျင်းက ဘယ်ကနေမှန်းမသိ အလှလေးတစ်ယောက် ခေါ်လာခဲ့တယ်တဲ့လေ၊ ဒီမင်းသားရှိတဲ့ ချင့်ကျိုးထိတောင် စကားတွေပျံ့လာပါရောလား၊ ဒီမင်းသား ဒီတစ်ခေါက် ညတွင်းချင်း ဒီကိုခရီးနှင်လာရတာက၊ နံပါတ်တစ်၊ ဒီရှီယွဲ့ပြဇာတ်အဖွဲ့ရဲ့ နောက်ဆုံးဖျော်ဖြေမှုအတွက်၊ ဒုတိယကတော့ ဒီဂန္တဝင်ထဲကအလှလေးကို တစ်ချက်လောက် ရှုစားချင်လို့ပါပဲ"
ရှောင်းပေါင် အနိုင်နိုင်ပြုံးလိုက်ရင်း...
"မင်းသားအတွက် ရယ်စရာဖြစ်ရပါပြီခင်ဗျာ၊ ကျွန်တော်မျိုး အဲဒီတုန်းက အလုပ်ကိစ္စနဲ့ မြို့ပြင်ထွက်လာတုန်း မိန်းကလေးကျန့် ဓားပြတွေဆီက နှောင့်ယှက်ခံနေရတာနဲ့ သွားတိုးတာပါပဲ၊ အဲဒါနဲ့ ကျွန်တော်မျိုး နှစ်ခါပြန်မတွေးဘဲ သူ့ကိုကယ်လာခဲ့တာပါ၊ မိန်းကလေးကျန့်မှာ တော်တော်လေးလန့်သွားတာမို့ စူးကျိုးမှာ ရက်နည်းနည်းလောက် အနားယူနေတာ၊ ကျွန်တော်မျိုး မကြာခင်ပဲ သူ့ကို အိမ်ပြန်လိုက်ပို့ပေးဖို့ စီစဉ်ထားပါတယ်"
"အို? မိန်းကလေးကျန့်ရဲ့အိမ်က ဘယ်မှာများလဲမသိ၊ ဒီမင်းသားလည်း စူးကျိုးမှာ သုံးလေးရက်လောက် နေဦးမှာလေ၊ လမ်းသင့်ရင် ဒီမင်းသားက မိန်းကလေးကျန့်ကို ပြန်လိုက်ပို့ပေးချင်ပါတယ်"
ရှန့်မင်းသားက ပြောသည်။ သူ့စကားက ပရော်ပရီအရိပ်အငွေ့များ ပြည့်နေလျက်။ ရှောင်းပေါင် မုန်းတီးစွာဖြင့် အံကျိတ်လိုက်သည်။
"မရဲပါဘူးဗျာ၊ ကျွန်တော်မျိုးဖြင့် မင်းသားကို ဒုက္ခမပေးရဲပါဘူး၊ မိန်းကလေးကျန့်ကို ကျွန်တော်မျိုး ကိုယ်တိုင်ကိုယ်ကျ ပြန်လိုက်ပို့ပေးမှာပါ၊ ကိစ္စတစ်ခုကိုလုပ်ရင် အဆုံးထိလုပ်ရမယ်လို့ အိမ်ကအဖေက ကျွန်တော်မျိုးကိုသင်ထားပါတယ်"
"သည်လိုဆိုရင်တော့ ဒီမင်းသား ဆက်ဖိအားမပေးတော့ပါဘူး၊ မိန်းကလေးကျန့်က ရုပ်ရည်တင်မက ကိုယ်ဟန်အမူအရာကပါ ယဉ်ကျေးပြီး ကျက်သရေရှိလှတယ်၊ သေချာပေါက် ပညာရှင်မိသားစုကပဲ ဖြစ်လိမ့်မယ်၊ ဒီမင်းသားက စစ်သည်ဆိုပေမယ့် မကြာမကြာ ယဉ်ကျေးမှုရသတွေထဲ မွေ့လျော်လေ့ရှိပါတယ်၊ မိန်းကလေးကျန့် ဒီည ဒီမင်းသားနဲ့ အဖော်ပြုလို့ သေရည်သောက်ပေးနိုင်မလားမသိဘူး၊ ဒီမင်းသားရဲ့ စူးကျိုးမှာရှိတဲ့အိမ်တော်က ဒီကနေ သိပ်မဝေးပါဘူး"
ရှန့်မင်းသားက တင့်တယ်စွာဖြင့် လက်လှမ်းလာကာ မျက်လုံးများက တောက်ပနေလျက် အကြည့်များက ဟွိုင်အန်းအပေါ် မြဲမြံနေသည်။ ဟွိုင်အန်းကမူ အစမှအ‌ဆုံးအထိ အေးစက်စက်သာနေ၏။
"ရှန့်..ရှန့်မင်းသား၊ ဒါကတော့ မသင့်တော်မှာစိုးပါတယ်ဗျ၊ မိန်းကလေးကျန့် ကြုံတွေ့လာရတာ မနည်းတာမို့ သေချာအနားယူဖို့လို..."
