အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၁၃)
နှင်းထန်သည် ခေါင်မိုးပေါ်မှဆင်းလာပြီးနောက် အပြင်သို့ထွက်လာခဲ့သည်။ သွားစရာနေရာလည်း မရှိပေ။ မိမိအတွက်မြေကကျဥ်းလွန်းလှသည်။ မိုစက်မရှိသည့်နောက် မိမိဘ၀သည် အိမ်နှင့် အလုပ် သာကူသန်းသွားလာနေခဲ့သည်။ ညအိပ်ချိန်တိုင်း မိုးစက်ကို သတိရလျှင် အရက်ဖြင့်ဖြေသိမ့်ကာ ခြောက်ခြားစရာညတွေကိုဖြတ်သန်းခဲ့သည်။
မေမေမရှိသည့်နောက် အထီးကျန်ခံစားရသလို ခံစားနေရသည်။ သို့သော် ၂ နှစ်ပြည့်ပြီးလျှင် မိုးစက် ကိုပြန်ခေါ်လာနိုင်တော့မည်ဟူုသောအသိဖြင့်သာ အားတင်းပြီးရှေ့ဆက်နေရသည်။ အလုပ်ကို ကြိုးစားလုပ်သည်။ ငွေကြေးနှင့်ပတ်သတ်လာလျှင် အင်မတန်ကို တင်းကြပ်သည့် စနစ်ကိုချမှတ်ကာ ကာကွယ်ထားသည်။ ဒယ်ဒီ့ သဘောတစ်ခုတည်းနှင့် ငွေအလုံးအရင်းထုတ်လို့မရတော့ပေ။ ငွေ ပမာဏ အတော်များများထုတ်ချင်လျှင် ဘုတ်အဖွဲ့အစည်းအဝေးတွင် မဲခွဲပြီးမှထုတ်လို့ရတော့သည်။
အလုပ်က နှင်းထန်၏ ဘ၀ဖြစ်ခဲ့သည်။အလုပ်လုပ်နေလျှင် မိုးစက်ကို လွမ်းသည်ကို နည်းနည်းတော့ ခံနိုင်ရည်ရှိသေးသည်။ ထို့ကြောင့် နှင်းထန် အလုပ်တွင်ပိုနေခဲ့သည်။ အခုတော့ ဒယ်ဒီက ကလေးကို ခေါ်လာတော့ အလုပ်တွင်နေချင်စိတ်မရှိတော့ပေ။ ထို့ကြောင့် နှင်းထန်ထွက်လာခဲ့သည်။ အပြင်ရောက်တော့လည်း ဘယ်သွားရမှန်းမသိပေ။ ထို့ကြောင့် စိတ်လေလေဖြင့်လာရင်း ၀သုန်ကို သတိရသွားသည်။ ယခုတလော မိုးစက် သတင်းမကြားရတာကြာပြီဖြစ်သောကြောင့် ၀သုန့်ထံမှ ချစ်သူသတင်းကို ကြားချင်သဖြင့် ထွက်လာခဲ့သည်။
ဝသုန်သည် မထင်မှတ်ပဲ မိမိတိုက်ခန်းသို့ သူဌေးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသဖြင့်အံ့သြ နေသည်။
"Boss ပါလားဗျာ။ကျွန်တော် ဘာအကူအညီပေးရမလဲ။"
ဝသုန်က ရိသလိုမေးသည်။ နှင်းထန်သက်ပြင်းရှိုက်လိုက်ပြီး
"မင်း အားလား ၀သုန်။"
"ညနေ သီချင်းအသစ်တိုက်စရာရှိတယ်ဗျ။"
