အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၁၇)
စနေထွဋ်ခေါင်သည် မိုးစက်ကို လုပ်ငန်းများကို ခဏ လွှဲကာ ဥရောပမှ ကုန်စည်ပြပွဲသို့ထွက်လာ ခဲ့သည်။ ဘာလိုလိုနှင့် မိုးစက်နှင့်ခွဲရမည့် အချိန် ၁၅ ရက်ခန့်သာကျန်တော့သည်။ အစိမ်းခွဲတာထက် စာရင် မျှင်းပြီးခွဲတာ ပိုသက်သာမည်ထင်သောကြောင့် စနေ တမင်ထွက်လာခဲ့ခြင်းဖြစ်သည်။
မိုးစက်သည် အကိုကြီး၏ အလုပ်များကို စနစ်တကျလုပ်ကိုင်နေစဉ် မိမိထံ မထင်မှတ်သော ဧည့်သည်ရောက်လာခဲ့သည်။
"ခွန်မိုးစက် ဧည့်သည်လာပါတယ်။"
"ဘယ်သူလဲ။ အကိုကြီး ဧည့်သည်လား။"
"မြန်မာပြည်ကပါ။"
"လွှတ်လိုက်လေ။ "
မိုးစက်သည် အကိုကြီး၏ အတွင်းရေးမှူးကို ဖုန်းဖြင့်လှမ်းပြောလိုက်သည်။ တံခါးမှ ဖြတ်ဝင်လာသူက မိုးစက်၏ ချစ်သူငယ်ချင်းဖြစ်သည်။
"မိုးစက်....မင်းတို့ company ကြီးက ခန်းနားလိုက်တာကွာ။ "
"၀သုန်... မင်း လာလည်တာလား။"
"မင်းကို တွေ့ချင်တဲ့သူကို ခေါ်လာပေးတာ။ ၀တီ လာပါ။"
ဝသုန် တံခါးကိုဖွင့်ကာ သူ့နေုာက်မှ စောမြ၀တီကို ခေါ်လာခဲ့သည်။ မိုးစက် အသက်ရှူအောင့် သွားသည်။
"ဘာကိစ္စုရှိလို့လဲ ၀သုန်...."
မိုးစက် အံ့အားသင့်စွာမေးလိုက်သည်။
"တို့ကို စကားပြောခွင့်ပြုပါ မိုးစက်။ "
မိုးစက်သည် ကလေးပွေ့ထားသည့် စောမြ၀တီကို တလှည့် ၀သုန်ကိုတလှည့်ကြည့်ကာ ဘာပြန်ပြော မှန်းမသိဖြစ်နေစဉ် စောမြ၀တီ၏ တောင်းပန်သော မျက်ဝန်းများကြောင့် သက်ပြင်းရှိုက်ကာခေါင်းငြိမ့် လိုက်သည်။
"ကျေးဇူးတင်ပါတယ် မိုးစက်ရယ်။"
မိုးစက်သည် စောမြ၀တီနှင့် ၀သုန်ကို ဆိုဖာပေါ်ထိုင်စေပြီး တံခါးကို လောခ်ချလိုက်သည်။ အပြင်မှ အတွင်းရေးမှုးကို ဖုန်းလာလျှင် လွှဲမပေးရန်မှာထားလိုက်သည်။ ယိုဒယားစကားကို ကျွမ်းကျင်စွာ ပြောဆိုနေနိုင်သော မိုးစက်ကို ၀သုန် ငေးကြည့်ရင်း မိမိသူငယ်ချင်း ပြောင်းလဲသွားသည်ကို မျက်ဝါး ထင်ထင်မြင်တွေ့ပြီး ဂုဏ်ယူမိလိုက်သည်။
အားငယ်ကာ ကြောက်ရွံရသော ယုန်ဖြူလေးမှ ကျားတစ်ကောင်ဖြစ်အောင် ပုံသွင်းပေးလိုက်သည့် လူကြီးကို မိမိကျေးဇူးတင်ရမလား မသိတော့ပေ။
"ကျွန်တော် ဘာအကူအညီပေးရမလဲ ၀တီ။ ပြောပါ။"
မိုးစက် မျက်နှာချင်းဆိုင် ခုံတွင် ၀င်ထိုင်ပြီး တည်ငြိမ်စွာမေးလိုက်သည်။ စောမြ၀တီသည် ဆံပင်တိုတို နှင့် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းကာ ယောက်ျားပီသကာ ပိုချောလာသော မိုးစက်ကို ကြည့် ကာ မေးလိုက်သည်။
"မိုးစက် ယောက်ျားလေးလို ပြန်နေတော့မလို့လား။"
မိုးစက် သူမကို တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ် ၀တီ။"
စောမြ၀တီ မျက်နှာတွေဝေသွားသည်။ မိုးစက်ကို တွေတွေငေးငေးကြည့်ပြီးနောက် ဆုံးဖြတ်ချက်ချပြီး ဟန်ဖြင့် မေးလိုက်သည်။
"ဒါဆို ကိုကို့ကို ဘယ်လိုလုပ်မလဲ.."
