အချစ်စစ်၏တည်နေရာ
Season-3
အပိုင်း (၄)
စနေထွဋ်ခေါင်သည် မိုးစက်ကို ဟိုတယ်ခန်းထဲထိပို့ပေးပြီး ပုခုံးလေးကို အသာပုတ်ကာ နှစ်သိမ့် လိုက်သည်။
"မိုးစက်...စိတ်ကိုလျှော့လိုက်တော့နော်....စိတ်ကို တင်းမထားနဲ့။"
မိုးစက်သူ့ကိုမော့ကြည့်ကာ
"အကိုကြီး ကျွန်တော့်နားမှာနေပေးလို့ ကျေှးဇူးပါပဲဗျာ..."
သူက ထူးဆန်းစွာပြုံးကာ မိုးစက်ကို ခုတင်ပေါ်ထိုင်ခိုင်းကာ နံဘေးတွင်ဝင်ထိုင်ရင်း
"မင်းအသက်ကို ကျုပ်က ၂ နှစ်ပိုင်တာ မေ့နေပြီလား။ ကျုပ်ရဲ့ပိုင်ဆိုင်မှုကို စိတ်ချလက်ချ လွှတ် ထားလို့ဘယ်လိုဖြစ်မှာလဲ။"
မိုးစက်သူ့စကားကို ကြားသော် ရယ်လိုက်သည်။ သူထိုသို့စိတ်မရှိမှန်း မိမိအသိဆုံးပါ။ မိမိကို စိတ်ပေါ့ပါးစေရန် တမင်ပြောနေသည်ကိုသိတော့ သူ့ပုခုံးကို မှီလိုက်ပြီး မိမိရင်ထဲခံစားရသည်ကို ရင်ဖွင့်လိုက်သည်။
"ကျွန်တော်လေ သူ့ကို တကယ်ချစ်ခဲ့တယ် အကိုကြီးသိလား။"
"အင်း..ကိုယ် သိတယ်။ မင်း သူ့ကို ဘယ်လောက်ချစ်မယ်ဆိုတာ ကိုယ်မှန်းကြည့်လို့ရပါတယ်။"
စနေထွဋ်ခေါင်သည် မိုးစက်၏ စကားကို ကြင်နာစွာ တုန့်ပြန်လိုက်သည်။
မိုးစက်သည် သူ့ကို မိမိဆုံးဖြတ်ချက်ကို ဖွင့်ပြောလိုက်သည်။
"ကျွန်တော် သူ့ကို မေ့ပစ်လိုက်ဖို့ဆုံးဖြတ်လိုက်ပြီ အကိုကြီး။"
"ဘာဖြစ်လို့လဲ။ သူ မင်းကို ချစ်နေသေးတာပဲလေ။ ၂ နှစ်ပြည့်ရင် မင်းသူ့နားကို ပြန်သွားလို့ရတာပဲ လေ။"
မိုးစက် ခေါင်းကိုယမ်းလိုက်သည်။
"သူ့ကို ချစ်လို့ပဲ ကျွန်တော် စွန့်လွှတ်လိုက်မှာဖြစ်တယ် အကိုကြီး။"
စနေထွဋ်ခေါင်သည် မိုးစက်ဆိုလိုသည်ကို သိသော်လည်း သူ့ရင်ထဲမှ စကားများများပြောထွက် လာရန် စကားထောက်ပေးလိုက်သည်။
"ချစ်လို့ အရယူတယ်ဆိုတာပဲ ကြားဖူးတယ်။ မင်းကျမှ ချစ်လို့စွန့်လွှတ်လိုက်တယ်တဲ့လား။ ကိုယ့်ကို ရှင်းပြပါဦး။"
မိုးစက် တချက်ရယ်မောလိုက်သည်။
"ကလေးက အပြစ်မရှိပါဘူးဗျာ...ကျွန်တော့်ကြောင့် အပြစ်မရှိတဲ့ကလေး တစ်ယောက် မိစုံဖစုံနဲက အတူမနေရတာမျိုးလုံးဝ အဖြစ်မခံနိုင်ဘူး။ ပြီးတော့ ... ဘာအကြောင်းနဲ့ဖြစ်ဖြစ် သူ့ကြောင့် ကလေး တစ်ယောက်လူ့လောကထဲကို ရောက်လာခဲ့ပြီ။ အခုမှကလေးကို မကြင်နာနိုင်တဲ့ လူရိုင်းကြီး၊ကလေး ကြီးလာရင် စိတ်နာပြီး တသက်လုံး အမုန်းခံသွားရမယ့် အဖေတစ်ယောက် မဖြစ်စေချင်ဘူး။ "
"မင်း သူ့ကို တော်တော်ချစ်တာပဲနော်..."