နှင်းထန်သည် ဖုန်းတစ်ချက်ကောက်ဆက်ကာ အစီအစဉ်ကိုဖျက်ခိုင်းလိုက်ပြီး ၀သုန့်ကို တောင်းဆို လိုက်သည်။
"ဒီညနေခင်း ကိုယ့်ကို ကျေးဇူးပြုပြီး အဖော်ပြုပေးပါဦးကွာ။ "
ဝသုန် သူ့ကိုဘာသဘောလဲဟု အကဲခတ်ကြည့်လိုက်စဉ် သူ့ပုံက ပင်ပန်းနွမ်းနယ်နေပြီး အကူအညီ တောင်းသည့်ပုံပေါ်နေသဖြင့် ၀သုန် စိတ်ကိုလျှော့လိုက်သည်။ သူဝင်လို့ရအောင် တံခါးဖွင့်ပေးပြီး
"အထဲမှာ ခဏစောင့်ပေးပါဦး။ ရေပြေးချိုးလိုက်ဦးမယ်။"
နှင်းထန်ခေါင်းငြိမ့်ကာ ဆိုဖာပေါ်လှဲချလိုက်သည်။ ၀သုန်သည် ခြေပစ်လက်ပစ် သူ့ပုံစံကို မတွေ့ဖူး သဖြင့် အကဲခတ်နေပြီးရေချိုးခန်းထဲ ၀င်သွားသည်။ ကြုံတုန်း မိုးစက်နှင့် ပတ်သတ်သည့်အစီ အစဉ် ကိုနားစွင့်လိုက်ဦးမည်ဟုတွေးလိုက်သည်။
နှင်းထန်သည် ခေါင်မိုးပေါ်မှ စောမြ၀တီနင့်နင့်သည်းသည်း ငိုနေသည်ကို တွေ့သောအခါ နှင်းထန် ငယ်စဉ်မိမိတို့ အတူဆော့ကစားခဲ့သည့် ကလေးမလေး ငိုနေသည်ကို ပြန်သတိရပြီး စိတ်မကောင်း တော့ဖြစ်မိသည်။ ၀တီငယ်စဉ်က အင်မတန်ကို ချစ်ဖို့ကောင်းသည်။မိမိနောက်ကို ကိုကို ကိုကိုနှင့် တကောက်ကောက်လိုက်ခဲ့သည့် ချစ်စရာညီမလေးက ဘယ်လိုလုပ်ပြီး အခက်အခဲကြုံနေချိန်တွင် မိမိကို ငွေနှင့် အကြပ်ကိုင်နိုင်သည်အထိ စိတ်မာသွားသည်ကို နားမလည်နိုင်တော့ပေ။
ဝတီနှင့် မိမိမှားယွင်းခဲ့ဖူးသည့် ငယ်ရွယ်စဉ်ကလေးဘ၀က မေမေ မေးစဉ်က ၀တီလက်ခံခဲ့လို့ မိမိ တို့လက်ထပ်ခဲ့လျှင်တော့ အခုအချိန်မှာ ၀တီကို မိမိချစ်ကောင်းချစ်မိနေလိမ့်မည်။ ထိုအခါ မိုးစက် နင့်တွေ့စရာအကြောင်းလည်း ရှိတော့မည်မဟုတ်ပေ။ ထိုစဉ်က မိမိကို ၀တီငြင်းဆန်ခဲ့ပြီးနောက် မိမိ ထိုရှက်စရာ အဖြစ်ကိုမေ့ပစ်ရန် အတော်ကို ကြိုးစားလိုက်ရသည်။
ဝတီ့ထံတွင် မိမိရင်သွေးရှိကြောင်းသာသိခဲ့လျှင် သူမကို မိမိတာဝန်ယူခဲ့မည် ဖြစ်သည်။ သို့သော် ၀တီသည် အရာအားလုံးကို ဖျက်ဆီးပြီးမှ နှောင်းတော့မှ မိမိကိုဘာကြောင့် လိုချင်တပ်မက်ရသည် ကိုနားမလည်နိုင်တော့ပေ။
"အကို သွားကြစို့.."
