အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၈)
မိုးစက်၏ ပါးပြင်ပေါ်တွင် မျက်ရည်ပူများစီးကျလာသည်။ နှင်းထန်၏ နှလုံးသားထဲတွင် ချော်ရည်ပူစီး သလို နာကျင်နေရသည်။ မိုးစက် ဆက်မပြောနိုင်တော့ပဲ လှည့်ထွက်သွားမည်အပြု သူက လှမ်းဆွဲ ကာ ဖက်ထားပြီး ချော့သည်။ မိုးစက် သူ့လက်ကိုဆွဲဖယ်ကာ အခန်းထဲမှထွက်လာခဲ့သည်။ သူက မိုးစက်ကို နားလည်စွာဖြင့် လွှတ်ပေးလိုက်သည်။ ထိုနေ့ည မိုးစက် သူနှင့် အခန်းခွဲပြီးအိပ်သည်။
နောက်တနေ့ မိုးစက် မနိုးခင် နှင်းထန်ထွက်လာခဲ့သည်။ စောမြ၀တီထံသို့ ထွက်လာခဲ့သည်။ သူမ ကလေးမြန်မြန်ရအောင် ကြိုးစားရတော့မည်။ ဒါမှ မိုးစက်ကို အဖြစ်မှန်ကို မြန်မြန်ရှင်းပြနိုင်မည် ဖြစ်သည်။
ထိုကာလများအတွင်း နှင်းထန်အတွက် ငရဲနေ့ရက်များဖြစ်ခဲ့သည်။ မိုးစက် နာကျင်ကြေကွဲသည်ကို ရပ် ကြည့်နေရသည်။ ၀သုန့်ထံသွားအိပ်မည့် မိုးစက်ကို လိုက်ခေါ်ရသည်။ ညတိုင်း အကပ်မခံသော သူ့အပေါ်ပေါက်ကွဲခဲ့မိသည်။ တကယ်တော့ စိတ်ထွက်ပေါက်အဖြစ် မိုးစက်အပေါ် မိမိမဲမိခဲ့ခြင်းပါ။
နှင်းထန် လုံးဝမထင်ထားသည့် အချက်က စနေထဋ်ခေါင် မိုးစက်နောက်ကို ထပ်ချပ်မကွာလိုက်နေ ခြင်းဖြစ်သည်။ စနေထဋ်ခေါင် ကြောင့် မိုးစက်နှင့် နှင်းထန် ပိုပြိးပြသနာဖြစ်ခဲ့သည်။ နှင်းထန် ဒိန်းဒလိမ်းနတ်ပူးကာ မပြောသင့်သည့်စကားများပြောမိကာ မိုးစက်ကို စွပ်စွဲမိခဲ့သည်။ အိပ်ယာထက် တွင် အနိုင်ယူခဲ့မိသည်။ ထိုအချက်များက မိုးစက်၏ ရင်ကို ခွဲခဲ့မိသည်။နောက်ဆုံး မိုးစက် အရမ်းကို ငြိမ်ကျသွားခဲ့သည်။ ဒေါသထက်ကျော်လွန်သည့် အဆင့်ကိုရောက်သွားတော့ နှင်းထန် သူ့ကို ၂ လ စောင့်ရန် ချော့ပြောခဲ့သည်။
၂ လပြည့်သည့်အချိန်တွင် အအေးဆိုင်ထဲတွင် ရှင်းမရအောင် အထင်လွဲစရာများဖြစ်ကာ မိုးစက်ကို လုံးဝဆုံးရှုံးလိုက်ရသည်။
ထို့နေ့က ဆေးခန်းကပြန်လာပြီးတော့ စောမြ၀တီကို နှင်းထန် အပြတ်ပြောကာ အဆက်ဖြတ်လိုက် သည်။ နောက်ပိုင်း မိုးစက် အကြောင်းကို စုံးစမ်းရင်း လုပ်ငန်းကို တည်ဆောက်သည်။ ရန်နိုင်၏ ထိုးနှက် မှုကို တောင့်ခံရင်း လုပ်ငန်းခိုင်မာအောင်ပြန်လုပ်ရသည်။
စနေထဋ်ခေါင်၏ သြဇာအာဏာကို မိမိလိုက်မမှီသည်မှာ သေချာသည်။ မိုးစက်ကို မိမိလုံးဝရှာမရ ခဲ့ပေ။ စောမြ၀တီ ကလေးမွေးတော့ ဒယ်ဒိက သတင်းစာထဲ ဂုဏ်ပြုလွှာထည့်တော့ သားအဖ နှစ်ယောက် အကြိးအကျယ်စကားများကြသေးသည်။ စောမြ၀တီကို မိမိ ဇနီးအဖြစ်လုံးဝ လက်မခံခဲ့ပါ။ အပေးအယူကြောင့် ကလေးတစ်ယောက်ရခဲ့ခြင်းဖြစ်သည်။