ရှန့်မင်းသားက မျက်ခုံးဖွဖွပင့်၍ ဖျပ်ခနဲတစ်ချက်ကြည့်လာသောအခါတွင် ရှောင်းပေါင် ကြောက်လန့်ကာ ချက်ချင်း ပါးစပ်ပိတ်သွားသည်။
ဟွိုင်အန်းက ရှောင်းပေါင်အား အသုံးမကျတဲ့ကောင် ဟု စိတ်ထဲမှကျိန်ဆဲလိုက်ပြီး ကျုံးကျန့်လီဟန့်ကို အေးစက်စက်ကြည့်လိုက်သည်။ ဒီလူ ဘာလှည့်ကွက်တွေထုတ်နေလဲမသိရ။ သူ တည်ငြိမ်စွာ ပြောလိုက်၏။
"မင်းသားရဲ့စေတနာကို ကျေးဇူးတင်ပါတယ်၊ ကျွန်မ တကယ် ပင်ပန်းနေလို့ အခုပဲ ပြန်ပြီး နားချင်နေပါပြီ"
"ပင်ပန်းနေပြီလား၊ ဒါဖြင့်အတော်ပဲ၊ ဒီမင်းသားရဲ့အိမ်က ဒီကနေ မိန်းကလေးကျန့် နေတဲ့ တည်းခိုဆောင်ထက် ပိုနီးတယ်၊ မဟုတ်လည်း မိန်းကလေးကျန့် နီးတဲ့နေရာမှာပဲ...."
ရှောင်းပေါင်မှာ ရှန့်မင်းသားအား တစ်ပါးသူ၏အချစ်ကို လုယူပြီး သူများက နေတဲ့နေရာကိုတောင် လိုက်စုံစမ်းထားသည်အထိ အရှက်မရှိလိုက်လေခြင်း၊ ပြင်ဆင်လာသည်မှာ သိသာပြီး သေအောင် အရှက်မရှိသည့်လူဟု စိတ်ထဲမှနေ ကြိမ်းမောင်းပြစ်တင်လိုက်သည်။ သူ သည်းမခံနိုင်တော့ပေ၊ မိမိအပြစ်ပြုနေသည်မှာ မင်းသားဖြစ်ကြောင်းကိုလည်း ဂရုမစိုက်တော့ဘဲ သူ လွှတ်ခနဲပြောလိုက်သည်။
"ရှန့်မင်းသားခင်ဗျာ၊ ဒါက မသင့်တော်မှာစိုးပါတယ်၊ မိန်းကလေးကျန့်နဲ့ ကျွန်တော်မျိုးတို့က နှစ်ဦးသဘောတူ ချစ်ခင်စုံမက်နေကြပြီး အစောကတည်းက ရိုးမြေကျပေါင်းဖက်ဖို့ ကတိပြုထားခဲ့ပြီးပါပြီ၊ ကျွန်တော်မျိုးဘက်က လူသိရှင်ကြား တရားဝင်ခွင့်ပန်လာမှာကို စောင့်နေရုံတင်ပါ၊ လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်က မင်းသားအိမ်တော်မှာ လက်လွတ်စပယ် နားနေဖို့က မိန်းကလေးကျန့်ရဲ့ဂုဏ်သိက္ခာလည်း ညစ်နွမ်းရမှာဖြစ်သလို မင်းသားရဲ့နာမည်ဂုဏ်သတင်းလည်း ထိခိုက်ပါလိမ့်မယ်"
တစ်ခဏချင်းအတွင်းမှာ ပတ်ဝန်းကျင်အပူချိန်က သုညအောက် လျော့ကျသွားပြီး အနားတွင်ရှိနေကြသူတိုင်း အသက်ကျယ်ကျယ်မရှူရဲကြချေ။ ဘေးမှကြည့်နေကြသူများမှာ ထိတ်လန့်စွာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိကြတော့။ ဟွိုင်အန်းက နှုတ်ခမ်းများတင်းတင်းစေ့ထားလျက် ဒေါသများကို ထိန်းချုပ်ထားပြီး ရှန့်မင်းသား၏မျက်နှာအမူအရာက မုန်တိုင်းကျရောက်တော့မည့်ဟန်ပေါ်နေသည်။ တစ်ဖက်တွင်မူ ရှောင်းပေါင်မှာ ချက်ချင်း သတိဝင်လာပြီး ရေခဲရေထဲနစ်သွားသလို ခံစားလိုက်ရကာ သူ့စိတ်လိုက်မာန်ပါစကားများ၏ ဆွဲငင်အားကို သတိပြုမိသွားသည်။
