အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၁)
မိုးစက်သည် နံနက်၅ နာရီတွင် အိပ်ယာမှထပြီးသည်နှင့် သန့်စင်ခန်းဝင်ကာ ကိုယ်လက်သုတ်သင် သန့်ရှင်းပြီးသည်နှင့် ချည်သားင်္အကျီဖြူ၊ဘောင်းဘီပွပွကိုလဲလှယ်ကာ အပေါ်ထပ်မှန်များဖြင့်ကာရံ ထားသည့် ကျယ်ပြန့်သောခန်းမကျယ်ကြီးသို့ ထွက်လာခဲ့သည်။ အပေါ်ထပ်သို့ရောက်သော သူက ထုံးစံအတိုင်း အရင်ရောက်နှင့်နေပြီ။
မိုးစက်ပြုံးလိုက်မိသည်။ မိမိဘယ်လောက်ကြိုးစားကြိုးစား သူ့ထက်စောအောင်မထနိုင်ခဲ့ပေ။
"Good Morning မိုးစက်"
"Good Morning အကိုကြီး"
မိုးစက်သူ့ကို နူတ်ဆက်လိုက်သည်။ ခြေသံမကြားအောင် မိမိတိတ်တဆိတ် သူ့အနောက်ကို ကပ်လာခဲ့သော်လည်း သူက သိနှင့်နေသဖြင့် မေးလိုက်သည်။
"အကိုကြီး ကျွန်တော်ရောက်တာ ဘယ်လိုသိနေတာလဲ။ အောက်မှာလဲ ကော်ဇောခင်းထားလို့ ခြေသံမှ မကြားရတာ။ အကြားအမြင်များရနေတာလား။"
စနေထွဋ်ခေါင် လှည့်ကြည့်ရင်း ပြုံးလိုက်သည်။ လူကြီးက အမေးအမြန်းထူသော ကလေးကို စိတ်ရှည်စွာရှင်းပြသည့်ပုံဖြင့် နံရံဘက်ကို လက်ညှိုးညွှန်ပြလိုက်သောအခါ မိုးစက် သဘောပေါက် သွားသည်။ နံရံများက မှန်များဖြစ်သောကြောင့် မိမိအရိပ်ထင်နေသည်ကိုး။
"သြော် အကိုကြီးက အမြင်ရနေတာကိုး။ ကျွန်တော် သတိမထားမိလိုက်ဘူး။"
သူက ဂီတသံကို ဖွင့်လိုက်သောအခါ ခန်းမကြီးတစ်ခုလုံး ငြိမ့်ညောင်းသောတူရိယာသံလေး ပျံ့လွင့် လာသည်။ သူက ယောဂကျင့်သည့် ဖျာလေးပေါ်တွင်တင်ပျဉ်ခွေထိုင်လိုက်ကာ ယောဂကျင့်စဉ်ကို စ လိုက်သောအခါ မိုးစက်လည်း သူနှင့်ယှဉ်လျက် မိမိနေရာတွင် ၀င်ထိုင်ကာ သူနှင့်အတူ ကျင့်စဉ်ကို စလုပ်လိုက်သည်။
ထိုကျင့်စဉ်ကို မိမိလေ့ကျင့်လာခဲ့သည်မှာ ၆ လကျော် ၇ လအတွင်းရောက်လာပြီဖြစ်သောကြောင့် အခက်အခဲမရှိတော့ပေ။ အကြောများလည်းပျော့ပြောင်းကာ အလွယ်တကူလုပ်ဆောင်လာနိုင်ခဲ့လေ ပြီ။ ငြိမ့်ညောင်းသော တီးလုံးများထဲ မိမိစိတ်အာရုံကို နစ်ဝင်လိုက်စဉ် စိတ်အစဉ်သည် လက်ရှိအခြေ အနေမှကင်းလွတ်ကာ ငြိမ်းချမ်းသောနေရာတစ်ခုကိုရောက်သွားသည်။ သောကတို့ကင်းဝေးရာ၊ ပူပန်မှုတို့ ခြေပင်မချနိုင်သည့် နေရာသို့ မနောဖြင့်ရွက်လွင့်သွားလေပြီ။ ကိုယ်ခန္ဓာအနေအထားကို သူ့ဖာသာ အလိုက်သင့်ပြောင်းလဲကာ လေကိုမှန်မှန်ရှူရင်း စိတ်အာရုံကို ဂီတသံတွင်သာ အာရုံစိုက် ထားလိုက်သည်။
မိမိရောက်ကာစ အခြေအနေနှင့် ယခု အခြေအနေက တခြားစီဖြစ်သွားလေပြီ။ မိုးစက်သည် ယခင်လို ပျော့ညံ့ကာ လူတကာဖိလို့ရသောအနေအထားမဟုတ်တော့ပေ။ အချစ်ကြောင့် အသည်းကွဲကာ၊ စိတ်ဓါတ်တစ်စစီဖြစ်ကာ သုံးစားမရသောအခြေအနေမှ တည်ငြိမ်ကာစိတ်နှင့်ကိုယ်ကပ်သော အခြေ အနေ ဖြစ်အောင် မိမိသေလုမျောပါး ကြိုးစားခဲ့ရသည်။စစ်တပ်ထက်ပင် တင်းကြပ်သော သု့အုပ်ချုပ် မှုအောက်တွင် ၆ လအတွင်းမိမိ နာလန်ထူလာနိုင်ခဲ့သည်။