"ဟုတ်တယ်။ အချစ်အကြောင်းကို သူ ကျွန်တော့်ကို သင်ပေးခဲ့တယ်။သွေးသားဆန္နကြောင့် မဟုတ်ပဲ
ညီအစ်ကိုလိုလည်း သူ့ကို ကျွန်တော်ချစ်တယ်။ သူငယ်ချင်းလိုလည်း ချစ်တယ်။ ချစ်သူလိုလည်းချစ် တယ်။ ပြီးတော့ ဘ၀အဖော်မွန်လိုလည်း ချစ်တယ်။ သေတဲ့အထိ သူနဲ့ အတူနေရမယ်လို့လည်း ယုံကြည်ခဲ့တယ်။"
"မင်း ဆန္နရှိရင် အတူပြန်နေလို့ရတာပဲလေ။"
"ကလေး တစ်ယောက်ရဲ့ စိတ်ကိုနင်းခြေပြီးမှ လူတစ်ယောက်ကိုချစ်ရမယ်ဆိုရင် နေပါစေတော့ အကိုကြီးရယ်။ ဖြူစင်ပြီး အပြစ်ကင်းတဲ့ ကလေးလေးတွေရဲ့ ဘ၀လှပပါစေ။ သူ့ဆီကအချစ်မရ တော့လို့ ကျွန်တော့် ဘ၀ဘာမှ မဖြစ်သွားနိုင်ဘူး။ အဖေတစ်ယောက်ရဲ့ အချစ်မရရင် ကလေး တစ်ယောက်က အထီးကျန် သိမ်ငယ်ပြီး ကြီးပြင်းလာလိမ့်မယ်။ လူတွေအပေါ် သူသံသယ၀င်ပြီး တသက်လုံး အချစ်ဆိုတာကို အယုံအကြည်မရှိပဲ ကြီးပျင်းလာလိမ့်မယ်။ ကျောင်းနေတဲ့အချိန် သူများ အဖေတွေ လာကြိုတဲ့အချိန် သူ့အဖေကို တပြီး သူငိုနေလိမ့်မယ်။ မငိုရင်အောင် တောင့်ခံရင်း သူ့ အသည်းနှလုံးက မာကျောသွားလိမ့်မယ်။ သူ့ကို အကိုနှင်းထန်လို အထီးကျန်တဲ့ဘ၀မှာ မကြီးပြင်း စေချင်ဘူး။"
"မင်း သူနဲ့ပတ်သတ်ပြီး အတော်ကရုစိုက်တာပဲနော်။"
"သူလည်း ဒီလိုပါပဲ။ ကျွန်တော့်ကို ကရုစိုက်ပါတယ်။ "
"သူ နောက်တစ်ယောက်ထားတာတောင် မင်းသူ့ကို မမုန်းဘူးနော်။"
"သူလည်း သူ့အကြောင်းနဲ့သူ ရှိမှာပါ အကိုကြီးရယ်။ သူ့ကို မုန်းတာထက် သူ့ကို ဘာမှ မကူညီနိုင် တဲ့ကိုယ့်ကိုယ်ကိုပဲ မုန်းတယ်။"
"မင်းစိတ်မနာဘူးလား။"
"နာတာပေါ့ အကိုကြီးရယ်။နာလွန်းလို့ သေသွားတော့မလားတောင် ထင်လိုက်မိတယ်။ "
မိုးစက်ဟက်ခနဲ တချက်ရယ်ကာ
"ဘယ်လောက်ရင်နာနာ လူကခံနိုင်ရည်အတော်ရှိတယ်ဆိုတာ အကိုကြီးသင်ပြလို့ ကျွန်တော်သိရ ပါပြီ။ ၀တီနဲ့ အိပ်တာ ရင်နာပေမယ့် ကျွန်တော် ချစ်နေဆဲပါ။ ဒါပေမယ့်ကလေးတစ်ယောက်ရဲ့ ဖခင် ဖြစ်လာတဲ့သူ့ကို ကျွန်တော် ဆက်မချစ်နိုင်တော့ဘူး။ အဲ့ဒီအချစ်ကို ကျွန်တော်ဖာသာ ရုပ်သိမ်းလိုက် တော့မယ်။"
စနေထွဋ်ခေါင်သည် ဒေါက်တာနှင်းထန် ဘာကြောင့် မိုးစက်ကို ဒီလောက်အသည်းအသန်ချစ်ရသည် ကို ကောင်းစွာသိသွား လိုက်သည်။ မိုးစက်သည် အင်မတန်ကို ကိုယ်ချင်းစာစိတ်ထားတတ်သူလေး ဖြစ်သည်။
