ကျွန်တော်တို့ချိန်းထားတဲ့ပန်းခြံလေးကိုရောက်တော့ Hun ကအရင်ရောက်နှင့်နေပြီ မြက်ခင်းပြင်ပေါ်မှာ ကျကျနနထိုင်နေပြီး သူ့မျက်လုံးတွေကအရှေ့တည့်တည့်မှာရှိတဲ့ရေကန်ကြီးဆီကိုပဲစိုက်ကြည့်နေတယ်။
ဘာတွေအလေးအနက်တွေးနေလဲတော့မသိဘူး ဘေးနားကိုကျွန်တော်ရောက်လာတာတောင်သတိမထားမိဘူး။အမြဲလိုလိုသပ်သပ်ရပ်ရပ်လှန်တင်ထားတတ်တဲ့သူ့ဆံပင်တွေက အခုတော့ဖရိုဖရဲနဲ့နှဖူးပြင်ပေါ်ကျရောက်နေတယ်။
သူ့မျက်နှာကိုကြည့်တာနဲ့သူ့လိုတတ်တတ်ကြွကြွဖြစ်လာတတ်တဲ့ကျွန်တော် အခုသူ့ရဲ့ နွမ်းလျလျမျက်နှာကိုကြည့်ပြီး တခုခုကိုစိုးထိတ်သလိုခံစားနေမိပြန်တယ်။
"Hun"
ကျွန်တော်ခေါ်လိုက်မှ အတွေးတွေကနိုးထလာဟန်နဲ့ အနှစ်ခြိုက်ဆုံးပြုံးပြတယ်။သူ့အပြုံးလေးကိုမမြင်ရတာအတော်ကြာပြီပဲ။သို့သော်လဲသူ့အပြုံးတွေအောက်မှာတခုခုဖုံးကွယ်ထားသလိုခံစားနေရပြန်တယ်။ကျွန်တော်အစိုးရိမ်လွန်နေတာများလား?
"Lu ရောက်နေပြီလား လွမ်းလိုက်ရတာ Lu ရယ်"
ပြောပြောဆိုဆို သူ့လက်နှစ်ဖက်ကကျွန်တော့်ကိုဆွဲဖက်လိုက်တော့ အလိုအလျောက်သူ့ရင်ခွင်နွေးနွေးထဲကျွန်တော်ရောက်လို့သွားတယ်။
"ဘာတွေဒီလောက်တောင်တွေးနေတာလဲ Hun ရဲ့"
ကျွန်တော့်မေးခွန်းကိုကြားတော့ သူသက်ပြင်းတိုးတိုးချပြီး လေသံတိုးတိုးနဲ့ပြန်ဖြေတယ်
"အင်းးး နောက်ပြီးရင်ပြောပြမယ်နော် အခုတော့ဒီအတိုင်းလေးပဲနေချင်သေးတယ်"
သူ့စကားဆိုမငြင်းဆန်နိုင်တဲ့ကျွန်တော်အခုလဲသူ့အလိုကျသူ့ရင်ခွင်ထဲမှာငြိမ်နေမိတယ်။သူဘာတွေဖြစ်ခဲ့လဲတွေးရင်းနဲ့ပေါ့။
အတန်ကြာနှစ်ယောက်ဖက်ထားတာကိုခွာပြီးပြန်တော့ စကားမပြောသေးဘဲတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိကြပြန်တယ်။
"Lu ပိန်သွားတယ် ဒီကြားထဲနေမကောင်းဘူးလား"
သူ့ရဲ့ကျွန်တော့်ကိုစိုးရိမ်နေတဲ့မျက်နာကိုကြည့်ပြောတော့ ကျွန်တော်ကျေနပ်စွာပြုံးမိတယ်