အခန်းဆယ့်နှစ် - ပစ္စုပန်ကာလ

148 38 5
                                    

လန်ဖုန်းဘက်မှနေ လမ်းခွဲဖို့ဆုံးဖြတ်ပြီးနှစ်ရက်အကြာတွင်ဖြစ်သည်။ ကျိုးချီချန်းသည် ဟိုင်ခုမှနေ ပေကျင်းသို့ နောက်ဆုံးဖလိုက်ခ်ပြီး၍ ပြန်ရန်ကားပေါ်တက်လိုက်သည့်အချိန်ဝယ် သမုဒ္ဒရာတစ်ဖက်ခြမ်း၊ တခြားနိုင်ငံမှစိမ်းသက်သောဖုန်းနံပါတ်တစ်ခုကို လက်ခံရရှိခဲ့လေသည်။ နံပါတ်အစိမ်းပေမို့ ဖုန်းဝင်သည်နှင့် သူကချက်ချင်းပင်ကိုင်မိလိုက်၏။ ဖုန်းကချိတ်ဆက်သွားပြီးမှ သူသိလိုက်သည်မှာ တစ်ဖက်လူက လန်ဖုန်းဖြစ်နေပြီး ဒတ်ချ်ဖုန်းနံပါတ်ဖြင့်ခေါ်နေခြင်းဖြစ်မှန်းသဘောပေါက်သွားရတော့သည်ပင်။

“ လန်ဖုန်း ? “

အကြင်သူ့အား သူကတရုတ်နာမည်ကိုပဲခေါ်ဆိုခဲ့လိုက်ကာယခုတစ်ကြိမ်တွင်တော့ “ Evan “ ဟုမခေါ်ခဲ့တော့ပေ။

ဖုန်း၏တခြားဘက်ကလူရဲ့ အချက်ပြမှူကသိပ်မကောင်းလှသည်မို့ သူကတစ်ခဏတော့အတည်မပြုနိုင်ခဲ့ပေ။

“ အင်း ၊ ကိုယ်ပါ “

လန်ဖုန်းဘက်မှ တုံ့ပြန်လာ၏။

ကျိုးချီချန်းက အကြင်သူထပ်ဆက်သွယ်လာလိမ့်မည်ဟုမမျှော်လင့်ထားပေ။ သူထင်ထားတာ သူတို့လုံးဝလမ်းခွဲခဲ့လိုက်ပြီဟူ၍။ သို့သော် သူကနည်းနည်းလေးစိတ်ကိုပြင်ဆင်လိုက်ကာ မေးလိုက်၏။

“ ဘာဖြစ်လို့လဲ? မင်းအခု နယ်သာလန်မှာရှိနေတာလား ? “

လန်ဖုန်းက ဖုန်းတစ်ဖက်မှနေပြောလာခဲ့သည်။

“ အင်း၊ မအံ့သြပါနဲ့၊ ကိုယ်ဖုန်းခေါ်တယ်ဆိုတာက စိတ်ပြောင်းသွားတာမျိုး ဒါမှမဟုတ် နောက်ကိုပြန်သွားချင်တာမျိုးမဟုတ်ဘူး။ ဝီချက်ခ်ကနေဆို ရှင်းအောင်မပြောနိုင်မှာစိုးလို့ မင်းကိုခေါ်လိုက်ရတာ။ ပြီးတော့ ကိုယ်က သည်လိုမျိုးကိစ္စတွေမှာစာရိုက်ရတာမျိုးတကယ်မကျွမ်းကျင်လှဘူး “

သူကခဏမျှရပ်လိုက်ပြီး ကျိုးချီချန်း၏တုံ့ပြန်မှူကိုစောင့်နေလေသည်။ လန်ဖုန်းဘက်မှဖုန်းခေါ်ဆိုလာရခြင်း၏ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို သူအမှန်တကယ်မသိ၏။ သို့သော် သူက တခြားသူအပေါ် အမြဲ သံသယကင်းကင်းဖြင့်နေခဲ့သူမို့ နှလုံးသားထဲမှနေ တုံ့ဆိုင်းခြင်းလည်းဖြစ်မနေပေ။