"အချစ်ဆိုတာ ရပ်လိုက်ပြီ။ တော်ပြီ မချစ်တော့ဘူးဆိုပြီး လုပ်လို့မရဘူး မိုးစက်။ မင်း သူ့ကို မေ့ပစ် ဖို့ ကြိုးစားလို့ရတယ်။ ဒါပေမယ့် သူ့အပေါ်ထားခဲ့တဲ့ အချစ်တွေကို ပြန်ရုပ်သိမ်းလို့တော့မရဘူး။"
"သူ့အပေါ်ထားခဲ့တဲ့အချစ်တော့ မရုပ်သိမ်းနိုင်ပေမယ့် သူ့ကို ကျွန်တော်မေ့ပစ်ဖို့ကြိုးစားရလိမ့်မယ်"
"မင်း ရင်နာမှာပေါ့ကွယ်"
"အကိုကြီးရဲ့ နည်းနဲ့ ကျွန်တော့်ကို လူသစ်စိတ်သစ်ဖြစ်အောင်လုပ်ပေးပေါ့ဗျာ။"
"ဒါတော့ စိတ်ချပါ။ မင်းရဲ့ ကွဲအက်နေတဲ့ အသည်းနှလုံးကို အမြဲအကောင်းတိုင်းဖြစ်အောင် ပြုပြင် မွန်းမံပေးမယ်။"
မိုးစက်တင်းထားသော စိတ်များကိုလျော့လိုက်သည်။ သူ့ဘေးတွင် နေလျှင် မိမိစိတ်များလုံခြုံသွား သည်ဟု ခံစားရသည်။
"အကိုကြီးရှိလို့တော်သေးတယ်။ မဟုတ်ရင် ကျွန်တော် သူ့ကို ခွဲနိုင်မှာမဟုတ်ဘူး။ ကျွန်တော် လုပ် တာမှန်ပါတယ်နော် .."
စနေထွဋ်ခေါင်သည် မိုးစက်၏ ပုခုံးလေးကို ဖက်ကာ ပြောလိုက်သည်။
"မင်းက အင်မတန်ကို သဘောထားကြီးတဲ့ ကောင်လေးပါ။ မင်းလောက်တောင် ကိုယ်သဘောထား မကြီးနိုင်ခဲ့ပါဘူး။ စိတ်ချပါ။ မင်း အသည်းနှလုံးကို အသစ်စက်စက်ဖြစ်အောင် အလုပ်နဲ့ ကုစားပေး မယ်။"
မိုးစက် မျက်လုံးကို မှိတ်လိုက်ပြီး သူ့ရင်ခွင်ထဲ တိုးဝင်ကာ ပြောလိုက်သည်။
"အကိုကြီးကို ခဏဖက်ထားချင်တယ်။"
"ရတယ်။ ကြိုက်သလိုဖက် ညီလေး။"
မိုးစက် သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားကာ မျက်လုံးကိုမှိတ်ထားလိုက်စဉ် စောမြ၀တီ၏ အားငယ် သောမျက်ဝန်း၊ သူ့ရဲ့ အဆွေးမျက်ဝန်း၊ ကလေးလေး၏ အပြစ်ကင်းစင်သောမျက်နှာ စသည်တို့ကို မြင်ယောင်ပြီး သက်ပြင်းသာရှိုက်မိသည်။ စနေထွဋ်ခေါင်သည် မိုးစက်ကို ဖက်ရင်းအိပ်ယာထက်သို့ လှဲချလိုက်သဖြင့် မိုးစက်လန့်သွားကာ မျက်လုံးဖွင့်ကြည့်လိုက်စဉ် သူက ပြုံးကြည့်ကာ
"ကိုယ့်လက်မောင်းပေါ် ခေါင်းအုံးပြီး ခဏ အိပ်လိုက်ပါလား။ မင်း အရမ်း စိတ်ပင်ပန်းနေပြီ။ ဟိုမှာ ကတည်းက မင်းကောင်းကောင်း မအိပ်ရသေးဘူး မဟုတ်လား။"
မိုးစက် ခေါင်းငြိမ့်ကာ သူ့လက်မောင်းပေါ်ခေါင်းအုံးလို့ စိတ်ကိုလျှော့လိုက်စဉ် သူက တီးတိုးပြော ခဲ့သည်။