မှတ်မိပါသေးသည်။ ကန်စောင်းတွင် ရေထဲခုန်ချကာ နာကျင်ရသည့်လောကကြီးမှ မိမိထွက်ပြေးရန် ကြိုးစားချိန်တွင် မိမိအလွယ်တကူလွင့်ပစ်ရန်ကြိုးစားသည် အသက်တချောင်းကိုကယ်တင်ကာ မိမိ ကို ထိုနာကျင်ရသည့် ပတ်ဝန်းကျင်နှင့်ဝေးရာသို့ ခေါ်ဆောင်လာခဲ့သည်။
"မင်း အသက်ကို ကျုပ်ကယ်လိုက်ပြီဆိုတော့ ကျုပ်နဲ့ ဆိုင်သွားပြီ။ မင်း အခုက စပြီး သတ်မသေ ရဘူး။ မင်းကို သူတို့ နှစ်ယောက်နဲ့ ဝေးတဲ့နေရာကို ခေါ်သွားပေးမယ်။ မင်း ခေါင်းထဲကရော ၊မင်းရင် ထဲကရော သူတို့ကို ထုတ်ပေးမယ်။ အပြန်အလှန်အနေနဲ့ မင်းကျုပ်ဘေးမှာ ၂ နှစ်နေပေးပါ။ "
"ဘာဖြစ်လို့ ခင်ဗျားဘေးကမှာ နေခိုင်းတာလဲ။ ခင်ဗျား ကျွန်တော့်ကို ညအိပ်ဖော်ထားချင်လို့လား။"
မိုးစက် ပွင့်လင်းစွာ ရင့်သီးစွာ သူ့ကို မေးခဲ့သည်။ သို့သော်သူက စိတ်ဆိုးသည့်ဟန်မပြပေ။
ဦးထွဋ်ခေါင် တစ်ချက်ရယ်လိုက်သည်။
"စိတ်ချပါ။ ကျုပ် မင်းကို အိပ်ဖို့ လုံးဝမတောင်းဆိုပါဘူး။ ကျူပ် လုပ်ငန်းတွေကို ကူလုပ်ပေးဖို့ပဲ တောင်းဆိုမလို့ပါ။ "
"ကျွန်တော် ဘာမှမတတ်ဘူး။ ခင်ဗျားလူလိုရင် တခြားသူကို သွားရှာပါ။"
"မင်းဘာမှ တတ်စရာမလိုပါဘူး။ ကျုပ်ခိုင်းတဲ့အတိုင်း တသွေမတိမ်းလုပ်နိုင်ရင်ရပြီ။ မင်းကို သေလု မျောပါး ကျုပ်အလုပ်ခိုင်းမယ်။ မင်းကိုယ် ကျုပ်စိတ်နဲ့ အသက်ရှင်ရမယ်။ မင်းအသက်ကို ကျုပ်ပိုင်တဲ့ အတွက် မင်းကို လူသစ်စိတ်သစ်ဖြစ်အောင် ကျုပ် ဖန်တီးပေးမယ်။ ဘယ်လိုလဲ။ မိုးစက် အသစ်ကို ကျုပ်ပြန်လည်မွေးဖွားပေးမယ်။ "
မိုးစက် ကို သူနေထိုင်သည့် မြို့သို့ခေါ်ခဲ့သည်။ စိတ်နှင့်ကိုယ်နှင့်မကပ်သော မိမိကို အိပ်ချိန်စားချိန် မှ အပ သူ အကျဉ်းသားတစ်ဦးပမာ တင်းကြပ်စွာစောင့်ကြပ်ကာ ခိုင်းစေခဲ့သည်။ ညတိုင်းတော်တော်နှင့် အိပ်မပျော်သဖြင့် မနက်မထနိုင်သော မိမိကို ကြမ်းတမ်းစွာ အိပ်ယာထက်မှ ဆွဲချကာ ရေပန်းအောက် တွင် ရေဖွင့်ချကာ မျက်စိကျယ်အောင်လုပ်ခဲ့သည်။
သူနှင့်အတူ အားကစားကို အတင်းအကျပ်လုပ်ခိုင်းသည်။ ပြေးစက်ပေါ်တွင် မောလွန်းလို့သတိလစ် လု မတတ်ဖြစ်ခဲ့သည်။ သူကမိမိကို နားခိုင်းပြီး ထပ်ပြေးခိုင်းသည်။တရက်ကို ၃ နာရီခန့်လေ့ကျင့်ခန်း လုပ်ရသည်။ အစားအသောက်ကလည်း သူ သတ်မှတ်ထားသည်ကိုသာ စားရသည်။
ပထမ ၁ လအတွင်း သူက အင်မတန်နားလည်ပြီး သနားကြင်နာတတ်သော လူကြီးလူကောင်းဟု မိမိ ကိုယ်ကိုအရူးဟုထင်ကာ နောင်တရမိသည်။ သူ့လောက်စည်းကမ်းတင်းကျပ်ကာ ကြင်နာမှုမရှိသော လူကို မမြင်ဖူးခဲ့ပေ။ ထောင်မှုးများပင် သူ့လောက်အကြင်နာကင်းမဲ့မည်ဟု မထင်ပေ။
