အပိုင်း (၈)

138 21 9
                                    

(Uni)
ကညင်းကိုင်းကျေးရွာက ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြသော ပိုးကရင်ရွာလေးဖြစ်သည်။ သည်ရွာလေးမှာ ရွာမ၊ ချောင်းဖျားစုနှင့် ကံ့ကော်စုအမည်ရ ကျေးရွာသုံးစုနှင့် ဖွဲ့တည်ထားလေ၏။

ယခင်ကဆိုရင် ရွာမဘက်တွင်သာ ဘုန်းကြီးကျောင်းရှိခဲ့သည်။ ပင်လယ်လေးတံတားစီမံကိန်း အတောအတွင်းမှာတော့..၊ အလှူရှင်များက ချောင်းဖျားစုကျေးရွာရှိ စေတီနှစ်ဆူအနီးတွင် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် သောက်ရေတွင်းတစ်တွင်းကို ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။

နမ်းရအောင်အိမ်က ကံ့ကော်စုအစွန်ပိုင်းရှိ အတွင်းကျကျနေရာနားတွင် သီးသန့်တည်ရှိသည်။ လမ်းမဘက်ထွက်ကြည့်လျှင် ပင်လယ်လေးတံတားကို ခပ်ဝေးဝေးက လှမ်းမြင်ရသည့်နေရာမျိုးပင်။ တိုက်ဆိုင်မှုဆိုသော်လည်း ယဉ်ကျေးမှုတက္ကသိုလ် ကံ့ကော်ဆောင်တွင် လင်းလက်သော်က ပန်းချီပညာသင်ယူရသည်။ ခမျာ ကံ့ကော်ချင်းတူနေ၍ တစ်ကိုယ်တည်းဆွဲတွေးရင်းက ကြိတ်ပြုံးမိသွားလေ၏။

မနက်ခင်းလေးမှာ စိတ်လက်ကြည်သာစွာ နှိုးထလာရသည့်နေ့ရက်တိုင်းကို လင်းလက်သော် လက်ချိုးရေတွက်ထားသည်။ ယနေ့သည် ထိုရှားရှားပါးပါးနေ့များထဲက အကောင်းဆုံးတစ်နေ့တာ စတင်လာခြင်းဆိုလည်း မမှားနိုင်ပါ။ မျက်လုံးနှစ်လုံးပွင့်သည်နှင့် ဆွဲဆောင်မှုရှိလွန်းသော မီးဖိုခန်းထဲက မွှေးရနံ့နွေးနွေးလေးကြောင့် ဟန်ပင်မဆောင်နိုင်စွာ သူသွားရည်ယိုနေရပြီ။

ပြီးခဲ့သည့် ကရင်နှစ်သစ်ကူးမှ ကောက်ညှင်းပေါင်းကို တဖွဖွတမ်းတနေသူအတွက် နမ်းရအောင်က စားရကံကြုံဆုံအောင် ဖန်တီးပေးခဲ့သည်။ ငါးခူ၊ ငါးကျည်းအကြွပ်ကြော်နှင့် ကောက်ညှင်းပေါင်း ပူပူမွှေးမွှေးအိုးကြီးကို မနက်စောစောထကာ ကိုယ်တိုင်ပြင်ဆင်နေ၏။

နမ်းရအောင်က ချက်ပြုတ် ပြီးစီးသွားသည့်တိုင်၊ အိပ်မောကျနေသူကို အနှောင့်အယှက် မပေးလိုသောကြောင့် မီးဖိုခန်းအဝတွင်သာ ထိုင်စောင့်နေရှာသည်။ ရင်ခွင်ထဲဝယ် မှေးစက်နားခိုခဲ့သူအား တစိမ့်စိမ့်ငေးမောနေမိ၍ လင်းကြက်တွန်သံကြားကာမှ ညအလွှာကို အရုဏ်တက်ပြီမှန်းသိရသည့် အဖြစ်ရယ်။ ယခုဖြစ်ရပ်မှာ အိပ်မက်လေလား..၊ တကယ်လေလားတောင် နမ်းရအောင် ဝေခွဲမရနိုင်သေးပါ။

အချစ်တရားဦး နာလိုသူပါ ( Ongoing )Where stories live. Discover now