မိုးစက်ကို ထိုအကြောင်းရှင်းပြချင်သည်။ သို့သော် မိုးစက်က မိမိကို စိမ်ခေါ်ခဲ့သည်။ မိမိဘယ်လို တောင်းပန်တောင်းပန် ပြတ်သားစွာပြောခဲ့သည်။ စနေထဋ်ခေါင် ၏ နံဘေးတွင်၂ နှစ်ပြည့်အောင် နေဦးမည်ဟု ခိုင်မာစွာပြောနေသည်။ ယခုမှ စောမြ၀တီ အကြပ်ကိုင်သည့် အကြောင်းကို မပြောချင် ပေ။ မိမိပြောလျှင် မိုးစက် လက်ခံမည်မဟုတ်ပေ။ ပြီးတော့ မိမိကို လုပ်ချင်တာလုပ်ပြီး သူတပါးကို အပြစ်ပုံချသော ခပ်ညံ့ညံ့ယောကျာ်းဟုထင်မှာသေချာသည်။
မိုးစက် ပြောသည့် အချိန် ၂နှစ်ပြည့်ချိန်တွင် မိုးစက်ကို ဂုဏ်အပြည့်နှင့်ကြိုနိုင်အောင် အင်ပါယာ တစ်ခုကိုထူထောင်မည်။ ပြီးလျှင် မိုးစက်ကို အားလုံးရှင်ပြကာ ပြန်ခေါ်မည်။ မအောင်မြင်သေးခင် မိုးစက်ကို မိမိဘယ်လိုမှ ရအောင်ခေါ်နိုင်မည်မဟုတ်ပေ။ ၏
ထို့ကြောင့် နှင်းထန် အံကြိတ်ကာ ပြန်ခဲ့ရသည်။ ချစ်သောကြောင့် ထပ်ပြီး အောင့်အီးရဦးမည်။ မိုးစက်ကို ၂ လတာ ငရဲခံခိုင်းမိလို့ မိမိက ၂ နှစ်လောက် ငရဲခံရတော့မည်။ နှင်းထန် စိတ်ရှည်စွာ စောင့်ဆိုင်းပါမည်။ စစ်မှန်သော ချစ်ခြင်းအတွက် အချိန်ဆိုသည့် မှတ်ကျောက်တင်နိုင်မည်ဟု ယုံကြည်မိသည်။
မိုးစက်သည် အကိုကြီး၏အမိန့်အတိုင်း ပင်လယ်ကမ်းခြေတွင် အနားယူရန်စီစဉ်လိုက်သည်။ သို့သော် တစ်ခုတော့ပြောသည်။ မိမိနှင့်အတူ အကိုကြီးလည်းပါမှသွားမည်။ စနေထွဋ်ခေါင်က ဘာကြောင့်လဲဆိုသော ပုံစံဖြင့် တချက်ကြည့်လာသောအခါမိုးစက်က အကိုကြီးကို ပြန်ဖြေလိုက် သည်။
"အကိုကြီးကိုလည်း အပန်းဖြေစေချင်လို့ပါ။"
"အလုပ်ခွင်က ကိုယ့်အတွက် အပန်းဖြေစခန်းပဲ မိုးစက်။"
"ဘာအတွက်ကြောင့် အကိုကြီးက ကိုယ့်ကိုယ်ကို ဒဏ်ခတ်နေရတာလဲ။"
မိုးစက်၏ အမေးစကားက စနေထွဋ်ခေါင်ကို ခေါင်းထောင်သွားစေသည်။ မိမိကို ထိုသို့ပြန်မေးရဲသော တပည့်လက်သား တစ်ဦးမှမရှိခဲ့ပေ။ ရှိခဲ့လျှင်လည်း ထိုသို့သောသူကို မိမိ အမှုန့်ခြေပစ်ပြီးလေပြီ။ မိုးစက်သည် အကိုကြီး၏ အကြည့်ကို နည်းနည်းလေးမှ မဖြုံရေးချမှမဖြုံပဲ ခပ်တည်တည်စိုက်ကြည့် ကာ အဖြေတောင်းနေဆဲဖြစ်သည်။
မိုးစက်၏အကြည့်က သိပ်ကိုရိုးသားသလို သိပ်ကိုဖြူစင်သဖြင့် စနေထွဋ်ခေါင်စိတ်ကိုလျှော့ကာ ပေါ့ပေါ့ပါးပါးဖြေပေးလိုက်သည်။
"ဒဏ်မခတ်ပါဘူးကွ။ ကိုယ်မရှိရင် ဘယ်သူအလုပ်တွေကို အုပ်ချုပ်မှာလဲ။ ညီလေးက ဘာကြောင့် ကိုယ့်ကို ဒီလိုထင်ရတာလဲ။"
မိုးစက်သည် အကိုကြီး၏ ဟန်ဆောင်ကောင်းလှသောမျက်နှာနှင့် အကြောင်းပြချက်ကောင်းကောင်း ကို နားထောင်ပြီး