မိုးစက် သူမကို တည်ငြိမ်စွာကြည့်ကာ ပြန်မေးလိုက်သည်။
"ကျွန်တော် ယောက်ျားလို ပြန်နေတာနဲ့ ၀တီ့ခင်ပွန်းက ဘာဆိုင်လို့လဲ ခင်ဗျာ။"
စောမြ၀တီသည် လှုပ်စိလှုပ်စိနှင့် ကစားနေသောသားလေးကို ချော့ကာ ပြောလိုက်သည်။.
"ဆိုင်တာပေါ့ မိုးစက်ရယ်။ ၀တီက မှားနေတဲ့အရာတွေ အားလုံးကို ပြန်တည့်အောင်လုပ်ပေးမလို့ပါ။ ၀တီ့ကြောင့် သားလေးကို သူ့အဖေမုန်းနေပြီ။ ၀တီမရသင့်တဲ့ အရာကို အတင်းပိုင်ဆိုင်ဖို့ ကြိုးစားတဲ့ ရလဒ်ကို သားလေးခံနေရတာ ၀တီ ဆက်ပြီး မခံစားနိုင်တော့ဘူး။ ဒါကြောင့် မိုးစက်ဆီကိုလာပြီး အကူအညီတောင်းတာပါ။"
မိုးစက်သည် စောမြ၀တီ ပြောသည်ကို သဘောမပေါက်ပါ။ သူမ ဘာကို ဆိုလိုပါလိမ့်ဟုတွေးကာ ဆက်မေးလိုက်သည်။
"၀တီ့သားလေးကို သူ ပြန်ချစ်လာဖို့ ကျွန်တော် ဘယ်လိုကူညီပေးရမှာလဲ။"
စောမြ၀တီက သက်ပြင်းချကာ ၀သုန့်ကို အကူအညီတောင်းလိုက်သည်။.
"၀သုန် ၀တီ့ကို ကူပြီး ရှင်းပြပေးပါဦးနော်။ Please ၀တီပြောရင် မိုးစက် သိပ်လက်ခံမှာ မဟုတ်ဘူး။"
မိုးစက် သူငယ်ချင်းကို နားမလည်ဟန်ဖြင့်ကြည့်လိုက်သည်။ ၀သုန်က ဘယ်လိုလုပ်ပြီး စောမြ၀တီနှင့် ပင်းသွားသည်ကို မိုးစက်သိချင်သည်။ သူငယ်ချင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဘာတွေလဲ ၀သုန်။ ငါ ဘာလုပ်ပေးရမလဲ။"
ဝသုန်က ရှင်းပြလိုက်သည်။ မိုးစက်သည် ၀သုန်ပြောသည့် စကားများကို ရုတ်တရက် မယုံနိုင်အောင် ဖြစ်သွားသည်။
"ဒါ တကယ်လား။"
မိုးစက် အေးစက်စွာမေးလိုက်သည်။ စောမြ၀တီကို ယခုမှ မုန်းသွားသည်။ သူမကြောင့် အပြစ်မရှိသော အကို့ကို မိုးစက်မုန်းမိသည်။ ဒါပေမယ့် သိပ်တော့ယုံ လို့မရပေ။ သူမ ယခုမှ ဘာအကြံနှင့်လာပြောသည်ကို မိမိမသိနိုင်ပေ။ ထို့ကြောင့် စောမြ၀တီ၏ မျက်လုံးထဲကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။
"၀တီက ကျွန်တော့်ဆီက ဘာကိုလိုချင်လို့ ဒါတွေကို အခုမှ လာပြောနေရတာလဲ။ အကိုနဲ့ပတ်သတ် ပြီး ကျွန်တော် ဘာလုပ်ပေးရမလဲ။"