ဘယ်လိုလုပ်ရပါ့မလဲ၊ ဘယ်လိုလုပ်ရပါ့မလဲ၊ ဘယ်လိုလုပ်ရပါ့မလဲ— ရှန့်မင်းသားကို စော်ကားမိသွားရင် ဘယ်လိုလုပ်ရပါ့မလဲ။ ရှန့်မင်းသားသည် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ကို ယင်ကောင်လေးတစ်ကောင်လို ချေမွှပစ်နိုင်သည်။ သူ သေသွားပြီးနောက်တွင်ပင် သူ့မိသားစုက သူ့အစား လက်‌စားချေပေးနိုင်မည့်အာဏာ ရှိမည်မဟုတ်ချေ။
ရှောင်းပေါင်ရာ ရှောင်းပေါင်၊ မင်း ဒီလောက်ကြီးတဲ့သတ္တိတွေ ဘယ်ကချေးလာခဲ့တာလဲ ဟမ်။ မုသန်းပန်းလေးအောက်မှာ သေရခြင်းက ကဗျာဆန်ဆန်အဆုံးသတ်လေးတစ်ခု ဖြစ်လိမ့်မည်ဟု သူ အမြဲယုံကြည်ခဲ့သော်လည်း သူ့ကိုဂရုမစိုက်သည့် မိန်းကလေးတစ်ယောက်အတွက် အမှန်တကယ် သေပေးရခြင်းက ဘယ်လိုမှ မတန်ပုံပေါ်သည်။ အလှလေးတစ်ယောက်ကို ဆုံးရှုံးသွားပြီးရင် လောကကြီးမှာ အခြားအလှလေးတွေ သိန်းသန်းချီ ကျန်နေသေးသည်လေ...
...ဒါပေမယ့် ဒီအလှလေးက တအားတအားလှတာကို...
လှတာက ဘာလုပ်လို့ရမှာလဲ။ သူမက ဒီလောက်ကြမ်းတမ်းတာ၊ အကြည့်နဲ့တင် လူသတ်နိုင်တယ်၊ အမြဲတမ်း သူ့ကို ထိုးကြိတ်လိုက်ကန်ကျောက်လိုက်နဲ့၊ အကုန်လုံးက အတည်ပေါက် လုပ်တာကြီး။
ဒါပေမယ့် သူမရဲ့ ခက်ထန်တဲ့စရိုက်လေးကလည်း သိပ်ဆွဲဆောင်မှုရှိတာ၊ သိပ်ညို့ဓာတ်ပြင်းတာကို။
ဒါပေမယ့် သူ သူမကို တကယ်ကြီး လက်ထပ်လိုက်ရင် ကောင်မလေးတွေနဲ့ လိုက်အီစီကလီရိုက်လို့ရမှာမဟုတ်တော့ဘူး၊ သူ အရှင်လတ်လတ်ကြီး အသေရိုက်သတ်ခံရမှာ။
ဒါပေမယ့် ဒီလိုနတ်မိမယ်အလှလေးကို ပိုင်ဆိုင်ထားရရင် တခြား ဘာများတောင်းဆိုရဦးမှာတဲ့လဲ။
ဒါပေမယ့် သူက ဘယ်လိုလုပ် ရှန့်မင်းသားနဲ့ ယှဉ်နိုင်ပါ့မလဲ။
ဒါပေမယ့် သူက သူမကို တကယ်သဘောကျတာ၊ တခြားဘယ်သူနဲ့မှမတူတဲ့ပုံစံ၊ တခြားဘယ်မိန်းမလှလေးတွေနဲ့မှမတူတဲ့ပုံစံမျိုး။
ဒါပေမယ့်...