လန်ဖုန်းက ဖုန်းတစ်ဖက်မှနေထပ်ပြော၏။

“ ကိုယ့်ကို အဲ့သည့်နေ့က Riesling ကိုသောက်ဖို့ယူလာပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်။ ကျန်တာကို အမ်စတာဒမ်သယ်လာလိုက်ပြီး သည်နေ့ပဲ အကုန်သောက်လိုက်မိတယ်။ အဲ့နေ့တုန်းက မင်းကို လမ်းခွဲမယ့်အကြောင်းပြောဖို့ အချိန်အတော်ကြာစဥ်းစားရင်း ရောက်လာတာနဲ့ တန်းပြီးပြောလိုက်မိတာ။ နောက်မှ မင်းက ကိုယ့်အတွက် တစ်ခုခုယူလာပေးခဲ့တာကို သတိပြန်ရမိတယ်။ ဘာပဲဖြစ်ဖစ် မင်းအ‌ပေါ်မှာ ကိုယ်လွန်သွားလောက်တယ်ထင်လို့ စိတ်မကောင်းဖြစ်မိပါတယ်။
ဆက်ပြောရမယ်ဆိုရင် ကိုယ့်ရဲ့နည်းလမ်းတွေကအမြဲတဲ့တိုးဆန်ခဲ့တယ်။ မင်းမှာကိုယ့်ကိုမပြောပြနိုင်တဲ့အကြောင်းအရင်းတွေရှိနေမှာဖြစ်သလို အဲ့ဒါကိုလည်းကိုယ်က နားလည်တာမို့ မင်းကို တွန်းအားမပေးချင်ဘူး။ မင်းက လူကောင်းတစ်ယောက်ဆိုတာ ကိုယ်သိတယ်။ ကိုယ်တို့ဆက်သွားလို့မရပေမယ့် မင်းသာဆန္ဒရှိမယ်ဆိုရင် သူငယ်ချင်းတွေတော့ဖြစ်နေနိုင်သေးတယ်မလား။ အနာဂတ်မှာ မင်းပြောပြချင်တဲ့အကြောင်းအရာတစ်ခုခုရှိခဲ့မယ်ဆိုရင် ကိုယ့်ကိုသူငယ်ချင်းလို့သဘောထားပြီး ဦးဆုံးပြောပြပေးလို့လည်းရပါတယ် “

လန်ဖုန်းက ထိုကဲ့သို့သောလူမျိုးသာဖြစ်သည်။ အရမ်းကိုမှ လွတ်လပ်ပွင့်လင်းကာ မိမိကိုယ်တိုင်၏ယုံကြည်ချက်လည်းခိုင်မာသူ။ အကြင်သူက သည်လောက်အများကြီးပြောလာခဲ့တာတောင် ကျိုးချီချန်းကမည်သို့တုံ့ပြန်ပေးရမည်မှန်းမသိပေ။ သူ့အသံကလုံးဝပျောက်ဆုံးသွားရသလို နှုတ်ကိုဖွင့်ဟလိုက်လျှင်တောင်မှ စကားမပြောနိုင်သည့်နှယ်။ လန်ဖုန်းဆိုသည်ကားတကယ်ကိုမှရိုးသားဖြောင့်မှန်သောလူမျိုးဖြစ်ကာ အကြင်သူ၏ကြင်နာပေးမှူက ကြေးမုံပြင်တစ်ချပ်ကဲ့သို့နှယ် ကြည့်မိသူတိုင်းကိုရောင်ပြန်ဟပ်စေနိုင်ခဲ့သည်ပင်။ အကြင်သူက အေးစက်ကာဂရုမစိုက်တတ်သောသူတစ်ယောက်နှင့်ဆုံစည်းခဲ့ပါလျှင် ထိုကဲ့သို့သောလူမျိုးအား နောက်သို့လုံးဝလှည့်မကြည့်လေပဲ ပစ်ပယ်လျစ်လျှူရှူနိုင်မည့်သူမျိုးသာ။ လန်ဖုန်း၏ဖြစ်တည်မှူက နွေးထွေးသောနေ‌ရောင်ခြည်လေးနှင့်တူကာ သူကမျှော်ကြည့်မိလိုက်လေတိုင်း အားပြင်းနွေးထွေးလှသောနေ‌ရောင်က မည်သည့်နေရာကိုမျှအလစ်အလပ်အကြားအဟမရှိရလေအောင် ဖြာကျပေးနေသကဲ့သို့နှယ်။

