အချစ်စစ်၏တည်နေရာ
Season-3
အပိုင်း (၆)
စနေထွဋ်ခေါင်သည် မိုးစက်ကို ဟိုတယ်ခန်းထဲ ထားရစ်ခဲ့သည်။မိုးစက်၏ ဆန္နအတိုင်း လွတ်လပ်စွာ ဆုံးဖြတ်စေချင်သည်။သူ့ကိုဘယ်လိုမှ ဖိအားမပေးချင်ပါ။ အချစ်ရေးက သူ့ကိုယ်ရေးကိုယ်တာ ဖြစ် သည်။ သူ့အရည်အချင်းတက်လာအောင် အရောင်တင်ပေးရန်က မိမိတာဝန်ဖြစ်သည်။သူ့အချစ်ရေး ကတော့ မိုးစက်အပိုင်းဖြစ်သည်။
Lobby တွင် အေးအေးဆေးဆေးထိုင်ကာ သတင်းစာဖတ်နေစဉ် နှင်းထန်နှင့် ၀သုန်ဖြစ်ဟန်တူသော ကောင်လေးတစ်ဦး ဓါတ်လှေကားထဲ ၀င်သွားသည်ကို တွေ့လိုက်ရသည်။ မိုးစက်ကို မိမိယုံသည်။ သူ အကောင်းဆုံး အဖြေကို ရွေးနိုင်လိမ့်မည်။
"ဒေါက်...ဒေါက်..."
"၀င်ခဲ့ပါ။"
နှင်းထန်သည် မိုးစက်၏ အသံကိုကြားသော် တံခါးကို ဖွင့်ပြီး အခန်းထဲကို ၀င်သွားလိုက်သည်။ မိုးစက်က ဆိုဖာနားတွင် ရပ်လျက် မိမိတို့ကို ကြိုနေသည်။ နှင်းထန်သည် မိုးစက်၏ ကိုယ်လေးကို ရင်ခွင်ထဲဆွဲပွေ့လိုက်စဉ် ခဏ ၉ လာကျော်လောက် လစ်ဟာနေသောရင်ခွင်က ယခုမှ ပြည့်စုံသွား သလိုခံစားလိုက်ရသည်။
"မိုးစက်.."
မိုးစက်သူ့ကို ပြန်မဖက်ပါ။ သူ့ရင်ခွင်တွင် ခါတိုင်းလိုပျော့ပျောင်းမနေနဲ တောင့်တင်းနေသဖြင့် နှင်းထန် မိုးစက်နှင့် လူခြင်းခွာလိုက်ကာ သူ့မျက်နှာကို ငုံ့ကြည့်လိုက်မိသည်။ မိုးစက်၏ မျက်နှာက ငြိမ်သက်လွန်းနေသည်။ တင်းမာခြင်းမရှိသလို မိမိကိုချစ်ခင်ခြင်းလည်း မရှိပေ။ သူ့မျက်ဝန်းထဲတွင် ရှိနေသည်က နာကျင်ခြင်းသာ ဖြစ်သည်။
"အကို။ ၀သုန် မတွေ့တာ ကြာပြီနော်။ ကျွန်တော်တို့ စကားပြောကြရအောင်။"
မိုးစက်က သူ့ကို သာမန်အသိတစ်ယောက်လို စကားပြောနေဟန်က နှင်းထန်၏ ရင်ကိုခွဲပြီး ဆားနှင့် ပက်သလိုခံစားလိုက်ရသည်။
"ကိုယ်က မင်းအတွက် သာမန်အသိတစ်ယောက်လိုဖြစ်သွားပြီလား မိုးစက်။"
နင်းထန်မအောင့်နိုင်ပဲ သူ့ကို စကားနာ ထိုးလိုက်မိသည်။ မိုးစက် ခံစားချက်မရှိသည့်မျက်လုံးဖြင့် ကြည့် ကာအသံမှန်ဖြင့်ပြောလိုက်သည်။
"ကျွန်တော်တို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ အကိုထိုင်ပါ။ ၀သုန် မင်းလည်းထိုင်ပါ။"
ဝသုန်သည် တချိန်လုံး ဒေါက်တာနှင်းထန်၏ နောက်မှရပ်ကာ အကဲခတ်ကြည့်နေရာမှ မိုးစက် ပြောင်းလဲသွားပုံကို သေချာတွေ့လိုက်သည်။ မိုးစက် မာကျောချင်ဟန်ဆောင်နေခြင်းဖြစ်သည်။ သူ့ ရင်ထဲတွင် အကိုနှင်းထန်၏သားလေးအတွက် ငိုကြွေးနေသည်။ငယ်ကတည်းက လည်ပင်းဖက်ပေါင်း
လာသူဖြစ်သောကြောင့် အပေါ်ယံမျက်နှာကဲ့သို့ နှလုံးသားက မမာကျောသေးသည်ကို ကောင်းစွာ သိလိုက်ပါသည်။
"မိုးစက်.."