ပထမ ၁ လအတွင်း မိမိကို မျက်နှာသာ လုံးဝမပေးခဲ့ပေ။ အစားအသောက်ပုံစံကို ပုံပြောင်းပေးခဲ့ သည်။ နေထိုင်စားသောက်မှု ကိုပြောင်းလဲခဲ့သည်။ တနေ့ ၈ နာရီ အိပ်ပြီး ၃ နာရီ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ရသည်။ ရေကူးသင်ရသည်။ တနေ့ ၁ နာရီ ရေကူးကန်ထဲ ကူးရသည်။ တနေ့ ၂ နာရီ ဘာသာစကားလေ့လာရသည်။ ၂ နာရီလောက်သူ ကြည့်ခိုင်းသည့် စာရင်းအင်းများကို ကြည့်ရှု စစ်ဆေးပေးရသည်။ ဘယ်လိုလုပ်ရမည်ကို သင်ကြားပေးသည်။ မှားလျှင်လား.... မိုးစက် မယုံနိုင်စရာ ကောင်းလောက်အောင် ဒေါသတကြီးဆူပူခဲ့သည်။
မိမိဘ၀တွင် မကြားဖူးသည့် ရက်စက်ပြင်းထန်သည့် စကားလုံးများက မိုးစက်ကို တကိုယ်လုံးထူပူကာ ဒေါသထွက်သွားစေသည်။ မိုးစက် မခံနိုင်လွန်းသဖြင့် သူ့စာရွက်စာတမ်းများကို စားပွဲပေါ်ပစ်တင်ကာ ၀ုန်းခနဲထရပ်ကာ
"ကျွန်တော် ခင်ဗျား 'ကျွန'် မဟုတ်ဘူး ဦးထွဋ်ခေါင်။ ခင်ဗျား ကျွန်တော့်ကို ဒီလိုဆက်ဆံစရာမလိုဘူး။ ကျွန်တော့ကို ထောင်သားလို နှိပ်စက်နေတာ တော်ပါတော့။ ခင်ဗျားကြောင့် ကျွန်တော် သေရတာ ထက် ဆိုးတဲ့ဘ၀မှာရောက်နေပြီ။ ဒီလို ဘ၀မှာ ကျွန်တော် မနေနိုင်တော့ဘူး။သေသွားတာမှ ကောင်း ဦးမယ်။ ကျွန်တော် သေပါရစေ။ "
သူက မိုးစက် ၏ စကားကို ကြားသော် ထိုင်ရာမှ ထရပ်လိုက်ပြီး မိုးစက် အနားကို တိုးလာခဲ့သည်။ သူ့မျက်နှာက အေးစက်ကာ မျက်လုံးက မည်းနက်မာကျောနေပုံက မိုးစက်ကို ကြက်သီးဖြန်းဖြန်ထ သွားစေသည်။ မိမိနားကို တရွေ့ရွေ့တိုးလာသောအခါ မိုးစက် ကြောက်ကြောက်နှင့်နောက်ဆုတ် လိုက်ရာ နောက်ဆုံးနံရံကို ကျောကပ်မိပြီး မျက်လွှာချလိုက်မိစဉ် သူက မိုးစက်၏ မျက်နှာကို ပင့်မ ကာ မိုးစက် မမေ့နိုင်သည့် စကားများကို တခွန်းခြင်းပြောခဲ့သည်။
"သေတယ်ဆိုတာ ပြဿနာတခုကို ဖြေရှင်းတဲ့ အဖြေမဟုတ်ဘူး။ မင်းဒီလိုပျော့ညံ့လို့ မင်းယောက်ျား ကို လက်လွှတ်လိုက်ရတာပဲ။မင်းယောက်ျားက မင်းကိုကျော်ပြီး တခြားလူကိုရွေးသွားတာ ဘာမှမထူး ဆန်းဘူး။ မင်း မို့မရှက်တယ် မိုးစက်။ အလုပ်တစ်ခုကို အဖြစ်ရှိအောင်တောင် မလုပ်နိုင်မှတော့ အချစ်ရေးကို မင်းမကိုင်တွယ်နိုင်တာ ဘာမှ မထူးဆန်းပါဘူး။ မင်း ဒီလိုပုံစံနဲ့ မင်းယောက်ျားကို တခါ မကဘူး။ ၁၀ ခါ ဆုံးရှုံးရလည်း အံ့သြစရာ မရှိဘူး။"
မိုးစက်၏ ကိုယ်ထဲမှ သွေးများ အရှိန်ပြင်းပြင်းနှင့် စတင်လှည့်ပတ်လာခဲ့သည်။ ဒေါသထွက်လွန်းလို့ မိုးစက် တကိုယ်လုံး တုန်ယင်လာခဲ့သည်။ သူ့ကို လည်ပင်းညစ်သတ်ချင်စိတ်ပင် ပေါ်လာခဲ့သည်။ မိုးစက် သူ့ကို စူးရှစွာ တုန့်ပြန်ကြည့်ကာ ခပ်ရိုင်းရိုင်းပြန်မေးလိုက်သည်။