"ကျွန်တော်က ရောက်ခါစမိုးစက်မဟုတ်တော့ဘူး။ အကိုကြီးကျွန်တော့်ကို အနားယူစေချင်သလို ကျွန်တော်လည်း အကိုကြီးကို အနားယူစေချင်တယ်။ အကိုကြီးမပါရင် ကျွန်တော် မသွားဘူး။"
စနေထွဋ်ခေါင် သည်မိုးစက်ကို စေ့စေ့ကြည့်ကာ
"မင်းက ကျုပ်ပိုင်တဲ့ အသက်တချောင်းဆိုတာ မမေ့နဲ့ဦး။ မင်းက ကျုပ်ခိုင်းတဲ့အတိုင်းလုပ်ရမှာ။ ဘာလုပ်ပါ ဆိုပြီးမင်းကျုပ်ကိုပြောပိုင်ခွင့်မရှိဘူး မိုးစက်။"
မိုးစက် သူ့ချိန်းခြောက်မှုကို မမှုပါ။ တည်ငြိမ်စွာတုန့်ပြန်လိုက်သည်။
"အကိုကြီး ကျွန်တော့်ကို ပြောစရာမလိုပါဘူး။ အကိုကြီး ကျွန်တော့်ကို ၂ နှစ်ပိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွုန်တော်က အကိုကြီးရဲ့ ငွေဝယ်ကျွန်မဟုတ်ဘူး။ တသွေးတသံ တမိန့်နဲ့ ကျွန်တော့်ကို ဘာလုပ်ပါလို့ ပြောလို့မရပါဘူး။ အလုပ်ကိစ္စနဲ့ တာဝန်မကျေရင် အကိုကြီး ကျွန်တော့်ကို ကြိုက်သလို အပြစ်ပေးလို့ရပါတယ်။ဒါပေမယ့် အကိုကြီးကိုသံယောဇဉ်ရှိလို့ အနားယူ စေချင်လို့ပြောတဲ့အတွက် အပြစ်ပေးမယ်ဆိုရင် အကိုကြီးရဲ့စီးပွားရေးအင်ပါယာ အတွင်းမှာ လူတောင်ရှိတော့မှာ မဟုတ်တော့ဘူး။"
"မင်း ကျုပ်ကို ချိန်းခြောက်တာလား မိုးစက်။ "
မိုးစက်သူ့ကို လေသံအေးဖြင့် ရှင်းပြလိုက်သည်။
"မဟုတ်ပါဘူး။ အကြံပြုတာပါ။ အကိုကြီးမကြိုက်ရင် ကျွန်တော့်ကို အပြစ်ပေးပါ။ပြီးရင် အနားယူ ခရီးထွက်ပါ။"
စနေထွဋ်ခေါင် အဝေးကိုငေးကြည့်ပြီးမှ မေးလိုက်သည်။
"မင်း ဘာလို့ ကျုပ်ကို စေတနာထားရတာလဲ မိုးစက်။"
မိုးစက် အကိုကြီးကို လေးစားစွာကြည့်ကာ ဖြေသည်။
"အကိုကြီးက ကျွန်တော့်ကျေးဇူးရှင်ပါ။ အကိုကြီးကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်မြင်ချင်လို့ပါ။"
မိုးစက်၏ စကားများသည် စနေထွဋ်ခေါင်ကို ခံစားသွားရစေသည်။ သို့သော် အပြင်ပန်းတွင် မည်သည့် အမူအယာမှ မပြပါ။ မိုးစက် သူ့ထံမှ အဖြေကို စိတ်ရှည်စွာစောင့်နေသည်။ နောက်ဆုံး သူ ခေါင်းငြိမ့်လိုက်သည်။
"အိုကေ။ စီစဉ်လိုက်ပါ။"
မိုးစက် ၀မ်းသားလွန်းလို့ စနေထွဋ်ခေါင်ကို ပြေးဖက်ကာ
"ကျေးဇူးတင်ပါတယ် အကိုကြီး။ အပန်းဖြေခရီးကို လိုက်လာပေးလို့"
စနေထွဋ်ခေါင် ဟန်မဆောင်နိုင်တော့ပဲ ရယ်မောရင်း မိုးစက်၏ ပုခုံးကို အသာပုတ်ကာ
"ကိုယ့်ကို အတင်းအနားယူအောင်ပြောနိုင်တာ မင်းတယောက်ပဲ ရှိတယ် မိုးစက်။ မင်းလေးက တကယ် ပေကပ်ကပ်ကောင်လေးပဲ။ ပြီးတော့ ကိုယ်အနားယူလို့ မင်းကကျေးဇူးတင်နေသေးတယ်။ တကယ်ထူးဆန်းတဲ့ကောင်လေးပဲ။"
မိုးစက်သူနှင့် လူချင်းခွာက ပြောလိုက်သည်။