စောမြ၀တီသည် စူးရှသော မိုးစက်၏ မျက်လုံးအကြည့်နှင့် အေးစက်သောလေသံကို ကြားသော ပင့်သက်ရှိုက်လိုက်မိသည်။ မိုးစက်ပြောင်းလဲသွားသည်ကို မိမိပိုသိလာခဲ့သည်။ မိမိထင်ထားသည်က မိမိပြောလိုက်သည်နှင့် မိုးစက် မျက်ရည်ကျကာ ကိုကို့ထံ တန်းပြေးသွားမည်ပေါ့။ ယခုတော့ သူက ခံစားချက်ကို ဘေးဖယ်ထားပြီး မိမိ တောင်းဆိုချင်သည့် အချက်ကို တန်းမေးနေသည်။
အေးစက်သော အကြည့်က စောမြ၀တီကို နူတ်ဆွံသွားစေသည်။ မိုးစက် ကိုကို့ကို များမုန်းသွားပြီ လား ဟုတွေးကာ ပူမိသည်။ ဒါဆိုလျှင် ကိုကို က မိုးစက်သူ့ကို မုန်းသွားတာ မိမိကြောင့်ဆိုပြီး သားလေးကို ပြန်မချစ်လျှင် ဘယ်လိုလုပ်မလဲ ဟုတွေးကာ စိုးရိမ်သွားမိသည်။
"မိုးစက် ၀တီတောင်းပန်ပါတယ်။ သားလေးကို ကိုကိုချစ်လာအောင်၊ အသိအမှတ်ပြုလာအောင် ကူပြောပေးပါ။"
မိုးစက် ပုခုံးတွန့်ရုံသာတွန့်လိုက်သည်။ ပြီးမှ ဆိုဖာနောက်ကို မှီလိုက်ကာ သက်တောင့်သက်သာ ပြောလိုက်သည်။
"သူ့စိတ်နဲ့ သူ့ကိုယ်ကို ကျွန်တော် ဘာမှ ၀င်ပြောပိုင်ခွင့် မရှိပါဘူး ၀တီ။ သူ့ဒယ်ဒီကနေ ပြောခိုင်းလိုက်ပါ။ သူနဲ့ ကျွန်တော်က ဘာမှ မပတ်သတ်တော့ပါဘူး။"
"၀တီက သားကို သူမုန်းတီးပြီး စွန့်ပစ်ထားတာကို မလိုလားတာပါ။ သူ့သားကို အသိအမှတ်ပြုစေ ချင်လို့ပါ။ မိုးစက် တိုက်တွန်းပေးရင် သူက ချက်ချင်းသားလေးကို အသိအမှတ်ပြုမှာပါ။"
"အဲ့ဒါ သူနဲ့ တိုက်ရိုက်ပြောတာ ပိုကောင်းပါတယ် ၀တီ။ သူနဲ့ ကျွန်တော်က ဘာမှ မပတ်သတ် တော့ဘူး။ ကျွန်တော်က အခု မိုးစက် ဘ၀ကို ပြန်ခံယူလိုက်ပါပြီ။"
စောမြ၀တီ၏ မျက်လုံးထဲမှ မျက်ရည်တို့ စီးကျလာခဲ့သည်။
"၀တီလွန်ခဲ့တာ ၀တီသိပါတယ်။ ဒါပေမယ့် ၀တီ့ကြောင့် အပြစ်မရှိတဲ့ကလေးတစ်ယောက်က တသက်လုံး အဖေရဲ့စွန့်ပစ်ခံဘ၀နဲ့ ကြီးလာမှာ။ သူ့အဖေကို တသက်လုံးမုန်းပြီး လောကကြီးကို နာကျည်းတဲ့စိတ်နဲ့ ကြီးပြင်းလာမှာကို ၀တီမကြည့်ရက်လို့ပါ။ ကလေး အတွက် ၀တီ မိုးစက်ကို ဒူးထောက်တောင်းပန်ဆိုတောင်းပန်ပါ့မယ်။ ရှိခိုးဆိုလည်း ရှိခိုးပါ့မယ်။ သားလေးအတွက် မိုးစက် ကူညီပေးပါနော်။ ၀တီ ...၀တီ့ အမှားကြောင့် သားလေး ..ဒီလို ခံစားရမှာ မခံစား..နိုင်လို့ပါ။"