ဝသုန့် အသံကြားမှ နှင်းထန် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ၀သုန် မိမိကိုရပ်စောင့်နေသည်ကို တွေ့သော် ဆိုဖာပေါ်လှဲနေရာမှ ထထိုင်ကာ မျက်နှာကို လက်နှင့်ပွတ်သပ်ကာ ခေါင်းကို ခါယမ်း လိုက်ပြီးထရပ်ကာ ထွက်ခဲ့သည်။
"အကို ကျွန်တော် မောင်းခဲ့ရမလား။"
နှင်းထန် ပင်ပန်နွမ်းနယ်နေပုံရသဖြင့် ၀သုန်ပြောလိုက်သည်။ နှင်းထန်ဘာမှမပြောတော့ပဲ ကားသော့ ကို လှမ်းပေးလိုက်သည်။ ၀သုန်ကားစက်ကိုနှိုးပြီးတော့မေးလိုက်သည်။
"အကို ဘယ်ကို မောင်းရမလဲ။"
"အေးအေးဆေးဆေးစကားပြောလို့ရတဲ့နေရာကိုမောင်းပါ။ ကိုယ် စကားပြောချင်လို့။"
ဝသုန်ဘာမှမပြောပဲ သူပြောသည့်အတိုင်း အေးဆေးသောစားသောက်ဆိုင်သို့မောင်းပို့ပေးလိုက် သည်။ စားစရာနှင့်သောက်စရာမှာပြီးသည့်တိုင် သူက စကားတခွန်းမှမပြောပဲ ငြိမ်နေသဖြင့် ၀သုန် လည်း ငြိမ်နေလိုက်သည်။ သူဘာမှမပြောမချင်း မိမိဘက်ကလည်း ဘာမှမပြောရန်ဆုံးဖြတ်ထား သည်။ သူတို့ကြားမိမိမပါချင်တော့ပေ။
ကလေးအပေါ် အကိုနှင်းထန် အေးစက်သည်ကို မိမိသိသည်။ စောမြ၀တီအပေါ် ရက်စက်သည်ကို ပြန်ကြားသည်။ မိမိသူငယ်ချင်းရင်ကွဲရသည်ကိုလည်း အသိဆုံးဖြစ်သည်။ ပြီးတော့ သူလည်း သက်သာမည့်ပုံမပေါ်ပေ။ မိမိက ဘေးပရိတ်သတ်ဆိုတော့ သူတို့နေရာလည်း မနေဖူးတော့ သူတို့နေရာမှလည်း မခံစားဖူးပေ။ ဘယ်သူမှားပြီး ဘယ်သူမှန် သည် ကိုပြောရဲသည်အထိတော့ မိမိ မတတ်နိုင်ပါ။
"မင်း ကိုယ့်ကိုမုန်းနေမှာပဲနော် ..."
ဝသုန်လိမ်လည်းမပြောချင်သဖြင့် ငြိမ်နေလိုက်သည်။ နှင်းထန်က ခြောက်ကပ်ကပ်ရယ်လိုက်သည်။
"ကိုယ့်အချစ်က မိုးစက်ကို နာကျင်မှုတွေချည်းပေးနိုင်ခဲ့လို့ မင်းကိုယ့်ကို မုန်းတာထက် ကိုယ့်ကိုယ်ကို ပိုမုန်းတယ်သိလား ၀သုန်။ "
ဝသုန် သူ့ဖန်ခွက်ထဲ သောက်စရာကို ငဲ့ထည့်ပေးကာ စိတ်မသက်သာဟန်ဖြင့်ကြည့်ကာ
"အကို.... စိတ်လျှော့လိုက်ပါတော့ဗျာ။"
နှင်းထန်သည် ၀သုန်ငဲ့ပေးသော အရက်ကို တကျိုက်တည်း မော့ချကာ သံယောင်လိုက်ကာ ပြောလိုက်သည်။