ဒါပေမယ့်...
ရှောင်းပေါင် စိတ်ထဲ ထိုအတွေးများ အားပြိုင်နေပြီး ကြမ်းတမ်းသည့်တိုက်ပွဲတစ်ခု ဖြစ်ပွားနေစဉ် နောက်ဆုံးတော့ ရှန့်မင်းသားက ပြောလာသည်။
"သည်လိုဆိုတော့ ဒီမင်းသား အတင်းမတိုက်တွန်းတော့ပါဘူး၊ မိန်းကလေးကျန့် ကိုယ့်ကိုက်ိုဂရုစိုက်ပါ၊ သခင်လေးကျင်းနဲ့ မိန်းကလေးကျန့်တို့ ထာဝရပေါင်းဖက်နိုင်အောင် ကြိုဆုတောင်းဂုဏ်ပြုပေးလိုက်ပါတယ်လေ"
ထိုသို့ဖြင့် သူ ဝတ်ရုံလက်ကို ခါယမ်းကာ ထွက်သွားတော့သည်။
ကိစ္စက ဖြေရှင်းပြီးသွားပုံပေါ်သော်လည်း ရှောင်းပေါင်မှာ ချွေးအေးများပြန်လျက် ကျန်ရစ်ခဲ့ပြီး အနာဂတ်အတွက် နက်နက်နဲနဲ စိုးရိမ်နေရသည်။ သို့သော် သူ့ဇနီးလေးကို တခြားတစ်ယောက်ဆီ ပေးလိုက်ဖို့က သူ လုံးဝလုံးဝ လက်မခံနိုင်သည့်အတွေးပင်။
ဟွိုင်အန်းက တစ်ဖက်လှည့်ကာ မြင်းလှည်းပေါ်တက်လိုက်သည်။ သူ ထိုင်ဖုံအောက်သို့လှမ်းစမ်းလိုက်သောအခါ ကျွော်ယင် သူ့အတွက် ထားပေးထားသည့်နေရာ၌ သူ့ဓားကို အတိအကျတွေ့လိုက်ရသည်။
ဓားနှောင့်ကို ခပ်ဖွဖွဆုပ်ထားရင်း ဟွိုင်အန်း၏မျက်ဝန်းများက ခပ်နက်နက်အလင်းတန်းတစ်ခု ဖြတ်ခနဲလက်သွားပြီး စိတ်ဆုံးဖြတ်ထားမှုများ ထင်ဟပ်နေသည်။
ကျုံးကျန့်လီဟန့်က မိမိကို သူ့အိမ်တော်ဆီ ဖိတ်ခေါ်လာပြီး ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်လိုက်သည်ကို နားလည်သွားလေသည်။ သို့ဆိုလျှင် လမ်းတစ်ဝက်တွင် သေချာပေါက် အကြမ်းနည်းဖြငိ့ လုလိမ့်မည်ဖြစ်သည်။ မြေခွေးအိုကြီးက အလုပ်လုပ်ရာတွင် အညှာအတာမရှိချေ၊ ကျွော်ယင်ဘက်က ဒီလောက်အချိန်တိုလေးအတွင်း လူအင်အားဘယ်နှယောက် လွှတ်ပေးလာနိုင်မည်ကိုလည်း မသိရချေ။
ဒီတစ်ခေါက် သူ့ဒဏ်ရာများ မပျောက်သေးတာကတင် အလွန်အန္တရာယ်များနေပြီဖြစ်သည်။ ထို့အပြင် ကျင်းရှောင်းပေါင် မထိခိုက်အောင်လည်း သူကာကွယ်ရဦးမည်။
ဟွိုင်အန်း မြင်းလှည်းခန်းဆီးကို မ,ကာ အမိန့်ပေးလိုက်သည်။
"လှည်းရပ်"
မြင်းလှည်းဆရာက နာခံစွာ ရပ်လိုက်သည်။