စောမြ၀တီက ပြောရင်း မိုးစက်ရှေ့တွင် မရှက်နို်င်တော့ပဲ မျက်ရည်ကျမိတော့သည်။ ၀သုန်ပင်လျှင် မခံစားနိုင်တော့သဖြင့် မိုးစက်ကို တောင်းပန်ဟန်ကြည့်ကာ
"မိုးစက်... ၀တီပြောတာလည်း မှန်ပါတယ်။ ကလေး အတွက် အကိုနှင်းထန်ကို ဖြောင့်ဖြပေးလိုက်ပါ။"
"ဘာလဲ။ ၀တီနဲ့ တရားဝင်လက်ထပ်ဖို့ တိုက်တွန်းပေးရမှာလား"
မိုးစက် မာကျောစွာပြောသည်။
"မဟုတ်ပါဘူး မိုးစက်။ ၀တီ့သားလေးကို ကိုကိုက သားအဖြစ်အသိအမှတ်ပြုရင် ၀တီ ပြင်သစ်ကို ပြန်တော့မှာပါ။ သားလေးကို ၀တီပဲ ပြုစုပျိုးထောင်သွားမှာပါ။ သားလေးကို သူ့အဖေဆီက အချစ် ကိုရစေချင်ရုံသက်သက်ပါ။ အခုက ကိုကိုက သားလေးကြောင့် မိုးစက်နဲ့ ကွဲရတယ်ဆိုပြီး သားလေး ကို တချက်တောင်လှည့်မကြည့်တော့လို့ပါ။ "
မိုးစက် သက်ပြင်းရှိုက်မိသည်။ အာရုံလည်းနောက်သွားသည်။ တည်ငြိမ်အေးဆေးသော မိမိဘ၀ထဲ အရှုပ်ထုပ်ကို သယ်လာသော သူငယ်ချင်းကို စိတ်လည်းဆိုးမိသည်။ မိမိအကြည့်ကို သိတော့ ၀သုန်က တောင်းပန်ဟန်ဖြင့် မျက်နှာချိုသွေးလိုက်သည်။
"မင်းကို အကိုနှင်းထန်နဲ့ ပြန်ပေါင်းခိုင်းတာ မဟုတ်ပါဘူး။ သူ့ကို တချက် တိုက်တွန်းပေးဖို့ပြောတာ ပါကွာ။ နော်း အကိုနှင်းထန်က မင်းပြောရင်လက်ခံမှာပါ။"
မိုးစက် ၀သုန်ကို တင်းမာစွာကြည့်ပြီး မေးလိုက်သည်။
"ငါက ဘာကြောင့် တိုက်တွန်းရမှာလဲ။"
ဝသုန် ဥာဏ်များရတော့သည်။
"မင်းပဲပြောတယ်လေ။ အကိုနှင်းထန်ကို လူဆိုးကြီးမဖြစ်စေချင်လို့ မင်းသူ့ကို မေ့ပစ်လိုက်မယ်ဆို။ အခုက အခွင့်ကောင်းပဲလေ။ မင်း သူ့ကို လူဆိုးကြီး မဖြစ်အောင် ကူညီပေးလို့ရတယ်။ ၀တီက သူ့သားကို အကိုနှင်းထန် အသိအမှတ်ပြုတာလေးပဲ လိုချင်တာပါကွာ။ သူက ပြင်သစ်ကို ပြန်ဖို့ အားလုံးစီစဉ်ပြီးသွားပြီကွ။ အကိုနှင်းထန်က သားအဖြစ်အသိအမှတ်ပြုရင် ကလေးကြီးလာတော့ သူ့အဖေဆီကို လာတွေ့တော့ အဆင်ပြေတာပေါ့။ ကလေးလဲ စိတ်ဒဏ်ရာ မရတော့ဘူး။ "