"စိတ်လျှော့လိုက်ပါတော့... ဟုတ်လား ၀သုန်။ အကို့ဆီမှာလေ...မိုးစက်ကိုချစ်တဲ့အချစ်ကလွဲရင် ဘာမှ အကောင်းတိုင်းမကျန်တော့ဘူး။ အကို့ဂုဏ်သိက္ခာ၊ အကို နာမည်၊ အကို့အကြင်နာတရား၊ အကို့ပျော်ရွှင်မှု၊ အကို့ချစ်သူ၊ အကို့မိသားစု...ဒါတွေအားလုံး ဘာမှမရှိတော့ဘူး ညီ။ ဘာမှမကျန် တော့ဘူး။ အေး... ကိုယ့်ရဲ့ မသန့်စင်တဲ့ နှလုံးသားထဲမှာ မိုးစက်ကို ချစ်တဲ့အချစ်တစ်ခုပဲ အကောင်းတိုင်း ကျန်တော့တယ် ညီရယ်။ အခုမှတော့ မိုးစက်ကို အကိုလက်လျှော့ရတော့မှာလား။"
ဝသုန် ဆက်မပြောပဲ ငြိမ်နားထောင်နေလိုက်သည်။ သူပြောသည့်စကားများက စဉ်းစားစရာတော့ရှိ လာသည်။ သို့သော် ၀သုန် သူပြောသည်ကို လုံးလုံးလက်မခံပါ။
"အကို့ကို ဘယ်သူမှ ဓါးထောက်ပြီး ၀တီနဲ့ မအိပ်ခိုင်းခဲ့ပါဘူးဗျာ။"
ဝသုန်သည် နှင်းထန် စိတ်ဆိုးချင်ဆိုးပါစေတော့ဆိုပြီး မိမိအထင်ကို ရဲဝံ့စွာပြောလိုက်သည်။
သူ နာကျင်စွာပြုံးလိုက်သည်။ အဝေးကိုငေးကာ ၀န်ခံသည်။
"မှန်တယ်။ ဓါးနဲ့ထောက်ပြီး အိပ်ခိုင်းခဲ့တာတော့ မဟုတ်ဘူး။ ၀တီ့ငွေတွေကြောင့် ကိုယ်လည်း သဘောတူပြီး တိရိစ္ဆာန်လို မောင်နှမ၀မ်းကွဲချင်း မျိုးစပ်ခဲ့တယ် ၀သုန်။ ကိုယ့်လိုလူကို မိုးစက် ဘယ်လိုမှ သည်းခံပြီး ဆက်မချစ်နိုင်တော့ဘူးဆိုတာ ကိုယ်သိပါတယ်။ ဒါပေမယ့် ၀သုန်ရေ ကိုယ် လည်း ဒီလိုဘ၀မှာ ဘယ်နေချင်ပါ့မလဲကွာ။ ကိုယ့် ဘ၀တလျှောက်မှာ မှားခဲ့တာ အများကြီးရှိခဲ့ ပါတယ်။ ကိုယ်မှန်အောင်လုပ်ခဲ့တာဆိုလို့ မိုးစက်ကို ချစ်ခဲ့တာပဲ ရှိတယ် ညီ။ ကိုယ် သေမှ မိုးစက်ကို လက်လျှော့မယ်။ "
ဝသုန် ငြိမ်မနေနိုင်တော့ပဲ ၀င်ပြောလိုက်ရတော့သည်။
"အကို အတ္တကြီးလွန်းတယ်လို့ မထင်ဘူးလား။အကို့သားအပေါ်အကိုမတရားသလို မိုးစက် အပေါ်လည်းမတရားဘူး။"
နှင်းထန်၏ မျက်နှာပြိုတော့မည့်မိုးလို မှိုင်းညှို့လာသည်။
"အကိုမှားသွားတာ တခုက မိုးစက်ကိုလက်လွှတ်ရမှာစိုးလို့ သူ့ကိုရင်ကွဲအောင်လုပ်ခဲ့မိတာပဲ။ ၀တီ နဲ့ ကိုယ်အပေးအယူလုပ်နေတုန်း သူ ကိုယ့်ကို မုန်းနေရင် သူ့အတွက် ပိုပြီး ခံသာမလားလို့ ကိုယ့်သူ့ကို စိတ်ဆိုးအောင် တမင်ပြောခဲ့မိတာ အရမ်းမှားသွားခဲ့တယ် ၀သုန်။"
ဝသုန်သက်ပြင်းရှိုက်လိုက်မိသည်။