ဝသုန် မိုးစက် ကိုလှမ်းဖက်ကာ နူတ်ဆက်လိုက်သည်။
"မင်း ဘယ်ရောက်နေတာလဲ။ ငါ နဲ့ အကိုက မင်းကို ရှာနေတာကြာပြီ။ နည်းနည်းတော့ ဆက်သွယ် မှပေါ့ကွာ။ မင်း သေမှန်းမသိ ရှင်မှန်းမသိနဲ့ မင်းဘယ်လောက်ထိ ငါတို့ကို နှိပ်စက်နေဦးမှာလဲ"
မိုးစက် ၀သုန်၏ ကျောကိုပုတ်ကာ
"ထိုင်ပါဦး။ ငါ အားလုံးပြောပြပါ့မယ်။ အကိုလည်း ထိုင်ပါ။"
မိုးစက်က တစ်ယောက်ဆိုဖာတွင် ထိုင်လိုက်တော့ မျက်နှာချင်းဆိုင် ၂ ယောက်တွဲခုံတွင် နှင်းထန်နှင့် ၀သုန်က ထိုင်ရတော့သည်။ နှင်းထန်သည် အိပ်ခန်းကို တချက်ဝေ့ကြည့်ကာ မေးလိုက်သည်။
"မင်း ဘယ်သူနဲ့ အတူတည်းတာလဲ ချာတိတ်.."
"အကိုကြီး စနေထွဋ်ခေါင် နဲ့တည်းပါတယ် အကို။ "
နှင်းထန် မိုးစက်၏ ပွင့်လင်းသောအဖြေကို ကြားလိုက်ရစဉ် အသက်မရှူနိုင်အောင်ဖြစ်သွားသည်။
"မင်းနဲ့ သူက..."
မိုးစက်သည် အကိုနှင်းထန်ကို စိုက်ကြည့်ကာ အဖြေပေးလိုက်သည်။
"ကျွန်တော် သူနဲ့ အတူနေနေတယ်။ "
နှင်းထန်၏ မျက်နှာ ဖြူယော်သွားသည်။ ထိုင်ရာမှ ဆတ်ခနဲထကာ မိုးစက်၏ နံဘေးသို့ရောက်လာပြီး ပုခုံးကို ဆုပ်ကိုင်ကာ မေးလိုက်သည်။ သူ့အသံက စိတ်လှုပ်ရှားလွန်းလို့ တုန်ယင်နေသည်။
"မင်းက ကျုပ်ဇနီး..."
