အပိုင်း (၁၀)

88 18 5
                                    

(Uni)
နွေနေ့လယ်နေ့ခင်း နေပူကျဲတောက်တောက်အချိန်။ ခြေတံရှည်အိမ်နံဘေးက ချုံအကွယ်တစ်နေရာတွင် လင်းလက်သော် ထီးအမည်းဖွင့်ဆောင်းပြီး ဆောင့်ကြောင့်ထိုင်နေ၏။

ယင်လုံအိမ်သာမရှိ၍ အရေးပေါ်လာပြီဆိုရင် မိုးမလုံလေမလုံဘဲ အိမ်သာတက်နေရသည့် သူ့ဘဝရယ်။ ထီးကလည်း နမ်းရအောင်၏ နှစ်လက်,မရှိပါသော ထီးအပြဲကော့လန်လေး..။ အစပိုင်းရက်တုန်းက ဘွင်းဘွင်းရှင်းရှင်း မသွားတတ်သဖြင့် လင်းလက်သော် ဝမ်းပါချုပ်သွားခဲ့သည်။ ရက်အနည်းငယ်ကြာလာတော့ သူ့အိမ်သူ့ယာကဲ့သို့သာ ရှောရှောရှုရှုလေး အဆင်ပြေသွားလေ၏။

နမ်းရအောင်က ခပ်လှမ်းလှမ်းနေရာကနေ လင်းလက်သော်ကို အမြဲရပ်စောင့်တတ်သည်။ ညဖက်ကြီး အိမ်သာသွားချင်တိုင်းလည်း အတူတကွ လိုက်ပါပို့ဆောင်ပေးသည်။ ထိုသည်ကိုပင် လင်းလက်သော်က အပျော်ကြီးပျော်ပြီး လွတ်လပ်နေခဲ့ပါ၏။

" ဪ! မေးမလို့ မေးမလို့နဲ့.. တော်တော်တောင် ကြာသွားပြီ။ ကိုယ့်အဒေါ်နဲ့မင်းက အရင်ကတည်းကသိကြတယ် ဟုတ်စ "

" ဟုတ်.. ကျွန်တော်မွေးကတည်းက သိလာတာ "

" ဟမ်! ဘယ်လို "

နမ်းရအောင်၏ စကားအချုံ့ကြောင့် မရှင်းမလင်းဖြစ်သွားသည့် လင်းလက်သော်ရယ်။

" ဆရာမဒေါ်ယဉ်စန်းက ကျွန်တော်တို့မိသားစုရဲ့ ကျေးဇူးရှင်လေ "

" ဟင်! ဟုတ်သလား "

" မိန့်အိးက ကိုယ်ဝန်လမစေ့သေးဘဲနဲ့ ကျွန်တော့်ကိုမဖြစ်မနေ မွေးထုတ်လိုက်ရတာတဲ့။ ဗိုက်ထဲမှာကတည်းက ဒုက္ခစပေးနေတာ ကျွန်တော်ပဲရှိမယ်နော် "

" အာ.. အဲ့လိုကြီးတော့ မပြောပါနဲ့ကွာ။ ဒီလောကမှာကြုံရသမျှက အကြောင်းရှိလို့ အကျိုးဖြစ်ရတာချည်းပဲ "

သူ့အပြောကို နမ်းရအောင်က ခေါင်းခါပြလာ၏။ မျက်ဝန်းအကြည့်မှာတင် အတိတ်နှင့်ပတ်သက်ပြီး သိပ်ကို နာကျင်နေပုံရတာကြောင့် လင်းလက်သော်လည်း အိမ်သာတက်နေရင်းက စိတ်မကောင်းဖြစ်ရုံသာ တတ်နိုင်သည်။

" ကျွန်တော်မွေးမဲ့နေ့ မနက်ပိုင်းမှာ ဖအိးနဲ့ ငါးဖမ်းလိုက်ရင်းက ရုတ်တရက်ဗိုက်နာတယ်ဆိုပြီး အော်ငိုတာတဲ့။ အခြေအနေ မကောင်းမှန်းသိလို့ မိန့်အိးကို အနီးမှာရှိတဲ့စက်လှေနဲ့ပဲ မြို့ပေါ်ကဆေးရုံဆီ အမြန်ပို့ခဲ့ကြတာ..။ ရွာကနေဆိုအမြန်ဆုံးက ရေလမ်းခရီးပဲရှိတာလေ"

အချစ်တရားဦး နာလိုသူပါ ( Ongoing )Where stories live. Discover now