"အကို့လုပ်ရပ်တွေထက် အကို့စကားလုံးတွေက သူ့ရင်ကို ရက်ရက်စက်စက် ခွဲခဲ့တာပဲ အကိုရာ။ ကိုယ့်ချစ်သူဆီက စိမ်းကားတဲ့စကားတွေထက် ကိုယ့်ကို ဘာကမှ မနာကျင်စေပါဘူး။ အကိုသာ သူ့ကို ပွင့်ပွင့်လင်းလင်းပြောခဲ့ရင် သူ အကို့ကို စိတ်နာသွားမှာမဟုတ်ဘူး။ ပြီးတော့ စောမြ၀တီနဲ့ အကို လူမြင်ကွင်းမှာတွဲခဲ့တာတွေက သူ့ကို သိမ်ငယ်စိတ်ဝင်စေတယ် အကို။"
နှင်းထန် ၀သုန့်စကားကို ကြားသော ဘာမှမပြောပဲ အရက်ခွက်ကို တရှိန်ထိုးမော့ချလိုက်သည်။
"ကိုယ် ၀တီကို ရှယ်ယာရှင်တယောက်အနေနဲ့ လိုက်ပြခဲ့တာပါ။ ကိုယ့်ရင်ထဲမှာ မိုးစက်တစ်ယောက် တည်းရှိတာပါ။"
"ဒါပေမယ့် အခု အကို့မှာ သားတစ်ယောက်ရှိလာပြီလေ။ မိုးစက်ကို လက်လွှတ်လိုက်ပါတော့ အကိုရယ်။ အားလုံး နာကျင်နေရလိမ့်မယ်။ အကို့သားလေးကြောင့် မိုးစက် အကို့ဘေးကို ပြန်လာမှာ မဟုတ်တော့ဘူး။"
"မလာလို့ မရဘူး။ သူပြောတဲ့အတိုင်း ကိုယ်အားလုံးလုပ်ပေးနိုင်ရင် သူပြန်လာရမှာပဲ။ ကိုယ် မိုးစက်ကို သေမှ လက်လျှော့မယ်။"
ဝသုန် သညအချစ်ကိုသာ အလေးထားသော သူ့ကို စိတ်ပျက်စွာကြည့်ကာ
"အကို့ဘေးမှာ သူ ငိုနေရလည်း အကို ခေါ်ထားမှာပေါ့ ဟုတ်လား။"
သူ တုန်ယင်စွာပြောလိုက်သည်။
"ကိုယ့်ဘေးမှာ သူလုံးဝမငိုစေရဘူးလို့ ကတိပေးတယ် ၀သုန်။ သူပျော်ဖို့ဆိုရင် ကိုယ့်အသည်းကို တောင်ပြန်ခွဲရဲပါတယ်။ "
ဝသုန်စိတ်ညစ်သွားတော့သည်။
"မသိတော့ဘူးဗျာ။ ကျွန်တော် နားမလည်နိင်တော့ဘူး။ အကိုတို့ဖာသာ ရှင်းကြတော့။ သေချာတာ တခုကတော့ ကလေးကို ထိခိုက်အောင်လုပ်ရင် အကို့ကို သူမုန်းမှာပဲ.."
နှင်းထန် တချက်ရယ်လိုက်သည်။ ၀သုန်ပင်ကြောင်သွားသည်။
"သူ ကိုယ့်ကို ထောင်ချောက်ဆင်ထားမှာ ကိုယ်သိပြီးသားပါ။ ကိုယ် အကောင်းဆုံးဖြေရှင်းပါ့မယ်။ ကဲ ချစ်သောသူနဲ့ ကွေကွင်းရတဲ့အတွက် Cheer.."
ဝသုန် စိတ်မကောင်းစွာဖြင့် ခွက်ခြင်းတိုက် လိုက်သည်။ ထိုနေ့က သူပြောသည်ကို စောဒက မတက်ပဲ ငြိမ်ပြီးနားထောင်နေလိုက်သည်။ သူ့စိတ်ထဲတာရှိသည်ကို နားထောင်ရင်း သူ အရမ်းအထီး ကျန်နေသည်ကို သိလိုက်သည်။
"အကို့ကို ကျွန်တော် အိမ်ပြန်ပို့ပေးမယ်။ "
သူ ခေါင်းသာငြိမ့်ပြနိုင်တော့သည်။ ခေါင်းမထောင်နိုင်အောင်ကို ဖြစ်နေပြီမဟုတ်လား။ အိမ်ရောက် သောအခါ အလုပ်သမားများ ၀ိုင်းတွဲကာ အိပ်ယာထက်တွင်တင်ပေးလိုက်သည်။
"မိုးစက်...မိုးစက်...ကိုယ့်ကို မထားခဲ့ပါနဲ့ မိုးစက်..."