မိုးစက် သူ့ကို မော့ကြည့်ကာ အေးဆေးစွာပြောလိုက်သည်။
"အကို့ဇနီးက သားလေးမွေးလို့ ဂုဏ်ယူပါတယ် အကို။"
ထိုစကားက သူ့ပါးကို အရိုက်ခံလိုက်ရသူလို ယိုင်သွားစေသည်။ နှင်းထန် မိုးစက်ရှေ့တွင်ဒူးထောက် လိုက်ကာ မိုးစက်၏ လက်ကို ဆွဲပြီးပြောလိုက်သည်။
"မင်းအပေါ်သစ္စာမဲ့ပြီး ၀တီနဲ့ ကလေးရတဲ့အထိ အိပ်ခဲ့တာ အကို့အပြစ်တွေပါ။ မင်းကျေနပ်တဲ့အထိ အကို့ကို အပြစ်ပေးပါ။ မင်းပေးတဲ့ အပြစ်အားလုံးကို အကိုခံယူပါ့မယ်။ မင်း ကိုယ့်ဘေးကို ပြန်လာခဲ့ ပါ။ မင်းကို ကိုယ်ချစ်တယ်။ အကို့ဘ၀မှာ မင်းတယောက်တည်းကိုသာ ချစ်ခဲတာပါ။ မင်းတယောက် တည်းကပဲ အကို့ဇနီး၊ အကို့ချစ်သူပါ။"
မိုးစက်သူ့လက်ထဲမှ မိမိလက်ကို အသာပြန်ဆွဲယူကာ
"အကိုထပါ။ ကလေးတွေလဲ မဟုတ်တော့ဘူး။ ဒီလိုမလုပ်ပါနဲ့။"
နှင်းထန်က ခေါင်းမာစွာဆိုသည်။
"မင်း ကို့နောက်ကို ပြန်မလိုက်မချင်း ကိုယ်လုံးဝမထဘူး။"
မိုးစက် ၀သုန်ကို လှမ်းကြည့်လိုက်သည်။ ၀သုန်က ဘာမှ မပြောပါ။ ကောင်းသည် ဆိုးသည် တခွန်းမှ မဝေဖန်ပဲ ကြည့်နေသည်။ မိမိသူငယ်ချင်းကို ကြောင်တောင်ထားကာ ၀တီနှင့်သွားအိပ်စဉ်က မိုးစက် ဘယ်လောက်ခံစားရသည်ကို မိမိအသိဆုံးဖြစ်သည်။ ထို့ကြောင့် စောမြ၀တီနှင့် အတူသွားသည်ကို တွေ့ပြီး မိုးစက်ပျောက်သွားကတည်းက ၀သုန် နှင်းထန်ကို တင်းသွားသည်။ ထို့ကြောင့် မိုးစက်ကို မိမိနည်းမိမိဟန်ဖြင့်ရှာသော်လည်း သူ့ကိုလုံးဝ အပတ်သတ် မလုပ်ခဲ့ပေ။
စောမြ၀တီကလေးမွေးပြီးနောက် သတင်းစာမျက်နှာပြည့် ဂုဏ်ပြုလွှာထည့်လာသောအခါ ၀သုန် ဒေါသ ထွက်လွန်းလို့ တနေကုန် ပေါက်ကွဲနေမိသည်။ နှင်းထန်၏ တေးဂီတဖြန့်ချီရေးနှင့်စာချုပ်ချုပ် ထားသော်လည်း ၀သုန် သတင်းမေးလုံးဝမသွားခဲ့ပေ။ လက်ဆောင်လည်းမပို့ပေ။
ကင်းကင်းနေသည့်ကြားမှ မိမိထံ ကိုနှင်းထန်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။ မိုးစက် ဆေးရုံကို ရောက်လာခဲ့သည်။ မိမိထံသေချာပေါက်ဆက်သွယ်မည်ဟုပြောကာ မိမိမကြည့်သည့်ကြား မှ မိမိတိုက်ခန်းမှ တဖ၀ါးမှ မခွာတမ်းစောင့်ကာ မိုးစက်ဆက်သွယ်လာမည်ကို စောင့်နေခဲ့သည်။