မြင်းစီးနေသော ရှောင်းပေါင်က လှည့်ကြည့်လာ၏။
"မိန်းကလေးကျန့်၊ ဘာဖြစ်လို့လဲဟင်"
"ငါ့ကို မြင်းပေးလိုက်၊ မြင်းလှည်းကို ‌မင်းပြန်ယူသွား"
"ဘာလဲဟင်၊ ဘာလို့လဲ"
ဟွိုင်အန်း သူ့ကို ရှင်းပြချင်စိတ်ရှိမနေတော့။ သူက လက်တစ်ဖက်ဖြင့် ရှောင်းပေါင်၏ အကျီလည်ပင်းစကို အလျင်အမြန်ဖမ်းကာ သူ့ကို လှည်းထဲပစ်ထည့်လိုက်သည်။ ထို့နောက် မြင်းကို ခိုင်ခိုင်မာမာ ကိုင်လိုက်၏။ သူ့လှုပ်ရှားမှုများက ရှောရှောရှူရှူရှိကာ တင့်တယ်လို့နေသည်။
မူလက အပစ်ခံလိုက်ရသဖြင့် ခွေခေါက်သွားသော ရှောင်းပေါင်သည် သူ သူမအား ဘာတွေများ စော်ကားမိသည်ကို အသည်းအသန်နားလည်ဖို့ကြိုးစားနေရှာသည်။ သု ကုန်းထနိုင်လာသောအခါ ဟွိုင်အန်းက မြင်းအား ဇက်ကုန်ဖွင့်၍နှင်သွားသည်ကို တွေ့လိုက်ရ၏။
"မိန်းကလေးကျန့်! မိန်းကလေးကျန့်!!"
သူ့၏ အနာဂတ်ဇနီးလောင်းလေးက မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားသည်ကို ကြည့်နေရသည်မှာ ဘယ်ယောင်္ကျားကိုမဆို ပြိုလဲလုနီးပါး ဖြစ်သွားစေနိုင်သည်။ ရှောင်းပေါင်မှာ ဒေါသထွက်သလို စိတ်လည်းပူနေပြီး နေရာတွင်ပင် ခြေဆောင့်လိုက်၏။
"ကျောင်းချိုင်ကျင့်ပေါင်!"
"သခင်လေး"
"သူ့နောက်လိုက်ချေ၊ အခုသွား!"
ကျောင်းချိုင်မှာ အကြပ်ရိုက်နေပုံဖြင့် ဟွိုင်အန်းပျောက်ကွယ်သွားသော အရပ်မျက်နှာဆီသို့ ကြည့်လိုက်သည်။
"သခင်လေး၊ သူ့အရိပ်အယောင်ကို လုံးဝမမြင်ရတော့ဘူးဗျ၊ ကျွန်တော်တို့ ဘယ်ကနေ‌ဘယ်လို စလိုက်ရမှာတုန်း"
"မင်း သူ့နောက် လိုက်သင့်နေပြီကို စကားပြောပြီး အချိန်ဖြုန်းနေသေးတယ်"
"သခင်လေး၊ သခင်လေးရဲ့ အဲဒီဟုန်ယွင်က အဖိုးမဖြတ်နိုင်တဲ့မြင်းကောင်းဗျ၊ စကားတစ်လုံးပြောလိုက်တဲ့အချိန်အတွင်း လီပေါင်းထောင်ချီ ရောက်သွားနိုင်တယ်၊ ကျွန်တော်တို့ မိုးပေါ်ပျံသွားတာမှ မဟုတ်ရင် ဘယ်လိုမြင်းမျိုးနဲ့ အမှီလိုက်နိုင်မှာလဲ"