နှင်းထန် မူးမူးနှင့်ရေရွတ်ရင်းမျက်ရည်က မျက်လုံးထောင့်မှ စီးကျလာခဲ့သည်။
ဝသုန်သည် ခေါင်းကိုသာ ယမ်းမိတော့သည်။ အခုမှတော့ ဘာမှမတတ်နိုင်တော့ပါ။ မိုးစက်ကို သူများ အသိုက်အမြုံဝင်ဖျက်သည့် ကျီးမဲကြီးမဖြစ်စေချင်တော့ပါ။
"Sorry အကိုရေ။ အကို့ခံစားချက်ကို ကျွန်တော့် သူငယ်ချင်းကို မပြောပြနိုင်လို့ ခွင့်လွှတ်ပါ။ ကျွန်တော့် သူငယ်ချင်းဘက်ကနေပါရစေဗျာ။ အကိုလည်း လက်ရှိဘ၀ကိုလက်ခံလိုက်တာ အကောင်းဆုံးဖြစ်မှာပါ။ အကို့ခံစားချက်ကို စာနာပေမယ့် နားလည်မပေးနိုင်ဘူးဗျာ။"
ဝသုန်အသံတိတ်တောင်းပန်ပြီး တိုက်ခန်းသို့ပြန်လာခဲ့သည်။
နှင်းထန် ညတိုင်း သောက်သည့်သတင်းက
စောမြ၀တီ ထံသို့ေ ရာက်သွားခဲ့သည်။ စောမြ၀တီသည် သားလေးကို ချော့သိပ်ရင်း အသံထွက်အောင် ငိုကြွေးနေမိသည်။ သားလေးကတော့ ဘာမှမသိပဲ အပူအပင်ကင်းစွာဖြင့် နို့စို့နေသည်။
မိမိ၏ အချစ်က ကိုကို့ကို ဒီလောက်နာကျင်ကာ ဘ၀ပျက်စေသည်ဆိုလျှင်တော့ ဒါက အချစ်မဟုတ် တော့ပေ။ မိမိအတ္တဖြစ်သွားလေပြီ။ စောမြ၀တီ အခုတလော မိမိဘ၀ရှေ့ရေးကိုတွေးတောစပြုလာ လေပြီ။
ဦးကြီးကတော့ လုံးဝလက်မလျှော့သေးပေ။ မိုးစက်ကို ကန်ထုတ်လိုက်နိုင်ပြီဖြစ်လို့ ၀တီကို ဆက်ကြိုးစားရန် တိုက်တွန်းနေဆဲဖြစ်သည်။ Company တွင် ကိုကို့မုန်းတီးခြင်း
၊ရှောင်ဖယ်ခြင်း ကိုခံပြီး စောမြ၀တီ နေလာခဲ့တာ ၂နှစ်နီးပါးရှိလေပြီ။
သားလေးကို Company ကိုခေါ်ခေါ်သွားတော့ ကိုကို အလုပ်တွင် သိပ်မနေတော့ပဲ အပြင်ထွက်ကာ အရက်သွားသွားသောက်နေသည်ကို သိတော့ ၀တီ သက်ပြင်းချမိသည်။ မိမိသားလေးကြောင့် သူ့ဒယ်ဒီ အရက်သမားလုံးလုံးဖြစ်သွားသည်ကို မိမိလက်မခံနိုင်ပေ။
ထို့ကြောင့် စောမြ၀တီ သည် မိမိအချစ်ကို အသွင်တမျိုးဖြင့်ပြသရန်ဆုံးဖြတ်လိုက်တော့သည်။
လူ့ဘ၀တွင် မိမိအသည်းနှင့်အောင်ချစ်ရသောသူရှိတာ ကံကောင်းသည်။ အချစ်ဆိုသည်ကို မိမိသိရှိ ခံစားခဲ့ရသည်။ ချစ်ဖူးသည်။ ချစ်သူထံမှ အချစ်ကို ပြန်ရသည်ကပိုလို့ကံကောင်းပါသည်။ မိမိတွင် ထိုသို့ကံမျိုးပါမလာဘူးဟု ဆုံးဖြတ်လိုက်တော့သည်။
ချစ်လွန်းလို့ အရယူဖို့ကြိုးစားခဲ့သည့် ရလဒ်ကို မိမိလည်းမျက်ဝါးထင်ထင်မြင်တွေ့ရလေပြီ။ မိမိ ကိုပြန်မချစ်လည်း ရှိစေတော့။ သားလေးကိုတော့ ဖခင်ထံမှချစ်ခြင်းမေတ္တာကိုရစေချင်သည်။ မိခင် တစ်ဦးအနေဖြင့် နောက်ဆုံးကြိုးစားရန်ဆုံးဖြတ်လိုက်သည်။
ဝသုန်သည် အိမ်တံခါးမှ Bell မြည်သံကြောင့် တံခါးဖွင့်ကြည့်လိုက်သောအခါ အံ့အားသင့်ကာ မျက်လုံးပင်ပွတ်ကြည့်လိုက်မိသည်။ မိမိလုံးဝ မထင်ထားသောသူတစ်ဦး တံခါးနောက်တွင် ရပ် နေသည်။
"Hello ၀သုန်။ တို့ကို အိမ်ထဲ ၀င်ခွင့်ပြုပါ။"
.............................................X............................X....................................