ထင်သည့်အတိုင်း မိုးစက် ဆက်သွယ်လာသောအခါ သူက တခါတည်းလိုက်ပါလာခဲ့သည်။ ၀သုန် မကြည်သော်လည်း မိမိအလုပ်ရှင်ဖြစ်သောကြောင့် ခေါ်ခဲ့ရသည်။ မခေါ်လည်း သူက မိမိဘယ်သွား သွား နောက်ကလိုက်နေမည့်ပုံပေါ်သည်။
တညလုံး သူက တမှေးမှ မအိပ်ပဲ မိမိဖုန်းကိုကိုင်ထားကာ စောင့်နေခဲ့သည်။ ဖုန်းလာတော့မှ သူက မိမိကို ကမ်းပေးခဲ့သည်။ သူကိုင်လျှင် မိုးစက်အတွေ့ မခံမည်ကို စိုးသောကြောင့်ဖြစ်သည်။
ယခုလည်း မိမိရှေ့တွင် ပြဇာတ်ဆန်ဆန် ဒူးထောက်ကာ တောင်းပန်နေသည်ကို စိတ်လှုပ်ရှားခြင်းမရှိ ပဲကြည့်နေလိုက်သည်။ မိုးစက် စိတ်မပျော့နဲ့ဟု စိတ်ထဲက ကြိတ်ပြောနေမိသည်။ မိုးစက်မိမိကို ကြည့်လာသောအခါ အကြည့်ဖြင့် သတိပေးနေမိသည်။ မိုးစက်က ပြုံးလိုက်ကာ ငြင်သာစွာပြောလိုက် သည်။
"အကို့ကို ကျွန်တော် အပြစ်မတင်ပါဘူး။ ကျွန်တော်နားလည်ပါတယ်။ လူတိုင်း သူ့အခက်အခဲနဲ့ သူ ရှိမှာပဲလေ။ အကိုထပါ။ အေးအေး ဆေးဆေး စကားပြောပါရစေ။"
နှင်းထန် မယုံကြည်နိုင်အောင်ဖြစ်သွားသည်။ မိုးစက်၏ အေးဆေးသောဟန်ပန်က မိမိကို စိတ်မအေး အောင်ဖြစ်စေသည်။ မိုးစက်၏ မျက်နှာကို အကဲခတ်လိုက်တော့ သူ့မျက်နှာက ငြိမ်သက်နေသည်။ နှင်းထန် သိလိုက်ပြီ။မိုးစက်က မိမိကိုစိတ်ဆိုးသည်ထက်ကို ကျော်လွန်သွားလေပြီ။သူစိတ်ပြေအောင် မိမိဘာလုပ်ပေးရမလဲဟု တွေးနေမိသည်။
"မိုးစက် မင်းကျေနပ်အောင် ကိုယ်ဘာလုပ်ပေးရမလဲ။"
"ဘာမှမလုပ်ပါနဲ့။ အကို့ဘေးကို ကျွန်တော် ပြန်မလာနိုင်ဘူး။"
မိုးစက်အေးဆေးငြင်သာစွာပြောသောစကားသံက နှင်းထန် ကိုကြက်သေသေသွားစေသည်။
"ဘာကြောင့်လဲ။ စနေထွဋ်ခေါင် နဲ့ မင်းချစ်သွားလို့လား မိုးစက်။ "
မိုးစက် တချက်ရယ်လိုက်သည်။ မတွေ့ရသည့်ကာလအတွင်း မိုးစက် ပြောင်းလဲသွားသည်။ ပိုလှပြီး ပိုဆွဲဆောင်မှုရှိလာသည်။ ပိုတည်ငြိမ်လာသည်။ ပိုရင့်ကျက်လာသည်။ နှင်းထန် မိုးစက်ကို ကြည့်ရင်း ရင်ပူလာသည်။ သူက မိမိအပေါ် သိပ်မလေးနက်တော့သလိုခံစားလိုက်ရသည်။