"ခင်ဗျား ကျွန်တော့် ကိုယ်ရေးကိုယ်တာကို ဘာမှ နောက်ကြောင်းလှန်ပြောစရာမလိုဘူး။ ခင်ဗျားက ဘယ်သူမို့လို့ ကျွန်တော့်ကို ဒီလိုပြောဆို ဆက်ဆံရတာလဲ။ "
သူက ပြုံးလိုက်သည်။ အင်မတန်သွေးအေးကာ ကြောက်စရာကောင်းသော အပြုံးဖြစ်သည်။
"မင်း ရဲ့အသက်ကို ကျုပ်ပိုင်တယ်ဆိုတာ မင်းမေ့နေတာလား မိုးစက်။ မေ့ချင်ယောင်ဆောင်နေတာ လား။ မင်းမလိုချင်လို့ လွှင့်ပစ်လိုက်တဲ့ တန်ဖိုးမရှိတဲ့ မင်းအသက်ကို ကျုပ်ပိုင်တယ်။ "
"ခင်ဗျား ဘာပြောတယ်။ တန်ဖိုးမရှိတဲ့ ကျွန်တော့် အသက်ဟုတ်လား။"
သူ့စကားများက မိုးစက်၏ဒေါသကို အရှိန်ပိုလို့မြှင့်လာစေခဲ့သည်။ မိမိအသက်သခင်ဖြစ်သော်လည်း မိမိကိုယခုလို ချိုးဖဲ့ပြောပိုင်ခွင့် သူ့မှာမရှိပါ။မိမိအသက်ကို အသက်ဆုံးစီရင်ခဲ့မိသည်နှင့်မိမိ အသက် ကတန်ဖိုး မရှိသောအဖြစ်ကိုရောက်ရသည်တော့ မိုးစက်မခံနိုင်ပါ။ သူခိုင်းသည့် အလုပ်ကို မလုပ်နိုင်ရုံ နှင့် မိမိကို သူစော်ကားနေသည်က လွန်လွန်းနေပြီ။
"ဟုတ်တယ်လေ။ အမှိုက်လို တန်ဖိုးမရှိလို့ ခဏခဏ လွင့်ပစ်ဖို့မင်းပြောနေတာ မဟုတ်လား။ အသည်းကွဲတော့ အသက်ကိုအဆုံးစီရင်ချင်တယ်။ မင်းကိုခိုင်းတဲ့ အလုပ်ကိုမလုပ်နိုင်တော့ အသက် ကို အဆုံးစီရင်ချင်တယ်။ ခလုတ်တိုက်ရင်လည်း မင်းအသက်ကို အဆုံးစီိရင်မှာပဲလား။ မင်းအသက် က လမ်းဘေးက အမှိုက်လိုပဲ တန်ဖိုးမရှိတာ မဟုတ်ရင်ဘာလဲကွ။"
မိုးစက်၏ မျက်နှာ ဒေါသနှင့် ရဲရဲနီလာပြီး သူ့ကို မရိုက်မိအောင် မနည်းထိန်းထားရသည်။ သူ့စကား များက မိမိဒေါသကို အနက်ရှိုင်းဆုံးထိ ဆွပေးနေသလိုပင်။ ပြုံးနေသော သူ့နူတ်ခမ်းများကို မုန်း သည်။ မိမိ အသက်ကိုကယ်ထားရုံနှင့် ဒ်ီလောက်ချိုးဖဲ့နေသည်က တကိုယ်လုံးကို ဒေါသသွေးများ အရှိန်ပြင်းပြင်းလှည့်လည်စေသည်အထိ ခံစားရစေသည်။
"ဦးထွဋ်ခေါင်"
မိုးစက် သူ့ကို အော်လိုက်သည်။ သူက မျက်နှာတစက်မှ မပြောင်းပေ။မိုးစက်၏ဒေါသက သူ့အတွက်
ရီစရာဖြစ်နေသည်။
"ပြော.... ကျုပ်ကို အသနားခံပြီး သေပါရစေလို့ပြောမလို့လား ရွှံ့တုံး မိုးစက်လေး။"
သူ့လှောင်ရယ်စကားများက မိုးစက်၏ လူသတ်ချင်စိတ်ကို ၂ ဆတိုးလာစေခဲ့သည်။
"ခင်ဗျား ကျွန်တော့်ကို စော်ကားတာ လုံလောက်ပြီ။ ဒီထက် မစော်ကားပါနဲ့တော့။ ဒီထက်ပြောလာ ရင် ကျွန်တော် သည်းမခံတော့ဘူး။ ကျွန်တော့် အသက်ကို ကယ်ထားလည်းကရုမစိုက်ဘူး။ ခင်ဗျား ကို အသေသတ်မိတော့မယ်။"
သူက အရယ်ရပ်ကာ ခပ်ပေါ့ပေါ့ပြောလိုက်သည်။
"အင်း... ပြောပုံကတော့ အတည်ကြီးလိုပဲ။ မာချင်ယောင်ဆောင်နေလိုက်တာကွာ။"
မိုးစက် သူ့မျက်လုံးထဲကို စိုက်ကြည့်ကာ တခွန်းခြင်းမေးလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို ဘာလုပ်စေချင်သလဲ။ အပို စကားမပြောပါနဲ့။"