"ကျေးဇူးတင်ရတာပေါ့ဗျာ။အကိုကြီးမကျန်းမာရင်၊တခုခုဖြစ်သွားရင် အကိုကြီးရဲ့စိးပွားရေး အင်ပါယာ ပြိုကွဲသွားနိုင်တယ်။ ဒါဆိုရင် ဒီလုပ်ငန်းမှာ လုပ်နေတဲ့သူတွေ၊ သူတို့မိသားစုတွေ အားလုံး ဒုက္ခ ရောက် သွားလိမ့်မယ်။ သူတို့လေးတွေအတွက် အကိုကြိးကို အတင်းအနားယူခိုင်းနေရတာ။ ကိုအောင်ကျော်လည်းပြောတယ်။ အကိုကြီး အနားမယူတာ မနှင်းလေး ဆုံးကတည်းကဆို။ "
"သြော်.... အောင်ကျော်ရဲ့စနစ်တွေပေါ့ ဟုတ်လား။ မင်း သူများခိုင်းတိုင်း လုပ်ရသလား။"
မိုးစက် မျက်နှုာပိုးသတ်ကာ
"ကိုအောင်ကျော်ခိုင်းတာထက် ကျွန်တော် ဘယ်သွားသွား အကိုကြီးနဲ့အတူသွားချင်လို့ပါ။ ကမ်းစပ် မှာ အတူလမ်းလျှောက်မယ်။ပင်လယ်ရေ အတူစိမ်မယ်။ပြီးရင် ညတိုင်း ဘားမှာ အတူကဲမယ်။"
မိုးစက်၏ ပြောဟန်လေးကြောင့် သူပင်ပြုံးလာသည်။
"ဟုတ်ပါပြီ။ မင်းပြောမှ ကိုယ်ချက်ချင်းတောင် သွားချင်လာပြီကွ။ မင်း အတော် အပြောကောင်းတယ် သိရဲ့လား။"
"အကိုကြီးရဲ့ ညီပဲ။ ဒီလောက်တော့ ရှိရမှာပေါ့။ "
မိုးစက် ခုန်ပေါက်ကာထွက်သွားစဉ် စနေထွဋ်ခေါင်သည် နံရံတွင်ချိတ်ထားသော နှင်းကလေး၏ ဓါတ်ပုံကို စိုက်ကြည့်ကာ တယောက်တည်း စကားပြောနေမိသည်။
"သူက နှင်းကလေးလိုပဲ ကိုယ့်ကို အမြဲပြုံးရအောင်လုပ်ပေးနိုင်တယ်။ သူ့ကြောင့် အကိုကြီး ပျော်နေ တယ် ဆို၇င် တမလွန်ကနေ နှင်းကလေး ပျော်မလား။ မင်းကို သတိရလိုက်တာ နှင်းကလေးရေ.."
ဓါတ်ပုံထဲက နှင်းကလေးက အဖြူစင်ဆုံးပြုံးကြည့်နေသည်။ စနေထွဋ်ခေါင်ပြောသည်ကို သဘောတူ သလို မျက်နှာလေးက ကြည်နေသည်။
ပင်လယ်ကမ်းခြေကိုရောက်သော် မိုးစက်က အ၀တ်လဲကာ ကမ်းစပ်ကို ဆင်းရန်ပြင်သည်။ မိမိကို လည်း အတင်းပင် ရှပ်င်္အကျီလဲခိုင်းကာ အသင့်ထည့်လာသော အပွင့်ကြောင်ကြောင်ကျားကျားနှင့် ကမ်းခြေ၀တ် ရှပ်ကို ထုတ်ပေးသည်။
"ရော့ အကိုကြီး ဒါကိုဝတ်..."
"မင်းဟာက အပွင့်ဆင်ကြီးနဲ့ကွ..."
"အကိုကြီးကလည်းဗျာ...ဒါက ကမ်းခြေရောက်နေတာ။ အစည်းဝေးတက်မယ့် အ၀တ်စားတွေ ထားခဲ့စမ်းပါဗျာ။ ပေါ့ပေါ့ပါးပါး လေးဝတ်စမ်းပါဗျာ။ အကိုကြီး အောက်ရောက်ရင် ကောင်မလေးတွေ ၀ိုင်းရှိုးစေရမယ် ။ ကျွန်တော် အာမခံတယ်... လုပ်ပါ အကိုကြီးရဲ့။ ဒါကိုဝတ်ပါ.."
"အင်း...လူပေါင်းတော့မှားပြီထင်တယ်။"
စနေထွဋ်ခေါင် ပြောရင်း အ၀တ်လဲရန် င်္အကျီချွတ်လိုက်သည်။ မိုးစက်က သူ့ကိုယ်လုံးကို အမှတ်တမဲ့ ငေးကြည့်နေမိသည်။ အင်မတန်ကို ကျစ်လစ်တောင့်တင်းသော Body ကအသက် ၄၀ ပြည့်ပြီးသား ဟု မထင်ရက်စရာ နုပျိုနေသည်။
"ဟေး ဘာကြည့်တာလဲ..."
ထိုအခါမှ မိုးစက်သူ့မျက်နှာကိုကြည့်ကာ မေးလိုက်သည်။
"အကိုကြီး ၄၀ ပြည့်ပြီးသွားပြီနော်.."