"လူနှစ်ယောက်က ကိလေသာစိတ်နဲ့ ရစ်ပတ်နှောင်ဖွဲ့မှ အတူနေလို့ရမှာလား အကို။ ကျွန်တော့်မှာ အကြောင်းရင်းရှိပါတယ်။ သူ့အနားမှာ ၂ နှစ်နေမယ်လို့ ကျွန်တော် သဘောတူ ထားလို့ပါ။"
နှင်းထန် အထိတ်တလန့်မေးလိုက်သည်။
"မင်းက ဘာကြောင့် သူ့နားမှာ ၂ နှစ်နေရမှာလဲ။ ကိုယ် သဘောမတူဘူး။"
"အကို သဘောမတူလည်း ကျွန်တော် ကရုမစိုက်ဘူး။"
"ကရုမစိုက်လို့မရဘူး။ မင်းက ကျုပ်မိန်းမ။"
မိုးစက် ရယ်လိုက်ပြန်သည်။ မိုးစက်၏ ရယ်သံကိုကြားသော် ၀သုန်ပင် အံ့သြသွားသည်။ မိမိ သူငယ်ချင်း ဒီလိုရယ်တာ ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ ၀သုန်ပင် ကျောချမ်းသွားသည်။ စိတ်မသက်မသာလည်းဖြစ်သွားသည်။ မိုးစက်၏ရီသံက အကြင်နာကင်းမဲ့နေသည်။ နှင်းထန် မျက်နှာ ပျက်သွားသည်။
"ကျွန်တော်က မိုးစက်ပါ အကို။ မိုးစက်ဘ၀ကို ကျွန်တော် ပြန်လက်ခံလိုက်ပြီ။"
"မင်း... ဒါက ဘာသဘောလဲ။ ကိုယ်လက်မခံနိုင်ဘူး။"
"အကိုလက်မခံလည်း မတတ်နို်င်ဘူး။ ကျွန်တော့်ညီမက အခုအခြေအနေမှာ ကျွန်တော့်ကို မိုးစက် ဘ၀ နဲ့ ပြန်နေစေချင်မှာပဲလေ။ အကိုက ကလေးအဖေတစ်ယောက်ဖြစ်နေပါပြီ။ ကျွန်တော် အကို့ ကို လက်မခံနိုင်တော့ဘူး။ "
နှင်းထန် မိုးစက်ကို အတင်းပွေ့ဖက်ကာ ပြောလိုက်သည်။
"မင်းက မိုးစက်ဖြစ်ဖြစ် မိုးပွင့်ဖြစ်ဖြစ် ကိုယ့်မိန်းမပဲ။"
"ယောက်ျားခြင်းတရားဝင်လက်ထပ်တာကို အကိုဝန်ခံရဲတယ်ဆိုရင် လုပ်လိုက်လေ။ ကျွန်တော့်ကို မိုးစက် ဘ၀နဲ့ တရားဝင်လက်ထပ်ရဲရင် ကျွန်တော် အကို့ဘေးကို ပြန်လာမယ်။"
မိုးစက် စိမ်ခေါ်စွာပြောလိုက်သည်။ သူ တခဏ ဆွံအသွားသည်။ သို့သော် ခေါင်းငြိမ့်လိုက်သည်။
"မင်းဆန္နအတိုင်းဖြစ်စေရမယ် မိုးစက်။ မင်းကို အစကတည်းက ကိုယ့်အာသာဖြေဖို့ သက်သက်နဲ့ အသုံးချခဲ့တာမှ မဟုတ်ခဲ့ဘူး။ မင်းကို ကိုယ်မြတ်မြတ်နိုးနိုးနဲ့ကို ချစ်ခဲ့လို့ ကို အရယူခဲ့တာပါ။"
ဝသုန် က ၀င်တားရန်ကြိုးစားလိုက်သည်။
"စောမြ၀တီကို အန်ကယ်က တရားဝင်ချွေးမအဖြစ်လက်ခံထားပြီးပြီ အကို။ "
နှင်းထန် ၀သုန်ကို လှည့်ကြည့်ကာ