"သူတို့က အတူမှ မနေတာ ဘာထူးမှာမို့လဲ။"
"ထူးတာပေါ့။ အတူမနေရပေမယ့် အဖေရဲ့အသိအမှတ်ပြုခံရတယ်ဆိုတာ သားတွေအတွက်ခွန်အား ဆိုတာ မင်းအသိဆုံးပါကွာ။ မင်း ဒီတချက်တော့ ကူညီပေးပါ။ကြားက ငါတောင်းဆိုပါရစေကွာ။"
မိုးစက်က ၀သုန်ဒီလောက် အသည်းအသန်တောင်းပန်နေသည်ကို မသင်္ကာဟန်ဖြင့်ကြည့်လိုက် သည်။ ၀သုန်က မိုးစက်၏ အကြည့်ကို သိသဖြင့် မျက်နှာနီသွားသည်။ မိုးစက်၏ အမြင်ခိုင်မာသွား သည်။ ၀သုန် စောမြ၀တီကို သနားပြီး ရင်ခုန်သွားလေပြီ။ မိုးစက်သည် နံဘေးမှ မျက်နှာငယ်ဖြင့်ရှိ နေသောသူငယ်ချင်းကို တချက်ကြည့်ကာ
"ကောင်းပြီလေ။ ကျွန်တော် သူ့ကို ဖုန်းဆက်ပြိးပြောလိုက်ပါ့မယ်။ လက်ခံတာ လက်မခံတာ သူ့အပိုင်းပဲ။ ကျွန်တော်ကတော့ သူလက်ခံလာဖို့ ပြောရုံပဲပြောပေးပါ့မယ်."
မိုးစက်၏ စကားကို ကြားသော်ဝသုန် အပူလုံးကျသွားသည့်ပုံ အနည်းငယ်တော့ မြင်ပြင်းကတ် သွားသည်။ ဘယ့်နှယ် သူငယ်ချင်းဘက်မှ နာမည့်အစား လှပသော ကလေးအမေလေးကို သနား သွားပုံက မြန်လွန်းလှလို့ စိတ်ထဲကနေဆဲလိုက်မိသည်။
စောမြ၀တီသည် ချက်ချင်း ကြမ်းပြင်ပေါ်ထိုင်ချကာ ကျေးဇူးတင်စကားပြောနေသဖြင့် အကိုနှင်းထန် သူမကို ဘယ်လောက်နှိပ်စက်ထားမည်ကို ရိပ်မိလိုက်သည်။ မိုးစက် သူမကို ဆွဲထူကာ ပြောလိုက် သည်။
ပေဖြစ်တုန်းက အထုခံရပေမယ့် တူဖြစ်စဉ် ထုလိုက်မည်ဆိုသည့် စိတ်ကတော့ မိုးစက်ထံတွင် လုံးဝမရှိပါ။ ထို့ပြင် အားနွဲ့သော မိန်းကလေးကို ပိုလို့ မနှိပ်စက်ချင်ပါ။ အားနည်းသူကိုနှိပ်စက်ချင် သည့်စိတ်က အင်မတန် အောက်တန်းကျသည်ဟု မိုးစက်ယူဆထားသည်။
"ထပါ။ ၀တီ။ ကျွန်တော် အကိုနှင်းထန်ကို ပြောပေးပါ့မယ်။ ဒါပေမယ့် ဘာမှ အာမမခံဘူးနော်။"
စောမြ၀တီ မျက်ရည်ကြားမှ ခေါင်းငြိမ့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် မိုးစက်။ ၀တီ လွန်ခဲ့တာတွေအတွက် ၀တီ့ကို ခွင့်လွှတ်ပါ။ ၀တီလေ မိုးစက်ကို လုံးဝယှဉ်လို့ မရခဲ့ပါဘူး။"
