“ ကိုယ်တို့.......သည်မှာပဲ အဆုံးသတ်လိုက်ကြရအောင် “
လန်ဖုန်း ထိုစကားကိုပြောလာချိန်ဝယ် ကျိုးချီချန်းဟာ ယွဲ့ကော်ဟိုတယ်၏အခန်းတံခါးအားတွန်းဖွင့်လို့ဝင်လာကာစအချိန်သာဖြစ်သည်။ သူတို့နှစ်ယောက်က ရင်းနှီးမှူဖလှယ်သောစကားအနည်းငယ်တောင် အပြန်အလှန်မပြောကြရသေးပေ။
ကျိုးချီချန်းက သူ့လက်ထဲမှဝိုင်ပုလင်းကိုငုံ့ကြည့်မိရင်း ငြိမ်ငြိမ်လေးသာရပ်နေမိ၏။ အရင်ရက်များက လန်ဖုန်းထံမှနေ အင်္ဂါနေ့ညကိုတွေ့ချင်သလားဟုစာပို့လာခဲ့သည်။ သို့သော် ညစာ စားမည့်အကြောင်း သို့တည်းမဟုတ် အတူတူအိပ်ဖို့အကြောင်း ပြောမလာခဲ့ပေ။ သည်အတွက်ကြောင့် သူကမျှော်လင့်မထားမိပေ။
စက္ကန့်အနည်းငယ်မျှကြာပြီးသည့်နောက် သူဟာထိုစကားကိုအလေးအနက်ထားဖို့ဆုံးဖြတ်လိုက်ကာ ခေါင်းကိုမော့၍ လန်ဖုန်းကို မျက်လုံးချင်းဆုံကြည့်ရင်း ပြုံးပြခဲ့လိုက်တော့သည်။
“ ဒါဆိုလည်း ကျွန်တော်ထွက်မသွားခင် ဝိုင်လေးတစ်ခွက်လောက်သောက်သွားပါရစေအုံး “
လန်ဖုန်းက ချိုမြမြဝိုင်အမျိုးအစားကိုနှစ်သက်ကြောင်း သူသတိပြုမိခဲ့၏။ အထူးသဖြင့် ဂျာမန်လုပ် Riesling အမျိုးအစားကိုဖြစ်သည်။ ကျိုးချီချန်းက ထိုဝိုင်အမျိုးအစားကို အရင်ကမသောက်ခဲ့ဖူးပေမင့် သတိပြုမိသည့်အချက်ကြောင့် သည်နေ့မလာခင် သူငယ်ချင်းတစ်ယောက်၏ ဝီချက်ခ်စတိုးမှနေ မှာပြီးဝယ်လာခဲ့တာဖြစ်သည်။ အချစ်ကိုတော့ဖြင့်ရှောင်ရှားနိုင်သလို၊ စိတ်စေတသိက်အတွင်းမှ ခံစားချက်တို့ကိုလည်းရှောင်ရှား၍ရကာ မူးယစ်စေသည့်အရက်ကိုတော့ဖြင့် ရှောင်ရှားဖို့မဖြစ်နိုင်မှန်း သူတွေးမိ၏။ နောက်ထပ်သောရှူထောင့်မှကြည့်ရပါလျှင် သူဆိုသည့်လူသားသည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ပျော်ရွှင်မှူသည်သာ ပဓာနဟူသည့် လူနေမှူဘဝကိုကျင့်သုံးခဲ့သူဖြစ်သည်။
လန်ဖုန်းကမူ သူ့လူရယ်မောနေသည့်ပုံအားမြင်လိုက်ရသော် ခေါင်းကိုလှည့်ကာ ပြတင်းပေါက်အပြင်ဘက်ဆီက ည၏အလင်းရောင်တို့ကိုသာကြည့်နေခဲ့မိတော့သည်။ သူက ကျိုးချီချန်း၏အပြုံးတပွင့်ကို အင်မတန်မှနှစ်သက်ခဲ့၏။ သိမ်မွေ့သည့်အပြုံး၊ ထိန်းချုပ်မထားနိုင်တော့သည့်အပြုံး၊ စနောက်ကျီစယ်လိုသည့်အပြုံး၊ ဖျော့တော့လှသောအပြုံးနှင့် မည်သည့်အရာကိုမှ ဂရုမစိုက်အလေးမထားလိုသည့်အပြုံး စသဖြင့် ပုံစံမျိုးစုံလှသော အကြင်သူ၏အပြုံးများကို သူတကယ်ကိုနှစ်သက်လှပါသည်။ ဆိုတော့ ယခုလိုမျိုး အချိန်အတော်ပေးပြီးစဥ်းစားခဲ့ရသည့်စကားတို့အားထုတ်ပြောလိုက်ချိန်ဝယ် ဖြစ်တည်လာသော အကြင်သူ၏မျက်နှာပေါ်က အပြုံးကို တော့ဖြင့် သူကမနှစ်သက်ခဲ့ပါ။ အချိန်အတော်ကြာပြီးမှ သူပြောလိုက်တော့သည်။

YOU ARE READING
တိုက်လေယာဥ်နောက်မြှီးမှ ဖမ်းချိတ် ( မြန်မာမှူပြန်လည်ပြုစု )
Romanceအယ်ဗန်လန်ဖုန်း×အားချန်း ပိုင်းလော့×ပိုင်းလော့