"ကိုယ့်တရားဝင် ဇနီးက မိုးစက် တစ်ယောက်တည်းဖြစ်ရမယ် ၀သုန်။ မင်းကိုယ့်ဘေးကို ပြန်လာ ပေးပါ"
မိုးစက် သူ့ကိုတွန်းကာ လူခြင်းခွာလိုက်ပြီး
"ကျွန်တော့်ကတိကို ဘယ်လိုအကြောင်းနဲ့မှမပြောင်းလဲနိုင်ဘူး အကို။အကို ကျွန်တော့်ကို လက်ထပ် ချင်တယ်ဆိုရင် လက်ရှိ အကို့ဇာတ်ရှုပ်ထုပ်ကို အရင်ရှင်းလိုက်ပါဦး။ အကို အားလုံးရှင်းပြီးသွားပြီဆိုမှ ကျွန်တော့်ကို ပြန်ဆက်သွယ်ပါ။ "
နှင်းထန် မိုးစက်ကို နာကျင်စွာကြည့်ကာ မေးလိုက်သည်။
"မင်း ဟိုလူနဲ့ ပြန်လိုက်နေမလို့လား။ မင်းကို သူချစ်သွားရင် ဘယ်လိုလုပ်မလဲ။"
မိုးစက် ဟာသစကားကို ကြားလိုက်ရသလို ရယ်လိုက်မိသည်။ လူတိုင်းကို သူ့လိုထင်နေပုံက မိုးစက် ကို မအောင့်နိုင်အောင် ရယ်ချင်မိသည်။
နှင်းထန်၏ မျက်နှာသည် ပြိုတော့မည့် မိုးလို ပျက်ယွင်းသွားသည်။ မိမိကိုလှောင်ရယ်နေသော မိုးစက်ကို ရင်နာစွာစိုက်ကြည့်နေမိသည်။ မိမိကို လှောင်ရယ်ရက်သော မိုးစက်ကို နာကျင်စွာကြည့် ကာ မာနကို ခ၀ါချကာ ဆက်လက်တောင်းပန်လိုက်သည်။
"မင်းစိတ်ကြိုက်ရီနိုင်တယ် မိုးစက်။ ကိုယ်က မင်းကို ဝေဒနာတွေအများကြီးကို ပေးခဲ့မိတယ်။ ဒါပေမယ့် မင်းကို ချစ်တဲ့ကိုယ့်အချစ်က မှတ်ကျောက်တင်နိုင်ပါတယ်။ ပိုပိုလှလာတဲ့ မင်းကို စိတ်မချ တာကိုယ့် လွန်သလား။"
မိုးစက်အရယ်ရပ်လိုက်ကာ
"အကို စိတ်ချပါ။ အကိုကြီးကကျွန်တော့်ကို မချစ်နိုင်ပါဘူး။ကျွန်တော်ကသာ အကိုကြီးကို ချစ်ချင်ချစ် သွားနိုင်ပါတယ်။"
"မိုးစက် မင်းနောက်နေတာပါ.. မင်းက ယောက်ျားခြင်းစိတ်ဝင်စားတဲ့ကောင်မှ မဟုတ်တာ။ အကို့ကို အရွဲ့တိုက်ချင်တာနဲ့ လျှောက်မပြောပါနဲ့။"
ဝသုန်က မနေနိုင်လို့ ၀င်ပြောလိုက်သည်။ မိုးစက် သူငယ်ချင်းကို လှမ်းကြည့်ကာ ဆက်ပြောလိုက် သည်။
"ငါ ဘယ်တုန်းက လိမ်ပြောဖူးလို့လဲ ၀သုန်ရာ။ ငါ သူနဲ့အတူနေရချိန်မှာ စိတ်ချမ်းသာတယ်။ သူက ငါ့အပေါ် လုံးဝကို ရိုးသားတယ် ။ ဒါက ငါ့ကို စိတ်အေးချမ်းစေတယ်။ အကို.. ကျွန်တော့်ကို လက်လွှတ် လိုက်ပါတော့။ ကျွန်တော် အကို့အပေါ် ခံစားချက်မရှိတော့ဘူး။ "
