အပိုင်း (၇)

130 19 7
                                    

(Uni)
နမ်းရအောင်နေထိုင်ရာ ခြေတံရှည်တဲအိမ်လေးကို လင်းလက်သော် မသိမသာလေး အကဲခတ်ကြည့်မိ၏။ အိမ်အနေအထားက ပေါ့ရွတ်နေလိုက်ပုံများ တစ်ခါတည်းချီမသွား၍ပင် ရနိုင်လောက်မည်။ ခပ်နိမ့်နိမ့်သာ နှုတ်ခမ်းဖော်ထားသည့် တစ်ဦးဆိုင်ရေတွင်းကလည်း အိမ်၏နံဘေးတွင်ရှိသည်။

လူပျိုပေါက်အရွယ်လေး တစ်ယောက်တည်းနေနေသည့် အိမ်ခန်းအတွင်းပိုင်းကတော့ သူထင်ထားသည်ထက်ပိုစွာ သပ်သပ်ရပ်ရပ်ရှိလွန်းသည်။ ခေါင်းရင်းက ဘုရားကျောင်းဆောင်လေးမှာ လတ်လတ်ဆတ်ဆတ် သစ္စာပန်းဖြူများဖြင့် အလွန်တရာပင် သပ္ပာယ်လွန်းလှသည်။ လူပျိုကရင်လေးက အိမ်ရှိဘုရားပန်းကို မညှိုးနွမ်းစေရအောင် ဂရုတစိုက်ကပ်လှူပါသတဲ့။

လင်းလက်သော် ခေါင်းတညိတ်ညိတ်ဖြင့်သာ အမှတ်များပစ်ပေးနေမိ၏။ ဘုရားတရားမြဲတတ်သော ကောင်လေးများကို သူသဘောကျသည်။

" အစ်ကို ဗိုက်ဆာနေပြီလားဟင်။ ထမင်း စားတော့မလား "

" လက်ဖက်ရည်သောက်ထားတော့ ကိုယ်နည်းနည်း ရင်ပြည့်နေသလိုပဲ။ မင်းရောဆာနေပြီလား နမ်းလေး "

" ကျွန်တော်မဆာသေးဘူး အစ်ကို "

" အာ့ဆို ခဏနေမှပဲ ကိုယ်တို့အတူစားကြတာပေါ့ "

" ဟုတ် "

စကားလုံးများ ထပ်ဆက်ဖို့ရန်မရှိသေး၍ သူ့နံဘေးနားက အိမ်တိုင်လုံးကြီးကိုသာ လင်းလက်သော်လက်ဖြင့် ခပ်ဖွဖွရိုက်နေမိ၏။ မတွေ့ခင်တုန်းကဆိုရင် ပြောချင်တာမှအများကြီး ရှိထားပေမဲ့လည်း ယခုအချိန်မျိုးကျတော့ အစရှာမရဖြစ်နေပြီ။

အတွေးကိုယ်စီဖြင့် တိတ်ဆိတ်သွားရသူနှစ်ဦးက အိမ်ပေါက်ဝရှိ ဝါးလှေကားလေးအနားမှာ ခြေဆင်းထိုင်နေမိကြသည်။ ထုံးစံအတိုင်း နမ်းရအောင်၏ အကြည့်မြားဦးကတော့ လင်းလက်သော်ကိုသာ မနားတမ်းပစ်ခွင်းနေမြဲ။

" ပျော်ရဲ့လား "

" ..... "

သူ့ကိုအချိန်ပြည့် ငေးကြည့်နေတတ်သော ပြာလဲ့လဲ့မျက်နက်ဝန်းဆီသို့ လင်းလက်သော် သေချာစိုက်ကြည့်ရင်းက ထပ်မေးလိုက်သည်။

အချစ်တရားဦး နာလိုသူပါ ( Ongoing )Where stories live. Discover now