"စိတ်ကို ရှင်းထား။ အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန်ရှုလိုက်နော်။ အိပ်ပျော်အောင် အိပ်လိုက်။ အိပ်ယာကနိုးရင် အားလုံး အဆင်ပြေသွားမယ်။ "
သူ့စကားသံက အသံသြဇာနှင့် ပြည့်ဝကာ မိမိကို ညှို့နေသလိုပင် သူပြောသည့်အတိုင်းလိုက်လုပ် မိတော့သည်။ နာရီဝက်ခန့်ကြာသော် မိုးစက် တကယ်အိပ်ပျော်သွားတော့သည်။
စနေထွဋ်ခေါင်သည် ကျောက်ရုပ်ပမာ မလှုပ်မယှက်ဖြင့် မိုးစက်ဘေးတွင် နေပေးရင်း သူ့အကြောင်း ကို စဉ်းစားနေမိသည်။
"နှင်းကလေးရေ၊မင်းလို အင်မတန်ကိုစိတ်ထားကောင်းပြီး တဖက်သားကိုစဉ်းစားပေးတဲ့ ကောင်လေး ကို အကိုကြီးတွေ့ထားတယ်။ မင်းလိုသူများအတွက် စဉ်းစားပေးလွန်းလို့ ဒုက္ခမရောက်အောင် အကိုကြီး ကာကွယ်ပေးမယ်။ နောက်ထပ် ကြေကွဲစရာနဲ့ အဆုံးသတ်ရတဲ့ ဒုတိယ နှင်းကလေး မဖြစ် စေရဘူး။ အခု ညီမလေး ပျော်နေရဲ့လား။ တမလွန်မှာ အထီးကျန်တစ်ယောက်တည်းဖြစ်နေသလား ကွယ်။ နှင်းကလေးသဘောကျတဲ့ အ၀ါရောင်နှင်းပန်းတွေ မြစိမ်းရောင်ဂေဟာမှာ လှိုင်လှိုင်ပွင့်နေ ပြီလေ။ ညီမလေး မှာထားတဲ့အတိုင်း အကြင်နာလိုအပ်နေတဲ့ ကလေးတွေကို အကိုကြီး ကရုစိုက်မှု တွေကို အမြဲပေးနေပါတယ်ကွယ်။ အကိုကြီး အလွမ်းပြေအောင်များ မိုးစက်ကို နှင်းကလေးကပဲ အနားကို ပို့ပေးခဲ့လေသလားကွယ်။ "
စနေထွဋ်ခေါင်သည် မိုးစက်နှင့်စတွေ့သည့်နေ့ကို ကောင်းစွာမှတ်မိပါသေးသည်။ ထိုနေ့ညက နှင်းကလေးကို မြစိမ်းတောင်ပေါ်တွင် မြင်းစီးသည်ကို မက်ခဲ့သည်။ နှင်းကလေးက မိမိကို ပြုံးကာ သူမကိုအရမ်းလွမ်းသလားဟုမေးနေသည်။ မိမိက နှင်းကလေး၏ ကလေးမပုံလေးကို လွမ်းဆွတ်စွာ သတိရစွာ ငေးကြည့်ရင်း အရမ်းလွမ်းသည်ဟုဖြေတော့ သူမလေးက ဆောင်းနံနက်ခင်းက တောက်ပ သောနေရောင်ခြည်ပမာ ပြုံးကာ
"ဒါဆို မနက်ဖြန် နှင်းကလေး သွားနေကြ ရွှေဘုန်းပွင့် ဘုရားဘက်ကိုလာခဲ့လေ။ အကိုကြီးကို နှင်းကလေး စောင့်နေမယ်။"
စနေထွဋ်ခေါင်လန့်နိုးလာသောအခါ ပြန်အိပ်လို့မရတော့ပေ။ စိတ်စွဲ လို့မက်သည်ဟု ထင်သော် လည်း နှင်းကလေးကို သတိရသဖြင့် တကယ်သွားခဲ့သည်။ ရွှေဘုန်းပွင့် တောင်ပေါ်ရောက်ပြီးမှ ကင်မရာ မေ့ကျန်ခဲ့သဖြင့် တောင်အောက်သို့ပြန်အဆင်း မိုးစက်နှင့် ၀င်တိုက်မိခြင်းဖြစ်သည်။