"ရပါတယ်။ ကျွန်တော် ဒါတွေကို မေ့လိုက်ပါပြီ။ အခု ပြန်စဉ်းစားလိုက်ရင် ၀တီ့ကိုတောင် ကျေးဇူး တင်မိပါသေးတယ်။ ကျွန်တော် ထက်မြက်လာအောင် ၀တီကူညီပေးခဲ့တာပါ။ မဟုတ်ရင် အခုထိ ကျွန်တော်က အချစ်နွံထဲမှာ နစ်နေဦးမှာပါ။ "
စောမြ၀တီ မိုးစက်၏ စကားကို မယုံကြည်ဟန်ဖြင့် ကြည့်လိုက်မိသည်။ မိုးစးက်ပြုံးရုံသာ ပြုံးလိုက်သည်။
"ကဲ ၀တီတို့ ကိစ္စမရှိရင် ကျွန်တော့်ကို ခွင့်ပြုပါအုံး။ ခဏနေရင် အစည်းအဝေးရှိလို့ပါ။"
မိုးစက် သူတို့ကိုနှင်လိုက်တော့မှ သူတို့နှစ်ယောက်ထွက်သွားတော့သည်။ သူတို့မရှိတော့မှ မိုးစက် သက်ပြင်းချမိသည်။ အကို့ဆီကို ဖုန်းဆက်ပြီး မိုးစက် ဘယ်လိုပြောရမှန်းမသိတော့ပေ။ ကတိတော့ ပေးလိုက်မိပြန်ပြီ။
မိုးစက်သည် ကံကြမ္မာကိုမယုံကြည်နိုင်ဖြစ်သွားသည်။ မိမိကို ချစ်သူနှင့်ခွဲကာ လုယူခဲ့သော မိန်းမက ယခု မိမိရှေ့တွင် ၀ပ်တွားကာ သူ့ခင်ပွန်းကို တောင်းပန်ပေးရန်ပြောနေခဲ့ပြီ။ ပြီးတော့ သူ့ခင်ပွန်းက မိမိပြောမှရမည်တဲ့လား။
အိမ်ရောက်တော့မှ မိုးစက် အလွတ်ရသည့် ဖုန်းနံပါတ်တခုကို ဆက်လိုက်သည်။
"Hello.."
သူ့အသံက အနည်းငယ်မူးသည့် အသံထွက်နေသဖြင့် မိုးစက်အံ့သြသွားသည်။ သူ သောက်နေ ပါလား။ မိုးစက် ဘာဆက်ပြောရမှန်းမသိသဖြင့် ငြိမ်နေလိုက်စဉ် တဖက်မှ ရိပ်မိသွားသည်
ထင်သည်။
"မိုးစက်...."
သူက သေချာပေါက်ကြီးခေါ်လာသဖြင့် မိုးစက်နည်းနည်းလန့်သွားသည်။ မိုးစက်ဖုန်းချလိုက်သည်။
သူ့အသံကိုကြားသော် မိုးစက်တွေဝေသွားသည်။ မိမိ ဘာကစပြောရမှန်းမသိတော့ပေ။
တဖက်မှ ဖုန်းပြန်ခေါ်လာခဲ့သည်။ မိုးစက် ကိုင်လိုက်စဉ် သူ့အသံကို ကြားလိုက်ရသည်။
"ချာတိတ်....မင်းမှန်းကိုယ်သိပါတယ်။ ချာတိတ် ပြောပါ။ ကိုယ် ချာတိတ်ကျေနပ်အောင် ဘာလုပ်ပေးရမလဲ။ ချာတိတ်ပျော်ဖို့ ကိုယ်ဘာမဆိုလုပ်ပေးဖို့ အသင့်ပဲ။ ကိုယ်သေမှ ကျေနပ်မယ် ဆိုလည်း သေရဲပါတယ်။"
မိုးစက် သူ့စကားကို ကြားသော သက်ပြင်းရှိုက်လိုက်မိသည်။
"အကို... ကျွန်တော် ခိုင်းတာ တကယ်လုပ်ပေးမှာလား.."