သူက ဗြုန်းခနဲ နောက်သို့ပြန်လှည့်သွားပြီး စားပွဲနောက်သွားထိုင်ကာ မိုးစက် ချထားသော စာရွက်စာတမ်းများကို လက်ညှိုးထိုးပြကာ
"ဒီအလုပ်တွေကို ဒီနေ့ပြီးအောင်လုပ်။ မင်း နဲ့ ကျုပ် သဘောတူထားတာ ၂ နှစ်နော်။ ဒီ ၂ နှစ်ကို မင်း ဘယ်လိုဖြတ်ကျော်မလဲ ကြည့်ကြသေးတာပေါ့။ "
မိုးစက် အံကြိတ်ကာ သူ့ကို ဒေါသဖြင့်လှမ်းကြည့်ကာ
"ကောင်းပြီ။ ၂ နှစ်ပြည့်ရင် ခင်ဗျားကို သတ်ပြိး ကျွန်တော် ထွက်သွားမယ်။"
သူက မိုးစက်၏ ခြိမ်းခြောက်စကားကို ပုခုံးတွန့်ရုံတွန့်ပြကာ သူ့အလုပ်ကို ဆက်လုပ်နေလိုက်သည်။
မိုးစက် အသက်ကို ပြင်းပြင်းရှုကာ အာရုံကိုစုစည်းပြီး သူ့စာရင်းများကို စစ်ဆေးလိုက်သည်။ မိုးစက် ဦးထွဋ်ခေါင်ကို တကယ်စိတ်ဆိုးသွားသည်။ မိမိ ဘ၀တွင် မိမိကို ပထမဆုံး ချိုးချိုးဖဲ့ဖဲ့ပြောခြင်းခံလိုက် ရခြင်းဖြစ်သည်။ အကိုနှင်းထန်ပင်လျှင် မိမိကို ဒီလောက်ချိုးဖဲ့မပြောခဲ့ပါ။မိုးစက်မခံချင်လွန်းလို့ ခေါင်း ကိုခါကာ အလုပ်ထဲကို စိတ်နစ်လိုက်သည်။ စာရင်းများကို တခုပြီးတခုလုပ်လိုက်တာ အလုပ် အားလုံး ပြိးချိန်တွင် ည မိုးစုန်းစုန်းချုပ်သွားလေပြီ။ သူ ဘယ်အချိနှ်ထွက်သွားမှန်းပင် မသိလိုက်ပေ။ မိုးစက် မီးဖိုချောင်ထဲသွားကာ စားစရာကိုစားပြိး အိပ်ယာထက်တွင်လှဲလိုက်သည်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
မနက်မိုးမလင်းခင် နာရီAlam မြည်သည်နှင့် နိုးလာခဲ့သည်။မိုးစက် ကိုယ်လက်သန့်စင်ပြီး အားကစား
ဝတ်စုံကိုလဲကာ အားကစားခန်းမထဲကို လာခဲ့သည်။ သူက အသင့်ရောက်ကာ အကြောလျှော့ လေ့ကျင့်ခန်းပင်လုပ်နေပြီ။
မိုးစက် သူ့ကို စိတ်ဆိုးသဖြင့် စကားမပြောပဲ အကြောလျှော့ကာ ပြေးစက်ပေါ်တက်လိုက်သည်။ နာရီဝက် မှန်မှန်ပြေးပြီးနောက် လေ့ကျင့်ခန်းများကို တခုပြိးတခု လုပ်သွားခဲ့သည်။ သူကလည်း နားကြပ်ကို နားထဲထည့်ကာ သက်သောင့်သက်သာ အားကစားလုပ်နေသည်။ အားကစားလုပ်ပြိး မိုးစက် ရေချိုးကာ ထမင်းစားခန်းသို့ထွက်ခဲ့သည်။ သူက ရောက်နှင့်ပြီး သတင်းစာပင်ဖတ်နေလေပြီ။ မိုးစက် သူ့ကိုစကားမပြောပဲ အစားအားလုံးကို ကုန်အောင်စားလိုက်သည်။
အားရှိမှ ထိုရက်စက်သော လူကြီးခိုင်းသည့်အလုပ်များကို လုပ်နိုင်မည်မဟုတ်လား။ မိမိအတွက်ပြင် ထားသော သစ်သီးဖျော်ရည်များ၊ ကြက်ဥပြုတ်များ၊ ပေါင်မုန့်ကြမ်းများ ကိုအ၀စားလိုက်သည်။ မိုးစက် ဆုံးဖြတ်ထားလိုက်သည်။ ၂ နှစ်ပြည့်သည်အထိ အပြောအဆိုမခံရအောင်နေမည်။ သူခိုင်း သည်ကို မိမိရအောင်လုပ်မည်။ ပြီးမှ မိမိအသက် မိမိပိုင်သည်နှင့် ကိုယ့်ဖာသာ ဘာလုပ်လုပ်။ လောလောဆည် ထိုလူ၏ဓါးသွားထက် ထက်လှသော စကားလုံးများဒဏ်ကို မိမိထပ်မခံနိုင်တော့ပေ။
"သွားကြစို့..."