"အင်း .. ၄၁ ပြည့်တော့မယ်။"
"အကို့ Body က သိပ်လှတာပဲ။ နေ့တိုင်း Gym ကစားလို့နေမှာ။ အားကျလိုက်တာဗျာ.."
"နေ့တိုင်းမင်းနဲ့ အတူ ကစားနေတာ အခုမှ သတိထားမိတာလား။ မင်း လည်းနှစ်ရှည်ကစားရင် ဒီလို ဖြစ်လာမှာပါကွ.။ မင်းတို့က လူငယ်တွေပဲ။ ပို ကစားနိုင်တာပေါ့... ကဲ...လာ ...အချိန်ရှိခိုက် ကောင်မလေးတွေ သွားကြည့်ရအောင်..."
ညီအစ်ကိုနှစ်ယောက် အောက်ကို ဆင်းလာခဲ့သည်။ ကမ်းခြေက လူစည်လှသည်။ မိုးစက်သည် ဆားနံ့သင်းသော ပင်လယ်လေကိုရှုကာ ဟိုးအရင်က သူနှင့် ငပလီတွင် အတူသွားခဲ့သည့် အချိန်ကို သတိရသွားသည်။ သတိရသော်လည်း ရင်ဝယ် သိပ်မနာကျင်တော့ပေ။ သြော် အချိန်ဆိုသည့် သမားတော်က အတော်ကို စွမ်းတာကိုး။ မိုးစက် သူ့အကြောင်းကို ခေါင်းထဲမှထုတ်ကာ အကိုကြီးကို လှည့်ကြည့်လိုက်စဉ် ကောင်မလေး ၃ ဦးနှင့်စကားပြောနေသည်ကိုတွေ့လိုက်ရတော့အံ့သြသွား သည်။
"အံမယ် ဒီလိုတော့ သွက်သားပဲ။ အကိုကြီးက ဒီလောက်ပါဖြောင့်တာ။ ကောင်မလေးတွေ ၀ိုင်းဝိုင်း လည် နေမှာပါ လို့ပြောသားပဲ။ ကောင်းတယ်။ အကိုကြီး ရဲ့ဘ၀က အရမ်းကိုခြောက်သွေ့နေတာ အခုမှ လူနဲ့တူလာတော့တယ် စက်ရုပ်အကိုကြီးရေ..."
မိုးစက်ကျေနပ်စွာပြုံးလိုက်မိသည်။အကိုကြီးကို အထီးကျန်ကမ္ဘာမှအလွမ်းဘုရင်ကြီး မဖြစ်စေချင်ပါ။ အလုပ်များဖြင့် နှလုံးသားကို သော့ခတ်သိမ်းဆည်းမထားစေချင်ပါ။ လူတိုင်းလိုပဲ ပျော်ရွှင်ပေါ့ပါးစွာနေ စေချင်သည်။
အကိုကြီး ကောင်မလေး ၃ ယောက်ကို နူတ်ဆက်ပြီး မိုးစက်အနားသို့လျှောက်လာခဲ့သည်။
"ညနေ ဘားမှာတွေ့ဖို့ချိန်းလိုက်ပြီ။ မဆိုးပါဘူး။ ၃ ယောက်လုံး အချောလေးတွေ။ "
"အကိုကြိးက သွက်သားပဲ။ ကျွန်တော်တောင် ကောင်မလေးတွေကို မတွေ့သေးဘူး။ အကိုကြီးက စကားတောင်သွားပြောနေပြီ။"
"ဟဲ..ဟဲ...ဟဲ... မင်းငယ်ပါသေးတယ် ညီလေးရာ...မပူပါနဲ့။အကိုကြီးမင်းကို လက်ကုန်သင်ပေးသွား ပါ့မယ်..."
