" ဒါဆို ဒီနေ့ပြဇာတ်ရုံကိုလိုက်ဖို့အစီစဉ်ကရှိတာလား ၊ မရှိတာလား "
ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်ရင်း သတင်းစာဖတ်နေတဲ့သူ့ရှေ့ကို Kai ဟာ ခါးကိုထောက်ရင်း စိတ်မရှည်သလိုပြောလာ၏။
မနက်ထဲက သူ့အသစ်ဖွင့်ထားတဲ့ ပြဇာတ်ရုံကိုလိုက်ဖို့ တဂျီဂျီခေါ်နေပေမယ့် သူဟာ လိုက်မယ်လို့လည်းမပြောမိသလို မလိုက်ဘူးလို့လည်းမငြင်းမိပေ။
ဒါကလည်းရှင်းတယ်။
ပုံမှန်ဆို သူဟာ ဒီကိုရောက်တာနဲ့ Kai လျှောက်ခေါ်သမျှနောက်ကိုသာ ဘာမှမပြောပဲလိုက်တတ်သည်လေ။ ဒါကလည်း သူဟာ နယ်ခံကို။
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ သူဟာ တခြားလုပ်စရာတစ်ခုရှိနေသလိုမျိုး အပြင်ထွက်ဖို့ကို မသိချင်ယောင်ဆောင်နေမိသည်။ ထိုအခါ သွားဖို့လာဖို့အစီအစဉ်နောက်ကျလာတဲ့ Kai ဟာမကျေမနပ်ဖြစ်လာတော့သည်။
" ငါဒီနေ့အပြင်ထွက်ချင်စိတ်မရှိဘူး "
" စောစောစီးစီးထဲက အဲ့လိုပြောလိုက်ပါလား "
ပြောရင်းနဲ့အတူ Kai ဟာ သူ့အပေါ်ထပ်ကုတ် ကိုထိုင်ခုံပေါ်တင်ထားရာကနေ ယူလိုက်သည်။
" ခဏနေနေ့လည်စာ ထမင်းစားချိန်ရောက်တော့မှာ ထမင်းစားရင်စားတော့ ငါကတော့ ညနေမှပြန်ရောက်မှာနော်။ မင်းတကယ်မလိုက်ဘူးလား။ "
Kaiဟာ အပေါ်ထပ်အင်္ကျီကိုဝတ်ပြီး ထွက်ခွါဖို့ပြင်ဆင်နေသည့်တိုင် သံယောဇဉ်မပြတ်နိုင်သေးတဲ့ပုံစံပင်။ သူ့ကိုနောက်ဆုံးတစ်ကြိမ်မေးလာသည့်အခါမှာ သူဟာလည်း ခပ်နက်နက်မျက်ခုံးထူထူတွေကို လက်ညှိုးနဲ့ကုတ်ကာ သတင်းစာကို ပိတ်ရင်းပေါင်ပေါ်တင်လိုက်သည်။
" မလိုက်တော့ဘူး။ ငါဒီနေ့ စံအိမ်ကို ကြေးနန်းပို့စရာရှိတယ်။ ငါပြန်ရောက်တဲ့ရက်မှာ တရားခွင်တစ်ခုရှိလို့ ခုံရုံးကိုငါသွားရမယ်။ နောက်၃ရက်လောက်ဆို ငါပြန်ရမှာ။ "
သူ့ရဲ့တာဝန်အကြောင်းကို Kai ဟာအသိဆုံးဖြစ်နေသည့်ဟန်။ ထိုမှသာ လက်ခံလိုက်သလိုနဲ့ ခေါင်းကိုတဆက်ဆက်ညိတ်ပြတော့သည်။
![](https://img.wattpad.com/cover/377820921-288-k948508.jpg)