နှင်းထန် ခေါင်းကို ခါယမ်းလိုက်သည်။ မိုးစက်၏ စကားများက ရင်ကိုဆို့နေစေသောကြောင့် စကား ကို ချက်ချင်းမပြောနိုင်သေးပါ။
"ကို အရင်ကတည်းကပြောခဲ့တယ်။ ကိုယ်သေမှ မင်းကို လက်လွှတ်မယ်။"
"ဒါဆို ကျွန်တော် အချိန်ပြည့်တဲ့အထိ စောင့်ပါ။ အဲ့ဒီအချိန်ထိ အကိုကျွန်တော့ကို ချစ်နေသေးတယ်။ ပြီးတော့ အကို့ အရှုပ်တွှေကိုရှင်းပြီးရင် ကျွန်တော့်ကို လာရှာပါ။ အဲ့ဒီအချိန် အကိုအားလုံးရှင်းပြီးရင် ကျွန်တော် ပြန်လိုက်ခဲ့မယ်။ "
နှင်းထန်သည် မိုးစက်၏စကားကို လက်မခံနိုင်ပေ။
"ကိုယ်မင်းကို ဟိုလူလက်ထဲ အပါမခံနိုင်တော့ဘူး။"
မိုးစက်ပြုံးလိုက်သည်။
"သူက အကို့ထက်အင်အားပိုကြီးတယ် အကို။ အခုတောင် အကိုဘယ်လိုရှာရှာ ကျွုန်တော့်ကို ရှာမတွေ့တာပဲကြည့်လိုက်လေ။ သူခွင့်ပြုလို့ အကို ကျွန်တော့်ကို တွေ့ရတာပါ။ ဒါကို အကို ကောင်းကောင်းသိပါတယ်။ အကို့စိီးပွားရေးက အခုမှ တည်ငြိမ်လာတာနော်။ သူလုပ်လိုက်ရင် ချက်ချင်းပြိုလဲသွားလိမ့်မယ်။ "
"မိုးစက်.."
ဝသုန်ပင်လျှင် မိုးစက်၏ တင်းမာသောစကားများကြောင့် နှင်းထန်ကို အားနာသွားပြီး လှမ်းဟန့် လိုက်သည်။ သို့သော် နှင်းထန်က စိတ်မဆိုးပါ။ စိတ်မကောင်းတော့ဖြစ်သွားသည်။ မိုးစက်ပြောသည်က သွေးထွက်အောင်မှန်နေသည်မဟုတ်လား။ မိမိ မိုးစက်ကို လုံးဝခေါ်ထားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ခေါင်းငိုက်စိုက်ကျသွားသည်။ အတန်ကြာတိတ်ဆိတ်သွားပြီးနောက် သူ တည်ငြိမ်စွာပြောခဲ့သည်။
"ကောင်းပြီလေ။ ကိုယ် သဘောတူတယ်။ မင်းကို လာခေါ်တဲ့အခါ ကိုယ်မင်းကို တရားဝင် လက်ထပ်နိုင်ဖို့ အဆင်သင့်ဖြစ်နေစေရမယ်။"
မိုးစက် ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါပြီ။ အကိုပြောသလိုဖြစ်နိုင်ပါစေ။ ဒါဆိုရင် ကျွန်တော်တို့ ကိစ္စပြတ်ပြီထင်ပါတယ်။ အကို ပြန်ပါတော့။ ကျွန်တော့် သူငယ်ချင်းနဲ့ စကားပြောချင်သေးတယ်။"
"မင်းကိုယ့်ကို နှင်တာလား မိုးစက်"
"ဟုတ်တယ် အကို။ ၀သုန်နဲ့ လွတ်လွတ်လပ်လပ် စကားပြောချင်လို့ အကိုကျေးဇူးပြုပြီး ပြန်ပါ တော့ဗျာ..."