"တော်ပါပြီဗျာ။ အကိုကြီးပျော်ရင် ကျွန်တော် ကျေနပ်ပါပြီ"
စနေထွဋ်ခေါင်သည် မိုးစက်၏ ပုခုံးလေးကို လှမ်းဖက်ကာ အတူလမ်းလျှောက်ရင်း ပြောလိုက်သည်။
"မင်းက ဆူပူအော်ငေါက်ခဲ့တာ အကိုကြီးကို စိတ်မဆိုးဘူးလား မိုးစက်။ "
"မဆိုးပါဘူး။ အကိုကြီး ကျွန်တော့်ကို သင်ပေးတယ်ဆိုတာ သိလို့ဘယ်လိုစိတ်ဆိုးနိုင်မှာလဲဗျာ။ ကျွုန်တော့်ဘ၀က အကိုကြိးနဲ့တွေ့ခဲံတာ အကောင်းဆုံးဖြစ်ရပ်ပါပဲ။ ရွှေဘုန်းပွင့်တောင်ပေါ်မှာ မေမေနဲ့ မိုးလေးက ဘာကြောင့်ကျွန်တော့်ကို စိတ်ချပြီးသွားတယ်ဆိုတာ ကျွန်တော်သိပါပြီ။ အကိုကြီးနဲ့ သိမှာသူတို့က သိနေလို့ကိုး။"
စနေထွဋ်ခေါင်လည်း ဘာမှမပြောပဲ ပြုံးနေမိသည်။ မိမိအတွက်လည်း မိုးစက်က အသက်ဆက်ရှင်ဖို့ ခွန်အားတစ်ခုဖြစ်ခဲ့ပါသည်။
"အကိုကြီးလည်း အတူတူပါပဲကွာ...။ နှင်းကလေး ကိုယ့်ကို ဘာကြောင့်ညွှန်လိုက်တယ်ဆိုတာ ကိုယ် ပိုနားလည်ခဲ့ပါပြီ။ မင်းက ကိုယ့်ရဲ့ အလင်းေ၇ာင်လေးပါ မိုးစက်။ အချစ်ကြောင့် နာကျင်နေရတဲ့ မင်း ကိုအကောင်းတိုင်း ပြန်ဖြစ်အောင်လုပ်ပေးပါ့မယ် ကောင်လေးရယ်။ မင်းက ကိုယ့်ရဲ့ ကိုယ်ပွားဖြစ် ရမယ်။ ဒုတိယ စနေထွဋ်ခေါင် ဖြစ်အောင် မင်းကို ပုံသွန်းလောင်းပေးမယ်။ အဲ့ဒီအတွက် မင်းဆီက တချို့အရာတွေကို ကိုယ်ဖြတ်တောက်ပစ်ရလိမ့်မယ် မိုးစက်။ မင်းက ခွန်အားအပြည့်နဲ့ သိပ်ကို တော်တဲ့ သူတစ်ယောက်ဖြစ်လာစေရမယ်..."
မိုးစက်သည် မိမိဘာပြောပြော အင်းလုပ်နေသော အကိုကြီးကို ကြည့်လိုက်သောအခါ ပြုံးကာ အဝေးကို ငေးနေသဖြင့် မကျေမနပ်စူပွပွလေးပြောလိုက်သည်။
"ကြည့်... အကိုကြီးက စိတ်နဲ့ လူနဲ့ကို မကပ်ဘူး။ အကိုကြီးပဲပြောတယ် မဟုတ်လား။ လက်ရှိ အချိန်က အရေးအကြီးဆုံး၊ လက်ရှိအလုပ်က အလေးအထားရဆုံး၊ လက်ရှိကိုယ်နဲ့ အတူရှိတဲ့သူက တန်ဖိုးအထားရဆုံးဆို..အခု ကျွန်တော့်ကို ဘေးထားပြီး လာတွေတွေးပြီး ပြုံးနေတာလဲ။"
စနေထွဋ်ခေါင်က အသာရယ်မောကာ ဖြေလိုက်သည်။
"မင်းအကြောင်းကို တွေးနေတာပေါ့ကွာ။"
"တကယ်လား။ ဘာတွေးနေတာလဲ။"
မိုးစက် ပြုံးသွားသည်။ အကိုကြီးက မိမိအကြောင်းတွေးနေသည်ဆိုတော့ ပျော်တာပေါ့။
"ညကျတော့ သိရမှာပေါ့။ "
မိုးစက် သူ့ကို မင်္သကာဟန်ဖြင့်ကြည့်သည်။ စနေထွဋ်ခေါင်က မိုးစက်ပုံကို သဘောကျစွာရယ်မော ကာ ခေါင်းလေးကိုပွတ်လိုက်ပြီး
"အကိုကြီးကိုတောင် ဒီလို မင်္သကာသလိုကြည့်ရသလားကွ။ စိတ်ချပါ။ အကိုကြီးက မင်းကို ချောက်မချပါဘူး။"
"အကိုကြီးချောက်ချမှာစိုးလို့မဟုတ်ဘူး။ အကိုကြီးက သဘောကောင်းလွန်းနေတော့ မင်္သကာဖြစ် မိတာပါ။ ဘာတွေ ကျိတ်စီစဉ်ထားသေးတာလဲ။"
"စီစဉ်စရာလား။ ကဲပါ။ လာ Speed Board စီးရအောင်။ လာ... စိတ်လှုပ်ရှားဖို့ကောင်းတယ်။"
"ကျွန်တော်ကြောက်တယ်။ မစီးရဲဘူး။"
"ယောက်ျားပဲ။ ဘာကြောက်စရာရှိလို့လဲ။ လာ အကိုကြီးနောက်က လိုက်စီးရင်း အကိုကြီးမောင်းတာ လိုက်ကြည့် ။ နောက်တခါ မင်းကိုယ်တိုင်မောင်း.."