"ကိုယ် ဘယ်တုန်းက မင်းကို လိမ်ဖူးလို့လဲ။"
"ဒါဆို ကလေးကို အသိအမှန်ပြုပေးပါ။"
နှင်းထန် ကြေကွဲစွာရယ်လိုက်သည်။ သူ့ရယ်သံက နာကျင်မှုဖြင့်လွှမ်းနေသည်။
"မင်းဘယ်တော့မှ ကို့အတွက် စဉ်းစားပေးမှာလဲ။ ဆောရီးပဲ မိုးစက်။ သူတို့အကြောင်းဆိုရင် ဆက်ပြောစရာမလိုတော့ဘူး။ ကိုယ်ပြောတာ မင်းအတွက် လုပ်ပေးမယ်ပြောတာ။ မင်းရဲ့ သနား အားနာမှုတွေတော်သင့်နေပြီ။ "
"၀တီနဲ့ကလေး ကျွန်တော်ရှိတဲ့မြို့ကို ရောက်နေတယ်။"
နှင်းထန် အမူးပင်ပြေသွားသည်။ဝတီ ကလေးကို အကြောင်းပြပြီး မိုးစက်ထံေ၇ာက်သွားပြန်ပြီ။ နှင်းထန် တချက်စဉ်းစားကာ ပြောလိုက်သည်။
"ကောင်းပြီ။ မင်းလိပ်စာ ကျုပ်ကိုပြောပါ။ ကျုပ် မျက်နှာစံညီလာရှင်းမယ်။ "
"အကိုလာပြီး ဘာလုပ်မှလဲ။ မလိုပါဘူး။"
"မျက်နှာစုံညီပြောခွင့်မရရင် ကျုပ်ကို ဘာမှဆက်မပြောနဲ့ မိုးစက်။ မင်းကြောင့် ကျုပ် လူကြမ်းကြီး ဖြစ်ရပြီးပြီ။ ထပ်ဖြစ်စရာ ဘာမှမရှိတော့ဘူး။ ၀တီကို ကျုပ် မင်းရှေ့မှာမေးစရာတွေရှိတယ်။ မင်း မပြောလည်းရပါတယ်။ ကျူပ်တို့ ဘာမှဆက်ပြောစရာမရှိတော့ဘူး။ Goodbye မိုးစက်"
"နေဦး... ကျွန်တော့် လိပ်စာက...."
မိုးစက်၏ လိပ်စာကိုရတော့ နှင်းထန် ချက်ချင်းစီစဉ်ကာ ထွက်လာခဲ့သည်။
မိုးစက်သည် နှင်းထန်ကို လိပ်စာပေးပြီးမှ နောင်တရသွားသည်။ သူ မိမိ နေရာကို သိသွားလျှင် လာလာ နှောက်ယှက်တော့မည်။
မိုးစက်သည် ၀သုန်ကိုအိမ်လာတည်းရန် ခေါ်လိုက်သည်။ ၀သုန်က စောမြ၀တီ တစ်ယောက်တည်း ဖြစ်နမှစိုးလို့ဆိုပြီး မလာပေ။ သေချာနေပါပြီ။ မိမိသူငယ်ချင်း ကလေးအမေးကိုစိတ်ဝင်စားသွား ပြီ။
မိုးစက် သူတို့ကို အကိုနှင်းထန် လိုက်လာမည့် အကြောင်းပြောထားလိုက်ပြီး အလုပ်ကို ဆက်လုပ် နေလိုက်သည်။ အကိုကြီးကို V call ခေါ်ကာ အလုပ်အကြောင်း အစီရင်ခံသည်။ သူက မိမိကို စိတ်တိုင်းကျ လုပ်ခွင့်ပြုထားသည်။
"အကိုကြီး ကျွန်တော့်ဆီ စောမြ၀တီ တို့ေ၇ာက်နေတယ်။"
"ဟုတ်လား။ "
သူက ဒီစကားပဲပြောသည်။ မိုးစက်သူ့ကို အားလုံးဖွင့်ပြောချင်သော်လည်း ဘာဖြစ်လာဦးမည် မသိသေးသဖြင့် မြိုသိပ်ထားလိုက်သည်။
"မင်း ဘာပဲ လုပ်လုပ် မင်းမှန်မယ်ထင်တာ လုပ်ပါ။ မင်းစိတ်ချမ်းသာမယ်ထင်တာ လုပ်ပါ။ မင်းစိတ်ဆင်းရဲနေရတယ်ဆိုရင် ကိုယ်နဲ့တွေ့မယ်။"
သူ့စကားထဲမှ မိမိအပေါ်ထားသည့် စေတနာကို သိလိုက်ရသဖြင့် မိုးစက်ပြုံးသွားမိသည်။
"ဟုတ်ကဲ့ အကိုကြီး။ ကျွန်တော် အကိုကြီးစကားကို မမေ့ပါဘူး။"
"ကျန်းမာရေးကရုစိုက်နော် မိုးစက်။ အကိုကြီး နောက် ၅ ရက်နေရင်ပြန်လာမယ်."