နှင်းထန် မိုးစက်ကို နာကျင်စွာငေးကြည့်ကာ သက်ပြင်းရှိုက်ကာ ခေါင်းငြိမ့်လိုက်သည်။ မိုးစက်ကို ဖက်ကာ ပါးပြင်ကို ဖွဖွနမ်းကာ
"မင်း ၂ နှစ်ပြည့်ရင် ကိုယ်ပြန်လာခေါ်မယ် မိုးစက်။ "
သူ တိုးတိုးပြောကာ လှည့်ထွက်သွားသည်။ မိုးစက်သည် မတုန်မလှုပ်ကြည့်နေလိုက်သည်။ တံခါးပိတ်သွားတော့မှ မိုးစက်၏ မျက်ဝန်းထဲမှ မျက်ရည်တို့စိးကျလာခဲ့သည်။
"မင်း အတော် ဟန်ဆောင်ကောင်းတာပဲ မိုးစက်။ မင်းသူ့ကို ချစ်နေသေးတာတောင် မာကျောချင် ယောင်ဆောင်နိုင်တယ်နော်။ သူ့ကိုဘာလို့မျှော်လင့်ချက်ပေးနေရတာလဲ။ တခါတည်း အပြတ် မငြင်းလိုက်တာလဲ။ "
"ချက်ချင်းငြင်းရင် သူလက်ခံမှာမဟုတ်ဘူး။ မပူပါနဲ့။ အချိန် တနှစ်ကျော်အတွင်း အရာအားလုံး ပြောင်းလဲသွားနိုင်ပါတယ်။ သူ့ကလေးကို သူချစ်သွားမှာပါ။ အဓိကက မင်းကို ငါတွေ့ချင်လို့ပါ။ သူငယ်ချင်း ငါ့ကိုယ်ငါ ပြောင်းလဲပြစ်လိုက်တော့မယ်"
"မင်းအားလုံး အဆင်ပြေရဲ့လား မိုးစက်။"
မိုးစက်က ပြုံးလိုက်သည်။
"သိပ်ကို ပြေတာပေါ့ကွာ။ မင်းကို သတိရလိုက်တာကွာ။"
ဝသုန် သည် သူငယ်ချင်းကို ဖက်ကာ
"မင်းတကယ်ပြောင်းလဲတော့မှာလား မိုးစက်အဖြစ်.."
"အင်း.."
"ကောင်းတယ်။ ငါ သဘောတူတယ်။ ဒါနဲ့ အကိုကြီးကို မင်းတကယ် ချစ်မိသွားပြီလား။"
မိုးစက်ရယ်လိုက်သည်။
"သူ့ကို တမင်ပြောလိုက်တာ။ အကိုကြီးက ငါ့အကိုအရင်းလိုပဲ။ ငါ့ဘ၀မှာ အယုံကြည်ရဆုံးပဲ။"
ဝသုန် မိုးစက်ကိုကြည့်ကာ အကဲခတ်နေသည်။ မိုးစက်က သူ့လက်မောင်းကို ပိတ်ထိုးလိုက်သည်။
"ကြည့်မနေနဲ့ ဟေ့ကောင်။ အကိုကြီးနဲ့ ငါက ရိုးသားတယ်။"
"ပြီးတာပဲကွာ။ ဒီလိုကြားရတာ ၀မ်းသာတယ် သူငယ်ချင်း။ မင်း သူနဲ့ တကယ်ပြန်လိုက်သွားမှာပေါ့"
"ဒါပေါ့.."
"ငါ မင်းကို တွှေ့ချင်ရင်ဘယ်လိုလုပ်မလဲ.."
"ဖုန်းဆက်ကွာ။ ဒါက ငါ့ဖုန်းနံပါတ်ပဲ။ အခုဖုန်းက မြန်မာပြည်ရောက်မှ ကိုင်တာ။ ဒိဖုန်းက အမြဲကိုင် တာ။"
မိုးစက်နှင့် ၀သုန် ပေါ့ပေါ့ပါးပါး စကားကို ဆက်ပြောနေလိုက်ကြသည်။ ထိုနေ့ညနေ မိုးစက် အကိုကြီးနဲ့ ပြန်လိုက်ခဲ့သည်။ မိုးစက်၏ ဘ၀ဟောင်းကို ပြည်ဖုံးကားချလိုက်တော့သည