အပိုင်း (၁)

481 41 10
                                    

(Uni)
(၁၉၉၇)ခုနှစ်၊ အောက်တိုဘာလဆန်း၏ ကောင်းကင်ပြာတစ်ခွင် လင်းနေဖြာရွန်းလဲ့ချိန်။ မြောင်းမြမြို့နယ်၊ ဘောင်ထရီလမ်းရှိ စာအုပ်အငှါးဆိုင်လေးထဲဝယ် တူနှစ်ကိုယ် ဇာတ်လမ်းလေးတစ်ပုဒ်မှာ အမှတ်မထင် နိဒါန်းပျိုးလာခဲ့သည်။

" မင်္ဂလာ.. နမ်းရအောင်ပါ "

ပုံမှန်ထက်ပို၍ ထင်ရှားလို့နေသည့် ဩရှရှစကားသံဝဲဝဲက စာအုပ်အငှါးဆိုင်အတွင်းရှိ ငြိမ်သက်တိတ်ဆိတ်မှုကို အလျင်စလိုဖြိုခွင်းရင်း ထွက်ပေါ်လာသည်။

ဝတ္ထုစာအုပ်များရွေးချယ်နေသော ဆယ်ကျော်သက် မြီးကောင်ပေါက်လေးတချို့မှာ ထိုကရင်လေးဆီက စကားသံကိုကြားကြားချင်း တခစ်ခစ်နှင့် ရယ်သွမ်းသွေးလာကြ၏။ ကရင်လေးကတော့ တစ်စက်ကလေးမှ ရှက်ရွံ့သွားဟန်မရှိပါ။ သူ၏မျက်ဝန်းများက ဆိုင်အဝင်ဝရှိသစ်သားစားပွဲတွင် မုန့်မျိုးစုံထိုင်စားရင်း ခေါင်းငိုက်စိုက်နေသူကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။

တစ်ဖက်မှာလည်း ပုံငုံ့ဆွဲနေခဲ့သည့် လင်းလက်သော်က ရုတ်တရက် နမ်းဖို့ပြောလာသူကြောင့် အကြီးအကျယ် နားကားသွားရှာသည်။ ပုဆိုးအကွက်ဆန်းကြီး ဝတ်ဆင်ထားသူဆီက ထိုကဲ့သို့သောစကားကို အမှတ်မထင်ကြားလိုက်ရ၍ စူးစမ်းလိုစွာ ခေါင်းမော့ကြည့်မိသည်။ ထူးခြားစွာဖြင့် ပြာလဲ့လဲ့အရောင်ပြေးနေသည့် မျက်ဝန်းစူးစူးများနှင့် ပက်ပင်းတိုးသွားသောအခါ သူမျက်တောင်ခတ်ဖို့ကိုပင် ရုတ်ချည်းမေ့လျော့ရလေပြီ။

အလှတရားမှန်ပါက မျက်နှာလွှဲဖို့ရာအတွက်တောင် အင်မတန့်အင်မတန်မှ ခဲယဉ်းလွန်းလှသည်။ ယောက်ျားတစ်ယောက်က ဤမျှလောက်အထိ မျက်နှာအချိုးအစားကျဖို့ လိုအပ်ပါသလားလေ။ ပန်းချီကျောင်းသားပီပီ စာရွက်ပေါ်ကူးဆွဲလက်စကို အလျင်ရပ်တန့်ထားလျက်။ ထိုကရင်လေး၏ အစိတ်အပိုင်းတစ်ခုချင်းစီအား သူ့စိတ်အာရုံတစ်ခွင်၌ ဆက်လက်ရေးခြစ်မိသည်။

ကရင်လေးမှာ အသက်ငယ်ရွယ်ပုံရသော်လည်း ဆံပင်ကိုခပ်တိုတိုညှပ်ထား၍ အချိုးကျကျမျက်နှာက ရင့်ကျက်သည့်အသွင်ယူသည်။ အသားအရေဝင်းဝါပြီး ညာဘက်မျက်ခုံးရှိ အမာရွတ်လေးကတော့ မျက်နှာချောချောကို ပို၍ကြည့်ကောင်းသွားစေ၏။ မိုးအကုန် ဆောင်းအကူးကာလ ပူပြင်းသည့် နေအရှိန်ကြောင့်ထင်။ ချွေးများစို့နေသည့် ခပ်ကျဉ်းကျဉ်းနဖူးပြင်မှာ သိပ်ကိုချောမွတ်ပြီး စိုပြေနေသည်။

အချစ်တရားဦး နာလိုသူပါ ( Ongoing )Where stories live. Discover now