သူစားပြီးသည်နှင့် ပြောလိုက်သည်။ မိုးစက် သူ့ကို စကားမပြောသည်ကို သူက သတိပြုမည့်သည့်ပုံ မပေါ်ပေ။ ကားပေါ်တွင် Laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။ မိုးစက်ကို စာရွက်တထပ်လှမ်းပေး ကာ
"ဒါက သေချာဖတ်ထား။ "
မိုးစက် ဘာမှမပြောပဲ လှမ်းယူထားလိုက်သည်။ ပထမ သူ အထည်ချုပ်စက်ရုံကိုသွားသည်။ စက်ရုံ မန်နေဂျာနှင့်တွေ့ကာ လုပ်ငန်းအခြေနေကို မေးသည်။ စာရွက်စာတမ်းများကို စစ်ဆေးသည်။ Order အတက်အကျများ၊ အထည်များ၏ ကုန်ကြမ်းအရည်အသွေးများ၊ အထည်ဒီဇီုင်းများကိုသက်ဆိုင်ရာ ဌာနခေါင်းဆောင်များနှင့်တွေ့ကာ စကားပြောသည်။
မိုးစက်သတိပြုမိသည့်အချက်က သူက အလုပ်လုပ်လျှင် အမှားကို လုံးဝလက်မခံခြင်းဖြစ်သည်။ သူ့ဝန်ထမ်းများမှားလျှင်လည်း တုန့်ပြန်ပုံက ကြောက်စရာကောင်းလှသည်။ ထို့ကြောင့် သူ့ဝန်ထမ်း များက အားလုံးအမှားကင်းအောင် သတိထားလုပ်ထားကြသည်။ သူ့လုပ်ငန်းများအားလုံး တိကျ သေချာမှုကို အခြေခံထားခြင်းဖြစ်သည်။
အထည်ချုပ်စက်ရုံကြီးတွင်နေ့တ၀က်ကျိုးသည်နှင့် သူက မိုးစက်ကို အိမ်ပြန်လွှတ်လိုက်သည်။ ဘာသာစကားသင်သည့် အချိန်ကျလာသောကြောင့်ဖြစ်သည်။ သူကလှမ်းပြောလိုက်သေးသည်။
"ည ၇ နာရီ မင်းကို ပေးထားတဲ့ စာတမ်းကို သေချာဖတ်ပြီး သုံးသပ်ချက်ကို ရေးတင်ထား။ "
မိုးစက် မျက်လုံးပြူးသွားသည်။ သူပေးထားသည်က A4 အရွက်၂၀ ရှိသည်။ မိမိ အင်္ဂလိပ်စာနှင့် မထတမ်းထိုင်လုပ်လျှင်ပင် ပြီးနိုင်မည် မဟုတ်ပေ။ သို့သော် သူ၏ လှောင်ပြောင်မှုကို မကြားချင်သော ကြောင့် မိုးစက် ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ကဲ့။"
"ကောင်းပြီ။ သွားတော့။"
သူက ပြောပြီး သူ့ဈေးကွက်မန်နေဂျာဘက်သို့ ပြန်လှည့်သွားကာ အလုပ်အကြောင်းဆက်ဆွေးနွေး နေတော့သည်။ မိုးစက် သည် မခံချင်စိတ်ဖြင့် ဘာသာစကားသင်တန်းချိန်ပြီိးသည်နှင့် မထတမ်း အလုပ်ထိုင်လုပ်နေလိုက်သည်။ ည သူ့စားပွဲပေါ် သုံးသပ်ချက်တင်ပြီးနောက် ညစာစားပြိး အိပ်သွား တော့သည်။
တဖြည်းဖြည်းနှင့် မိုးစက်ကို သူ အလုပ်များတိုးတိုးခိုင်းလာခဲ့သည်။ မိုးစက် ကလည်း မာနကြီးစွာဖြင့် မငြီးပဲ ပေးသမျှ အလုပ်များကို ပြီးအောင်လုပ်ခဲ့သည်။ တလပြီးတလကုန်ဆုံးသွားသည်ကို သတိ မထား မိအောင်ပင် အလုပ်ပိနေခဲ့ပြီး လူလည်း စက်ရုပ်တရုပ်လိုဖြစ်နေခဲ့သည်။
မိုးစက် သတိမထားမိခင်မှာပဲ မိမိဦးနှောက်ထဲမှ အကိုနှင်းထန်နှင့် ၀တီတို့ကို တဖြည်းဖြည်းမေ့စ ပြုလာခဲ့လေပြီ။