ထိုညနေတွင် မိုးစက် ရင်ခုံစရာကို တွေ့ကြုံခံစားလိုက်ရသည်။ ရင်တဖိုဖိုနှင့်လှိုင်းများကို ကျော်လွှား ကာ အရှိန်ပြင်းပြင်းစီးရသည့် အရသာကို နှစ်သက်သွားသည်။ မိုးစက်၏ ကျေနပ်စွာရယ်မောလိုက် သည့် အသံလေးကို နားထောင်ရင်း စနေထွဋ်ခေါင်ကျေနပ်သွားသည်။ မိုးစက်ကို မိမိအသက်ဝင် အောင် လုပ်ပေးနိုင်ခဲ့လေပြီ။
ညနေ ကော့တေးပါတီတွင် ကမ်းစပ်မှ အကိုကြီးဖိတ်ထားသော ပျိုမဒီ၃ ဦးရောက်နှင့်လေပြီ။ ထိုမိန်းမချောလေးများနှင့် အတူသောက်လိုက်၊ ကပွဲခန်းမတွင် အတူတွဲကလိုက်နှင့် မိုးစက် သည် ပျောက်ဆုံးနေတာ ကြာပြီဖြစ်သော လူငယ်ဘ၀ကို ပြန်ရလိုက်သည်။
မိုးစက်သည် မိန်းမချောလေး ၃ ဦးကို တလှည့်စီတွဲကရင်း အကိုကြီးကို လှမ်းကြည့်လိုက်သောအခါ ခုံတွင် ထိုင်နေသည်ကိုတွေ့သော ကဖော်ကို တောင်းပန်ပြီးထွက်လာခဲ့သည်။ ဖုန်းကြည့်နေသော သူက အနားရောက်လာသော မိမိကို မော့ကြည့်ကာ ဆီးကြိုမေးလိုက်သည်။
"ကတာ မောပြီလား။ "
"မမောသေးဘူး။ အကိုကြီးကို ကရအောင် လာခေါ်တာ.."
"မကချင်ပါဘူးကွာ။ ကလေးအလုပ်တွေ.."
မိုးစက် အကိုကြီးလက်ကို ဆွဲကာ ခေါ်လိုက်သည်။ လူကနည်းနည်းသောက်ထားသောကြောင့် ထွေ နေ လေပြီ။ မိမိသိသည်က အကိုကြီးကို ပျော်စေချင်သည်။ မိမိလို တေးဂီတမှာ စီးမျောကာ ပျော်စေ ချင်သည်။
"အကိုကြီး လာပါ။ ညီ့ကို တစ်ယောက်တည်း မကခိုင်းပါနဲ့။ အကိုကြီးနဲ့ အတူရှိနေကျဆိုတော့ အခု တောင် အကိုကြီးမရှိတော့ ကျွန်တော် တစ်ယောက်တည်း ကရတာ မပျော်ဘူး။ အကိုကြီး ညီ့ကို သနားရင် လာပါဗျာ။ နော်... တောင်းပန်ပါတယ်။"
စနေထွဋ်ခေါင် သက်ပြင်းရှိုက်ကာ ဖုန်းကို ပိတ်ကာ ကုတ်င်္အကျီထဲ ထည့်လိုက်ပြိး မိုးစက်နှင့် အတူ ကပွဲကြမ်းပြင်းသို့လိုက်ခဲ့သည်။ ထိုညသည် မိုးစက် အတွက် အပျော်ဆုံးညဖြစ်သည်။ သောက်လိုက်။ ကောင်မလေးတွေနှင့်ကလိုက်ဖြင့် ဟိုတယ်ခန်းထဲ ဘယ်လိုပြန်ေ၇ာက်ခဲ့မှန်းမသိလိုက်တော့ပေ။
မနက်မိုးလင်းလာတော့မှ မိမိအိပ်ယာပေါ်ရောက်နေသည်ကို တွေ့ရတော့သည်။ မိုးစက် လွန်းလူးကာ နံလေးကို ကြည့်လိုက်သောအခါ ရေချိုးခန်းထဲမှ မွေးပွသဘက်ကြိးပတ်ကာ ထွက်လာသော သူ့ကို တွေ့လိုက်ရသည်။ သူက မိုးစက်ကို ပြုံးကာနူတ်ဆက်လိုက်ပြီး
"ထပြီလား ကောင်လေး။ သွား ရေနွေးနဲ့ ရေချိုးလိုက်။ ဒီနေ့ ကျွန်းတွေဘက်သွားလည်ရအောင်။ "
မိုးစက်သည် ညက အကြောင်းကို ရေးေ၇းသာမှတ်မိတော့သည်။
"အကိုကြီး ညက ကျွုန်တော် အတော့်ကို မူးသွားတယ်ထင်တယ်။ ကျွန်တော် လာတွေ မဟုတ်တာ လုပ်မိသေးလဲ.."