နောက်ဆုံးတော့ သူက အသံကိုမနည်းထွက်အောင်လုပ်ခဲ့လိုက်ရကာ ခပ်တိုးတိုးလေးတုံ့ပြန်ပေးခဲ့တော့သည်။

“ ကျွန်တော့်ကို အခုလိုပြောပေးလာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းနဲ့နောက်တစ်ခါတွေ့ခွင့်ရလိမ့်မယ်ဆိုတာမျိုးကို မမျှော်လင့်ထားခဲ့မိတာအမှန်ပါ။ အဲ့သည့်နေ့ကဘာမှမပြောခဲ့ဘူးဆိုတာကလည်း ကျွန်တော်....... ကျွန်တော်နည်းနည်းလည်းရှက်မိနေလို့။ ဒါကကျွန်တော်ကိုယ်တိုင်ရဲ့ ပြဿနာလည်းဖြစ်နေတာမို့။ “

သူဆိုလိုချင်တာက ထွက်မသွားခင်နောက်ဆုံးအကြိမ်ချစ်တင်းနှောခြင်းကိုသာဖြစ်သည်။ သို့သော် လန်ဖုန်းက ဆင်ခြင်တုံ့တရားရှိလှစွာပဲ ငြင်းပယ်ခဲ့၏။

သို့သော် လန်ဖုန်းက နားလည်သဘောပေါက်လေပြီး အလျင်အမြန်ပြန်ပြောလာခဲ့သည်။

“ မဟုတ်ဘူး၊ ကိုယ်ကတအားပွင့်ပွင့်လင်းလင်းပြောမိလိုက်တာပါ “

တကယ်တော့ သူကအများကြီးထပ်ပြောချင်ပေမယ့်မပြောဖြစ်ခဲ့။ ဥပမာအနေဖြင့်ဆိုရလျှင် သူက ကျိုးချီချန်းနှင့် သိပ်ကို ချစ်တင်းနှောချင်ပါသည်။ ဘုရားသခင်ကသာ ခွင့်ပြုခဲ့မယ်ဆို အကြိမ်ရာချီ သို့တည်းမဟုတ် ထောင်ချီတောင် လုပ်ချင်ပါသေး၏။ လန်ဖုန်းဟာ အမြဲအေးဆေးတည်ငြိမ်သောသူတစ်ယောက်ဖြစ်ခဲ့ပြီး အသက်နှစ်ဆယ့်ကိုးနှစ်အရွယ်မတိုင်ခင်အထိ “မနာလိုသဝန်တိုခြင်း “ ဟူသည့်စကားစုကိုတောင် အဓိပ္ပါယ်မဖော်နိုင်ခဲ့လေသူဖြစ်သည်။ သူတကယ်လိုချင်ခဲ့သောအရာအားလုံးကိုလည်း အခက်အခဲအတားအဆီးဟူ၍နတ္တိဖြင့် ချောမွေ့စွာအရယူနိုင်ခဲ့သူလည်းဖြစ်၏။ တစ်စုံတစ်ခုကို စွန့်လွှတ်လိုက်ဖို့ဆုံးဖြတ်ပြီးလျှင်လည်း ဘယ်သောအခါမှ ပြန်ယူဖို့မကြိုးစားတတ်ပေ။