မိုးစက် အကိုကြီးထံမှ ဖုန်းချလိုက်ပြီးသောအခါ အားပြည့်လာသလိုခံစားလိုက်ရသည်။
"ချာတိတ်... ကိုယ်ရောက်ပြီ။ ဘယ်အချိန်ဆုံမလဲ.."
အကိုနှင်းထန်၏ ဖုန်းဝင်လာသောအခါ မိုးစက် နောက်တနေ့မနက်ချိန်းလိုက်သည်။ သူတို့နှင့် အတူရှိချိန်အတွက် မိမိအလုပ်များကို လက်စသတ်နေလိုက်သည်။ မိမိကြောင့် အလုပ်လစ်ဟင်း မည်ကို မိုးစက်လက်မခံပေ။
မိုးစက် စောမြ၀တီနှင့် ၀သုန်ထံကို အကြောင်းကြားလိုက်သည်။
မိုးစက်သည် ချိန်းသည့်နေရာသို့သွားရင်း စောမြ၀တီနှင့် ၀သုန်ကို ၀င်ကြိုသွားလိုက်သည်။
နှင်းထန်က သူတို့လူစုလာသည်ကို တွေ့သော မတ်တပ်ရပ်ကာ ကြိုနေသည်။
အကို့ကို မြင်လိုက်သောအခါ မိုးစက် အံ့သြသွားသည်။ သူ ပိန်သွားသည်။ မျက်နှာကျသွားသည်။ အရက်ဖြင့် ကိုယ့်ကိုယ်ကို ညှင်းဆဲနေပုံရသည်။ ဒါကြောင့် စောမြ၀တီက လက်လျော့ကာ သူ့ကို လက်လွှတ်လိုက်ခြင်းဖြစ်သည်။ ဒီပုံအတိုင်းသွားလျှင် သူ အသက်ရှည်ရှည်နေရမည် မဟုတ်ပေ။
သူက မိုးစက်ကို မြင်လိုက်ရစဉ် မျက်ဝန်းထဲက ချစ်ရိပ်တို့က အရင်အတိုင်း မပြောင်းလဲပဲ ရှိနေဆဲပါ။
ယောက်ျားလေးနှင့် မိုးစက်ပုံကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ကြင်နာစွာနူတ်ဆက်သည်။
"မိုးစက် နေကောင်းတယ်နော်။"
သူက စောမြ၀တီကို လှည့်လည်းမကြည့်၊ ကရုလည်းမစိုက်ပေ။ စောမြ၀တီက မျက်နှာ သိပ်မကောင်းပေ။ သားလေးကို တချက်မှ မကြည့်သောကြောင့်ဖြစ်သည်။ မိမိသားလေးကို သူ့သွေး အဖြစ်တောင် အသိအမှတ်မပြုအောင် မုန်းသွားအောင် မိမိလုပ်ခဲ့မိတာပါလား ဟူသောအသိက မျက်၇ည်ကျလာစေသည်။
"ဟုတ်ကဲ့ ။ ၀တီထိုင်ပါ။ ၀သုန် မင်းလည်းထိုင်လေ။"
"ငါ ဘားမှာသွားသောက်နေမယ်။ မင်းတို့ကြား မ၀င်သင့်ဘူးလေ။ အကို ခွင့်ပြုပါဦး။ ၀တီ ခွင့်ပြုပါ။"
ဝသုန်ထွက်သွားတော့ သုံးဦးသာ ခုံတွင်ထိုင်ကာ မျက်နှာချင်းဆိုင်မိကြသည်။
အကိုနှင်းထန်၏ မျက်နှာက ကျောက်ရုပ်လိုအေးစက်နေသည်။ စောမြ၀တီ၏ မျက်နှာက စိတ်ဆင်းရဲ မှုကြောင့် ညှိုးငယ်နေသည်။ မိုးစက်ကတော့ ကြားလူအနေဖြင့် သက်တောင့်သက်သာ နေနိင်ရန် ကြိုးစားနေသည်။