ဖုရွှင်လန်က တမင်တကာများ အသံဆူညံဆူညံလုပ်ကာ သူ၏အာရုံကို ဆွဲဆောင်နေသလားဟု ရွှီရှော့မှာ ကျိုးကြောင်းသင့်စွာသံသယပေါက်ဖွားလာရသည်။အကြောင်းမှာမူ၊ တမြန်မနေ့က ဖြစ်ခဲ့သည့်ကိစ္စမျိုးကဲ့သို့...
ရွှီရှော့သည် ဧည့်ခန်းတွင် TVထိုင်ကြည့်နေရင်း အိပ်ပျော်လုလုဖြစ်နေချိန်၌ မီးဖိုချောင်ဘက်မှ ဒုန်းခနဲအသံတစ်ခု ကြားလိုက်ရသည်။ ကပျာကယာပြေးဝင်သွားလိုက်သောအခါ မြင်ရသည်က ဟင်းရွက်လှီးဓားက ကြမ်းပြင်ပေါ် ကျနေပြီး ဖုရွှင်လန်က ထိုအရာကို ကောက်ဖို့ပြင်နေသည်။ သူ ချက်ချင်း လုကောက်ယူလိုက်ပြီး"ရပြီ ရပြီ ကျွန်တော်လာလုပ်မယ်"
ရွှီရှော့ ထိုကိုယ်တော်လေးကို တကယ်လန့်နေရပါသည်။ နေ့စဉ်နေ့တိုင်း ထိုသူလေးမီးဖိုချောင်ဝင်ပြီး ချက်ပြုတ်နေတာက ကိုယ်ဒုက္ခကိုယ်ရှာနေသလိုနှင့်ပင် တူနေသည်။ မကျွမ်းကျင်ပါလျက်နဲ့ ဇွတ်ကြီးအတင်းလုပ်သည်။
ဖုရွှင်လန်သည် နံဘေး၌ရပ်ကာ၊ တဖက်လူမှ သွက်လက်စွာ၊ သေသပ်စွာ ပြင်ဆင်နေပုံကို ကြည့်ရင်း အာရုံနစ်မျောသွားရ၏။
"ကျယ်ဖုက အဲ့လောက်သေသေချာချာကြည့်နေတာ၊ ကျွန်တော့်ကို အချက်အပြုတ်သင်ခိုင်းချင်နေတာလား?"
ရွှီရှော့က ကျီစယ်လာသည်။"ရလားဟင်?"
ဖုရွှင်လန်မှာ မျှော်လင့်စောင့်စားမှုအပြည့်ဖြင့်။"ဘယ်လိုလုပ်ရပါ့မလဲဗျ၊ ကျယ်ဖုကဖြင့် အိမ်ထောင်ရက်သားရှိတဲ့ယောက်ျားလေ၊ ဒီအထာတွေက ဟိုလိုဒီလိုဒွိဟဖြစ်စရာသိပ်ကောင်းတာလို့ မခံစားရဘူးလား?"
စကားဆုံးသည်နှင့် ရွှီရှော့မှာ ထိုသူလေး ချက်ချင်းညှိုးငယ်သွားသည်အား တွေ့လိုက်ရသည်။ အနည်းငယ်တော့ ရယ်ချင်မိပါ၏။
မနေ့ကကျတော့လည်း ထိုနည်း၎င်း ဖြစ်ပြန်ပါသည်။
ရွှီရှော့ အောက်ထပ်ဆင်းလာချိန်မှာ မီးဖိုချောင်ထဲမှ ဖန်ကွဲသံ ကြားလိုက်ရသည်။ ဝင်သွားတော့ ကြမ်းပြင်တွင် ဖန်ကွဲစတပြန့်ရှိနေပြီး ဖုရွှင်လန်ကမူ ခြေဗလာဖြင့် ထိုနေရာတွင် ရပ်နေသည်။
YOU ARE READING
ရူးသွပ်စွာ တပ်မက်ခြင်း။
Romanceအချို+ အသားနည်းနည်းပါသော ဇာတ်အိမ်ခိုင်သည့် အချစ်ဝတ္ထု။ မိတ်ဆက်လာဖတ်ကြည့်! နောင်တ မရစေရဘူး!!!!