သို့သော် အဲ့သည့်အခိုက်အတန့်ဝယ် မရင်းနှီးစိမ်းသက်သောခံစားချက်တို့က သူ့အတွေးတွေထဲဝင်ရောက်စိုးမိုးလို့လာခဲ့၏။ သူ့လူ ကျိုးချီချန်းက သူနှင့်မတွေ့ခင်အချိန်မှစ သူနှင့်လမ်းခွဲပြီးသည့်နောက် ၊ ပွေ့ဖက်နမ်းရှူပ်ခြင်း၊ ချစ်တင်း‌နှောခြင်း မှရရှိခဲ့လေသော ထိုစိတ်ခံစားချက်အလုံးစုံအား ပြောင်ပြောင်တင်းတင်းပင်ပြသခဲ့သည်။ သို့ပေမင့် လန်ဖုန်း၏ လွှမ်းမိုးပိုင်ဆိုင်လိုစိတ်က အကျိုးအကြောင်းမဆီလျော်သည့် ရေသောက်မြစ်တစ်ခုမှနေမြစ်ဖျားခံလာသလိုဖြစ်၏။ သူတို့အချင်းချင်း ချစ်မြတ်နိုးလှပါချည်ရဲ့ဟု မပြောရသေးသလို၊ တစ်ဦးကတစ်ဦးအတွက် သက်ဆုံးတိုင်ရှိသွားပေးကြမည့် လက်တွဲဖော်အဖြစ်လည်းကတိမပြုရသေးပေ။ ဆိုတော့ကာ လန်ဖုန်းက ဒါကိုထုတ်မပြောနိုင်ခဲ့။ သူလုပ်နိုင်ခဲ့လျှင်တောင်မှ တစ်ယောက်အပေါ်တစ်ယောက် ရုပ်ပိုင်းဆိုင်ရာအားဖြင့်ပဲ ချည်နှောင်ထား၍ရမည်သာ။

အဆုံးတွင်တော့ သူက အသံကိုပုံမှန်အနေအထားအားပြင်ယူလိုက်ရင်းပြောခဲ့သည်။

“ ဆိုတော့ အနာဂတ်မှာ မင်း အင်တာနေရှင်နယ်လ် ဖလိုက်ခ်တွေထပ်ရှိခဲ့ရင် ကိုယ့်ဆီရောက်အောင်လာရမယ်နော် “

ကျိုးချီချန်းကခေါင်းကိုညိတ်ပြလိုက်ကာ တဖက်လူမမြင်နိုင်ပေမင့် အပြုံးတပွင့်ဖြင့်သာပြန်ပြောခဲ့လိုက်၏။

“ သည်ကိစ္စက ကျွန်တော့်ဆီ အင်တာနေရှင်နယ်လ်ဖလိုက်အချိန်ဇယားတွေရှိနေသရွေ့ လွယ်လွယ်လေးဖြစ်နေအုံးမှာပါ။ အတိအကျပေါ့ ကျွန်တော်မင်းကိုလာတွေ့မှာပါ “

လန်ဖုန်းဘက်မှ ယခုဖုန်းပြောခြင်းအပြီးဝယ် စိတ်သက်သာရာရသွားခဲ့ပါသော်ငြား ကျိုးချီချန်းဘက်မှတော့ ဖုန်းပြောပြီးသည့်နောက်မှစကာ နှလုံးသားထဲဝယ် ကမောက်ကမဖြစ်ခဲ့ရလေတော့သည်။

--------

ဘာသာပြန်သူတွင်​​ပြောစရာရှိသည် :

လန်ဖုန်းခမျာ သမုဒ္ဒရာ တဖက်ခြမ်းက​နေ ​မြောင်းတင်မက ဆည်ကြီးပါ​ဖောက်ချ​​​ပေး​နေ​​သော်လည်း ခရက်ရှ်မှ တုံးအ​နေဆဲဖြစ်ပါ​သော

​တိုက်​လေယာဥ်​နောက်မြှီးမှ ဖမ်းချိတ်​ ( မြန်မာမှူပြန်လည်ပြုစု )Where stories live. Discover now