မနက် ၅ နာရီတွင် အိပ်ယာထပြီး ယောဂ နာရီဝက်လေ့ကျင့်သည်။ ပြီးလျှင် လေ့ကျုင့်ခန်း ၂ နာရီ လုပ်သည်။ ရေချိုးပြီးလျှင် သူနှင့် အတူ မနက်စာစားရန် အောက်ဆင်းလာခဲ့သည်။ သူနှင့်အပြိုင် မိုးစက်လည်း သတင်းစာဖတ်သည်။ ၉ နာရီထိုးသည်နှင့် သူနှင့်အတူ သူ့လုပ်ငန်းများကိုလှည့်ပတ် ကြည့်သည်။ ယခုဆိုလျှင် သူတို့ပြောဆိုဆွေးနွေးသည်များကို မိုးစက် နားလည်လာလေပြီ။
သူမိမိကို လုပ်ခဲ့သည့်ရည်ရွယ်ချက်ကို ၆ လပြည့်ချိန်တွင် မိုးစက် နားလည်ခဲ့လေပြီ။ သူ့ကိုလည်း စိတ်မဆိုးတော့ပေ။ မိမိဒေါသကိုဆွပေးခြင်းဖြင့် နာကျင်မှုနွံထဲက ရုန်းထွက်လာအောင် သူလုပ်ပေး ခဲ့ခြင်းဖြစ်သည်။
"အကိုကြီး"
သူ မိုးစက်ကို တချက်လှမ်းကြည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အကိုကြိီး။"
သူ ဘာမှ ပြန်မပြောခဲ့ပါ။ ပြုံးကာ ခေါင်းငြိမ့်ရုံသာငြိမ့်ပြခဲ့သည်။ မိုးစက် သူ့ရှေ့တွင် ရပ်ကာ ထပ်ပြီး တောင်းပန်လိုက်သည်။
"ကျွန်တော် ရိုင်းခဲ့တာ တောင်းပန်ပါတယ် အကိုကြီး။"
သူက မိုးစက်၏ ခေါင်းကိုပွတ်ပေးပြိး
"မင်းရင်ထဲက အရိုင်းစိတ်ကို အကိုကြီးတမင်နှိုးပေးခဲ့တာပါ။ မင်းတောင်းပန်စရာမလိုပါဘူး။"
မိုးစက် သူ့ကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက ညီငယ်ကို အလိုလိုက်စွာချစ်ခင်စွာ ကြည့် နေပုံရသော သူ့မျက်လုံးများက မိုးစက်၏ယုံကြည်မှုကို တိုးပွားလာစေသည်။
"ဘာလို့ ဒီလိုလုပ်ခဲ့တာလဲဗျာ။"
"ဒါမှ မင်းအချိန်တိုအတွင်း ပုံမှန်ဖြစ်လာမှာ မဟုတ်လား။"
မိုးစက်ခဏငြိမ်သွားသည်။ ပြီိးမှမေးလိုက်သည်။
"အကိုကြီး ဒီလိုလုပ်ရတယ်ဆိုတာ ဘယ်လိုသိခဲ့တာလဲ။"
"ကိုယ် အသည်းကွဲတုန်းကလည်း ဒိီနည်းနဲ့ ပုံမှန်ဖြစ်အောင် ပြန်ထူထောင်လာခဲ့တာပဲ။ ဒါကြောင့် သိတာပေါ့။ မင်းက ကိုယ့်ထက်သာပါတယ်။ ကိုယ့်တုန်းက ၁ နှစ် အချိန်ယုရတယ်။"
မိုးစက်သူ့ကို ကျေးဇူးတင်စွာကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော့် ဘေးမှာ အကိုကြီးရှိလို့ပါ။ "
စနေထွဋ်ခေါင် မိုးစက်ကို စိုက်ကြည့်ကာ
"မင်း သူတို့ကို သတိရတုန်းပဲလား။"
မိုးစက် သူ့ကို ဆတ်ခနဲ မော့ကြည့်ကာ မေးလိုက်သည်။ ရင်ထဲဝယ် နာကျင်မှုပါးပါးလေးတော့ ခံစား လိုက်ရသည်။
"အကိုကြီးဘာလို့မေးတာလဲ။ "
စနေထွဋ်ခေါင် သည် မိုးစက်မျက်ဝန်းထဲမှ အရိပ်တချို့ကို မြင်လိုက်ရစဉ် ပြောမည့်စကားကို ဆက်မပြောပဲ မြိုသိပ်လိုက်သည်။