ရှောင်းပေါင် စိတ်ရှုပ်စွာဖြင့် သူ့ကို ကန်လိုက်သည်။ သို့သော် သူ့စကားများက အမှန်ဖြစ်မှန်း သူသိပါ၏။ ထိုဟုန်ယွင်မြင်းကို သူ ငွေစ ၂ သိန်းသုံး၍ ဝယ်ခဲ့ရခြင်းဖြစ်သည်။ ၎င်း၏အမြန်နှုန်းက အတုမရှိဘဲ ဘယ်မြင်းမှမယှဉ်နိုင်ချေ။ ရလာဒ်မှာတော့ သူ ၎င်းကို ဝယ်လိုက်ပြီးနောက် မိမိ၏ ညံ့ဖျင်းသောမြင်းစီးအတတ်နှင့် ကြောက်တတ်မှုတို့ကြောင့် ဘယ်တုန်းကမှ ၎င်း၏အရှိန်ကို အပြည့်အဝ မခံစားရဲခဲ့ပေ။ ဒီကိစ္စက မြင်းကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ဒီမြင်းကို အခြားလူသာ ထိလိုက်ပါက ဒီဟုန်ယွင်မြင်းသည် အသက်လုနေသကဲ့သို့ပင် ပြေးကာ ပြေးလေလေ စိတ်လှုပ်ရှားလေလေဖြစ်လာလိမ့်မည်ဟု မြင်းဘေးရှိ မြင်းထိန်းက သူ့ကိုပြောရသည်အထိပင်။
ဤမျှအရိုင်းဆန်သောမြင်းနှင့် ဤမျှအဆင်အခြင်မဲ့သော စီးနင်းသူတို့ ပေါင်းစပ်လိုက်သောအခါတွင်မူ လိုက်မှီဖို့ မဖြစ်နိုင်ပါတော့ချေ။
ရှောင်းပေါင်မှာ ဒီနေ့ သူ ကြွားချင်ဇောဖြင့် ဟုန်ယွင်အား ထုတ်စီးလာဖို့ ဆုံးဖြတ်ခဲ့သည်ကို နောင်တရမိရသည်။ တကယ်သေသင့်တယ်!! ဇနီးလေးကလည်း ပျောက်သွားပြီး!! ဒီလိုလရောင်အောက် ပန်းကလေးတွေရှေ့ သူမက ဘယ်သူနဲ့သွားတွေ့နေမှန်းလည်းမသိဘူး!! တကယ်စိတ်တိုလို့သေတော့မယ် အားအားအား!!!
ရှောင်းပေါင်က ကောင်းကင်ကြီးထံ အော်ဟစ်လိုက်ပြီး လီအတော်ဝေးဝေးရှိ ငှက်များတိရစ္ဆာန်များအား ပြေးပုန်းရသည်အထိ လန့်သွားစေသည်။
ထို့နောက် မိုးကြိုးပစ်လိုက်သကဲ့သို့ သူ အကြံတစ်ခုရလာသည်။
"ကျင့်ပေါင်၊ အိမ်တော်ကိုပြန်ပြီး အဲဒီ ခြေရာခံလိုက်တတ်တဲ့လူကို သွားခေါ်လာခဲ့၊ သူ့နာမည်က ဘာတဲ့ ဘာတဲ့..."
"ဝူးယင်ကွိုက်မော့လု"
"အေးအေး အဲဒီတစ်ယောက်၊ သူက သူ့ကိုယ်သူ တော်လှပါချည်ရဲ့လို့ အမြဲပြောနေတာမဟုတ်လား၊ တစ်နေ့လုံး ငါတို့အိမ်မှာ အလကားစားသောက်နေပြီး‌၊ သူ့တန်ဖိုးကို သက်သေပြသင့်ပြီလေ၊ သူ့ကိုသွားခေါ်လာခဲ့၊ ဒီညအတွင်း သခင်မကို ရှာလာခဲ့ချေ!!!"
"ဟုတ်ကဲ့ သခင်လေး!"
ဆက်ရန်__

မက်မွန်ပန်းတွေပွင့်လို့ဝေတိတ်တဆိတ်ဝမ်းနည်းနေWhere stories live. Discover now