{Part-13}
ရှောင်းကျန့်ကိုခေါ်လာသည့်နေရာက လက်နက်ပြုလုပ်သည့် ပန်းပဲဖိုသို့ ခေါ်လာခဲ့တာဖြစ်သည်။ သူတို့နှစ်ယောက် ပန်းပဲဖို အတွင်းသို့ဝင်သွားလိုက်တော့ လက်နက်တီထွင်သည့် မိစ္ဆာအိုကြီးက ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ကို အရိုအသေပေးလာ၏။
"အရှင့်သားနဲ့ကြင်ယာတော်ကို ကျွန်တော်မျိုး လောင်ချိုက် အရိုအသေပေးပါတယ်.."
"လောင်ချိုက် ကျုပ်မှာထားတဲ့ ပစ္စည်းရပြီလား"
"ဟုတ်ကဲ့ ကျွန်တော်မျိုးယူလာခဲ့ပါမယ် အရှင့်သား...ဒီမှာထိုင်ကြပါအုံး.."
ဝမ်ရိပေါ်ကခေါင်းညိမ့်ပြလိုက်ပြီး ကျန့်ရဲ့လက်ကိုဆွဲကာ ထိုင်ခုံတွင်ဝင်ထိုင်လိုက်ကြသည်။ ရှောင်းကျန့်က ရိပေါ်နားတိုးကပ်သွားပြီး မေး၏။
"ကိုကို...အဲ့အဘိုးက ဘယ်သူလဲဟင်.."
"လောင်ချိုက်က ယီမြို့တော်က အတော်ဆုံးပန်းပဲဆရာတစ်ယောက်လေ ကျန့်အတွက်မှာထားတဲ့ လက်နက်ကို ကိုယ်လာယူတာ.."
"လက်နက်..? ကျန့်အတွက်..?"
"အင်း"
မိစ္ဆာအိုကြီးက သေတ္တာရှည်တစ်ခုနဲ့အတူ သူတို့ဆီလျှောက်လာနေတာမို့ ကျန့်လဲထပ်မမေးဖြစ်တော့ပေ။
"အရှင့်သား မှာထားတဲ့လက်နက်ပါ.."
ဝမ်ရိပေါ်က လောင်ချိုက်ကမ်းပေးလာတဲ့ သေတ္တာကို ဖွင့်လိုက်တော့ ကြာပွတ်တစ်ခုကိုတွေ့လိုက်ရသည်။ ကြာပွတ်က ငွေရောင်ဖြစ်ပြီး ဆူးချွန်အပြည့်ဖြင့် စွမ်းအားကြီးလက်နက်တစ်ခုဖြစ်ကြောင်းပေါ်လွင်သည်။ လက်ကိုင်ရိုးတွင် တန်ဖိုးကြီး ကျောက်မျက်ရတနာတွေနဲ့စီချယ်ထားကာ တစ်လက်လက်တောက်ပနေ၏။
ထိုကြာပွတ်ကို သေတ္တာထဲကနေ ထုတ်ယူပြီး ကျန့်ကို ပေးလိုက်သည်။
"ကြည့်ကြည့်ပါအုံး သဘောကျရဲ့လား ကိုယ့်လက်ဆောင်ကို.."
ကိုကို ကမ်းပေးလာသည့် ကြာပွတ်ကိုလက်ကိုင်ရိုးကနေကိုင်လိုက်ပြီး နေရာကနေ ထရပ်လိုက်၏။ ထို့နောက် ခပ်လှမ်းလှမ်းတွင်ရှိသည့် သစ်သားတိုင်ကြီးတစ်ခုကို လွှဲရိုက်လိုက်၏။ သစ်သားတိုင်ကြီးကို ကြာပွတ်က ရစ်ပတ်သွားမှ ကျန့်က ကြာပွတ်ကိုအားထည့်လို့ဆွဲယူလိုက်တဲ့အခါ ကြာပွတ်မှာပါသည့် စူးချွန်တွေက သစ်သားတိုင်ကြီးကို အသားစတွေပြဲထွက်သွားအောင်ဆွဲဖြဲလိုက်သလိုဖြစ်သွားသည်။ ကြာပွတ်က ကျန့်နားရောက်လာတာနဲ့ ထိုသစ်သားတိုင်ကြီးမှာလည်း ထပ်ပိုင်းကျိုးလို့ ဝုန်းကနဲလဲသွားတော့၏။