"ဘာမှ မဟုတ်ပါဘူး။ မင်း သူ့ကို ချစ်နေတုန်းပဲလားလို့သိချင်လို့ပါ။"
မိုးစက် မျက်နှာကိုလွဲလိုက်သည်။ မိမိမျက်ဝန်းထဲမှ အလွမ်းရိပ်ကို သူ့ကို မမြင်စေချင်ပါ။ မိမိစိတ်က ထင်သလောက် မမာသေးသည်ကို မိမိအသိဆုံးဖြစ်သည်။ သူ့အကြောင်းကြားတော့ အချစ်စိတ် တချို့နှင့်နာကျင်မှုတချို့က ပြူထွက်လာချင်သေးသည် မဟုတ်လား။
"ကျွန်တော် မသိဘူး။"
စနေထွဋ်ခေါင် သက်ပြင်းချလိုက်မိသည်။ မိုးစက် သူ့ချစ်သူကို ချစ်နေဆဲဖြစ်သည်။ ဒါဆိုလျှင် ယခု သူ့ကိုပြောမည့်သတင်းက မိုးစက်ကို အနည်းနှင့်အများတော့ နာကျင်စေဉ်ီးမည်ဖြစ်သည်။ သို့သော် သေချင်စိတ်ပေါက်သည်အထိတော့ မဖြစ်နိုင်တော့ပါ။ ထို့ကြောင့် မိုးစက်ကို တချက်ဖက်လိုက်ကာ
"အိုကေ.... မင်းဒီနေ့ အိမ်မှာ နားလိုက်ဦး။ ကိုယ် အလုပ်မသွားဘူး။ ဧည့်သည်တစ်ယောက်နဲ့ ချိန်းထားတာရှိလို့။"
မိုးစက် အံ့သြသွားသည်။ မိမိရောက်ပြိး ၈ လအတွင်း သူအလုပ်နားတာ ပထမဆုံးဖြစ်သည်။ ထို့ကြောင့် မိုးစက် သူ့ကို စူးစမ်းစွာကြည့်ကာ မေးလိုက်သည်။
"အကို ဒီနေ့ဘာဖြစ်လို့လဲဟင်။"
သူက ပေါ့ပေါ့ပါးပါးရယ်မောကာ
"ဘာမှ မဖြစ်ပါဘူးကွ။ မင်းလည်း အေးအေးဆေးဆေး နားပါ။ ကိုယ်လည်း တခါတလေ နားချင်တာ ပေါ့။ ဘာမှ မဟုတ်ပါဘူး။ ခေါင်းရှင်းချင်လို့ပါ။"
မိုးစက် သံသယကင်းသွားသည်။ သို့သော် သူထွက်သွားပြီးနောက် မိုးစက်လည်း ပျင်းပျင်းနှင့် သူ့ အလုပ်ခန်းထဲသို့ လာခဲ့သည်။ နေ့တိုင်း အလုပ်နှင့် လက်နှင့် မပြတ်လုပ်နေကျဖြစ်လို့ နားရတော့ ယောင်ချာချာဖြစ်နေမိသည်။ စာကြည့်ခန်း စားပွဲပေါ်မှ မြန်မာ သတင်းစာတစ်စောင်ကို တွေ့တော့ ဘာရယ်မဟုတ် ယူပြီးကြည့်လိုက်သည်။ ဟိုလှန်သည်လှန်နှင့် နောက်စာမျက်နှာများမှ သားကလေး မွေး သည်ကို ဂုဏ်ပြုကြောင်း ကြေငြာကြိးကိုတွေ့သောအခါ မိုးစက်၏ မျက်ဝန်းထဲမှ အကြည့်တို့ ၀ါးလာခဲ့သည်။
ထန်လုပ်ငန်းစု၏ ဆက်ခံသူ မျိုးဆက်ကိုမွေးဖွားပေးခဲ့သည့် ဒေါက်တာနှင်းထန်နှင့် စောမြ၀တီကို ကျေးဇူတင်ဂုဏ်ပြုကြောင်း
သတင်းစာကို အတန်ကြာကိုင်ကြည့်နေမိပြိး မိုးစက် သက်ပြင်းရှိုက်ကာ အိမ်အပြင်ကို ထွက်လာခဲ့ သည်။ ဦးတည်ရာကာ အိမ်ဘေး ရေကူးကန်ဆီသို့ဖြစ်သည်။ ရေကူးကန်ဘေးသို့ရောက်သော် ဖိနပ်ကိုချွတ်လိုက်ကာ အ၀တ်မလဲတော့ပဲ ရေထဲခုန်ဆင်းသွားခဲ့သည်။
" ၀ုန်း....."
ကန်ဘောင်တွင် ရေများစင်သွားခဲ့သည်။