မိုးစက်သည် အလုပ်ကို တိုးကာလုပ်ကာ မိမိ၏ပျော့ညံ့သောစိတ်ကိုအတင်း ပြန်ပြင်ရန်ကြိုးစားနေ သည်။ အကိုကြီးနှင့် အလုပ်ကို တန်းတူလုပ်နိုင်အောင်ကြိုးစားရင်း ဖျားတော့သည်။ ညနက်အလုပ်လုပ်ရင်းပင်ပန်းသည့်အထဲ မိုးမိသွားတော့ အိပ်ယာထဲလဲတော့သည်။
"မင်း အိမ်မှာပဲ နားနေရမယ်။"
"အဲ့လောက် မလိုပါဘူးဗျ။ မနက်ဖြန် အလုပ်တက်မယ်။"
"မရဘူး။ မင်းဖြစ်တာ တုပ်ကွေး။ မင်းကြောင့် အလုပ်ထဲကလူတွေ တုပ်ကွေးကူးကုန်မယ်။ အိမ်မှာပဲ နား။ စကားမရှည်နဲ့၊"
"ဒါဆို အလုပ်တွေခွဲပေးထားဗျာ။ မဟုတ်ရင် ပျင်းလို့သေရချည်ရဲ့ဗျာ။"
စနေထွဋ်ခေါင် မျက်နှာထားတင်းတင်းဖြင့် ဆူလိုက်သည်။
"မင်းကို အနားယူပါလို့ပြောနေတာကို နားမလည်တာလား မိုးစက်။ ၃ ရက်နားလို့ အရှင်းပျောက် သွားမှာစိုးရိမ်နေလို့လား။ မင်းဒီလောက် အလုပ်လုပ်ချင်နေရင် နေကောင်းမှ အလုပ်လာခဲ့။ နားချိန်မရအောင် ခိုင်းလိုက်မယ်။ အဲ့ဒီအချိန် ကျုပ်ခရီးသွားစရာရှိတယ်။ မင်း ကျူပ်ကိုယ်စား company ကိုအုပ်ချုပ်ထားရမယ်။ "
"ဘယ်ကိုလဲဗျ.."
"ဥရောပကို။ ကုန်စည်ပြပွဲရှိလို့"
"ကောင်းပါပြီဗျ။ ဒါဆို ကျွန်တော် အိမ်မှာပဲ နားတော့မယ်။"
ထိုအခါမှသူပြုံးတော့သည်။
"ဒီလို လိမ္မာမှပေါ့ကွ။ အကိုကြီးက ညီ့ကို ပင်ပန်းမှာစိုးလို့ပါ။ လူက စက်ရုပ်မဟုတ်ဘူးလေ။ နေမကောင်းရင်တော့ နားအုံးမှပေါ့။ ဟုတ်ပြီလား။ ပြီးရင် ဆရာဝန် အိမ်လာပြီးဆေးထိုးပေးလိမ့် မယ်။"
မိုးစက်သူ့ကို ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။