သူက ရယ်မောကာ
"ဘာမှမလုပ်မိပါဘူးဗျာ။ လုပ်မယ်ဆိုလည်း အကိုကြီးက ကြည့်နေမှာလားကွ။ မင်းကွာ .. အကိုကြီး ညီ မပီသလိုက်တာ။ ကော့တေးလေး ၅ ခွက်နဲ့ မှောက်သွားတယ်လို့။ ကောင်မလေးတွေကတော့ ရီ ကျတာပေါ့။ "
"မသောက်တာ ကြာပြိကိုးဗျ။ "
"ကဲ ရေသွားချိုးလိုက်ဦး။ အကိုကြီး စားသောက်ခန်းကနေ စောင့်နေမယ်။"
မိုးစက်သူ့စကားအတိုင်းရေနွေးဖြင့် စိမ်ကာချိုးလိုက်ပြီး အ၀တ်လဲကာ သူ့နောက်ကိုအမြန်လိုက်ခဲ့ သည်။ သူက စားသောက်ခန်းတွင် စားရင်းစောင့်နေသည်။ မိုးစက်စားစရာများယူကာ သူ့ဘေးတွင် ၀င်ထိုင်လိုက်သည်။
ကောင်မလေး ၃ ယောက်ကလည်း အခြားဝိုင်းတွင် ထိုင်စားနေကြသည်။ ယခုတော့လည်း သူတို့က ညတုန်းက မကဲခဲ့သလိုပါလား။
"အကိုကြီးရဲ့ ကောင်မလေးတွေပါလား။ ခေါ်လိုက်မလားဗျ.."
"မခေါ်နဲ့တော့ ညီလေး။ သူတို့က လုပ်ငန်းခွင် ၀င်တော့မှာ.."
"လုပ်ငန်းခွင်... သူတို့က.."
မိုးစက်မျက်လုံးပြူးသွားသည်။ ဟိုဒင်းတွေများလားဟု ထင်လိုက်မိစဉ် သူက သတင်းစာဖတ်ရင်း မိုးစက် အတွေးကို သိသလို လှမ်းပြောလိုက်သည်။
"မဟုတ်ပါဘူးကွ။ မော်ဒယ်မလေးတွေပါ။ အကိုကြီး အသစ်ဖွင့်မည့် ဟိုတယ်အတွက် ကြေငြာရိုက် မည့် မော်ဒယ်မလေးတွေပါ။ ပြီးရင် ကမ်းခြေမှာ သူတို့ ရိုက်ကွင်းစတော့မယ်။ ခေါ်မနေနဲတော့။ ကိုယ်တို့လည်း ပြီးရင်သွားတော့မှာ.."
"အကိုကြီးက တမင်ခေါ်ထားတာပေါ့.. ဘာလို့ခေါ်ထားတာလဲ။"
"ဘာလုပ်ရမှာလဲ။ ည်ီလေးကို အဖော်လုပ်ပေးဖို့ ခေါ်ထားတာပေါ့။ ညတုန်းက မင်းပျော်တယ် မဟုတ်လား။ လူငယ်ဆိုတာ အလုပ်လုပ်တဲ့အခါလည်း လုပ်တာပေါ့။ ပျော်တဲ့အခါလည်းပျော်တာပေါ့။ ဒါမှ လူငယ်ပီသမယ်။ ကဲ စားတော့။ အေးကုန်တော့မယ်။"
မိုးစက်နှမျောသလိုကြည့်လိုက်မိသည်။
"ကျွန်တော်က အကိုကြီးအတွက် ဖူးစာရှင်တွေ့နေပြီးထင်နေတာ။ သွားပါပြီ"
"မင်းကြိုက်ရင် ပြန်ရောက်တော့ ဆက်သွယ်ပေးမယ်လေ။"
"ကျွန်တော့်အတွက်ပြောတာ မဟုတ်ဘုး။ အကိုကြီးအတွက် နှမျောတာ။ "
"ကိုယ့်အတွက် ဆို မလိုဘူး။ ကိုယ့်ဘေးမှာ မင်းရှိနေပြီပဲ။"
"ကျွန်တော် မရှိရင်ကော.."
"အဲ့တော့တစ်ယောက်တည်းပဲပေါ့။ မပူပါနဲ့ကွာ။ အစကတည်းက တစ်ယောက်တည်းပဲ။ ဘာထူးဆန်းလို့လဲ။"
"မထူးဆန်းပေမယ့် ကျွန်တော် အကိုကြီးကို မိသားစုနဲ့ ပျော်ရွှင်နေတာ မြင်ချင်လို့ပါ။"
စနေထွဋ်ခေါင် ငြိမ်သွားသည်။ မိုးစက် ၏ လက်လေးကို ကျေးဇူးတင်ဟန်ဖြင့်ဖျစ်ညစ်ကာ စကားစကို ဖြတ်လိုက်တော့်သည်။
"ကိုယ် ပျော်ရွှင်ခဲ့ဖူးပါတယ်။ ကိုယ့်အတွက် တွေးပေးတဲ့အတွက် လုံလောက်ပါပြီ မိုးစက်။ ကဲ မစားတော့ရင် သွားတော့မယ်။ နေမြင့်လာပြီ။ သွားကြစို့။"
မိုးစက် သူ့အဖြေကို မကျေနပ်သော်လည်း သူက ဆက်မပြောစေချင်သောကြောင့် အစားကို လက်စ သတ်ကာ သူ့နောက်မှ လိုက်လာခဲ့သည်။ မိမိ ပြန်မသွားခင် သူ့အတွက် တစ်ယောက်ရှာပေးသွား မည် ဟုတေးထားလိုက်သည်။