နောက်ကိုလန်ကျသွားမလိုဖြစ်သော ကောင်မလေးကို ဖက်ထားလိုက်မိစဉ် ရင်ထဲတွင် ရင်းနှီးသည့် ခံစားချက်ကို ခံစားလိုက်ရသဖြင့် မျက်နှာကို သေချာကြည့်လိုက်တော့ မိမိမမြင်ဖူးသော မျက်နှာစိမ်း မိန်းကလေး ဖြစ်နေကြောင်းသိလိုက်သည်။
စနေထွဋ်ခေါင် သူမနှင့်လမ်းခွဲပြီးနောက် ကင်မရာကိုယူကာ တောင်ပေါ်ပြန်တက်လာပြီး နှင်းကလေး နှင့် အတူတက်ခဲ့သည့် ကြက်အမောက်တောင်ကို Zoom ဆွဲကာ လှမ်းရိုက်စဉ် သစ်ပင်တစ်ပင်တွင် မှီထိုင်ကာ မျက်ရည်ကျနေသော မိမိနှင့် ၀င်တိုက်ခဲ့သည့် ကလေးမကို ပြန်တွေ့လိုက်ရသည်။
သူမမျက်နှာလေးက သောကဖြင့်ညှိုးငယ်နေပုံလေးက မာလာနှင့် မိမိလက်ထပ်ခါနီး နှင်းကလေး ခံစားနေရသည်နှင့် တပုံစံတည်းတူလှသဖြင့် စနေထွဋ်ခေါင် လန့်လို့ပင်သွားသည်။ နူးညံ့သော
မျက်ဝန်း၊ နာကျင်ခံစားရကာ မထွေးနိုင်မအံနိုင်မျိုသိပ်ထားရသော ခံစားချက်များက နှင်းကလေးနှင့် တပုံစံတည်းပါလား။
စိတ်နှင့်လူနှင့် ကင်းကွာနေပုံက မိမိ တောက်လျှောက်စိုက်ကြည့်နေသည်ကိုပင် မသိအောင်ပင်ဖြစ် သည်။ စနေထွဋ်ခေါင်သည် မိုးစက်၏ ပုံကို တိတ်တဆိတ်ရိုက်ယူထားမိသည်။ နောက်ဆုံး မိုးစက် ငိုရင်းအိပ်ပျော်သွားသောအခါ ကြင်နာစိတ်တို့က တားမရအောင် ထွက်ပြူလာမိသည်။
မိန်းမလှလေးဖြစ်လို့ ဖွန်ကြောင်ခြင်းမဟုတ်ပဲ သနားကြင်နာခြင်းတို့က နှင်းကလေးဆုံးပြီးကတည်း က မိမိနှလုံးသားတွင် လုံးဝပျောက်ကွယ်သွားပြီိဟု ထင်ထားခဲ့ရာမှ တဖန်ဖြစ်ပေါ်လာခဲ့သည်။ အောင်ကျော်ထံမှ ဖုန်းဝင်လာပြီး မိမိပြန်ဆင်းရတော့မည့်အချိန်တွင် စနေထွဋ်ခေါင် မိုးစက်ကိုနှိုးလိုက် သည်။ အိပ်မုံစုံဝါးနှင့် အငိုမျက်လုံးလေးက နှင်းကလေး၏ မျက်ဝန်းများပင်ဖြစ်သည်။ ယခုလို ရွှေဘုန်းပွင့် ဘုရားတွင် တိတ်တိတ်လေး လာငိုရင်းအိပ်ပျော်သွားသဖြင့် မိမိရှာတွေ့ကာ သူမလေးကို နှိုးလိုက်စဉ် ယခုလိုကြည့်ခဲ့သည်ကို စနေထွဋ်ခေါင် ကောင်းစွာမှတ်မိနေပါသေးသည်။
စကားပြောလျှင် ကျွန်တော်..ကျွန်တော်နှင့် မန္တလေးသူလေးကို လမ်းခွဲခဲ့စဉ် စနေထွဋ်ခေါင် မှတ်မှတ် ရရ ရှိနေခဲ့ပါသည်။ တောင်အောက်သို့ဆင်းသွားသောအခါ ချစ်သူလမ်းလေးအတိုင်း ကျောခိုင်းကာ ထွက်သွားသော သူမလေးက ဘာကြောင့်ရယ်မသိ စနေထွဋ်ခေါင် စိတ်ထဲအရမ်းကို အထီးကျန်နေ သလိုခံစားလိုက်ရသည်။
အောင်ကျော်နှင့်အလုပ်အကြောင်းပြောနေသောလည်း တညနေလုံး ထိုမိန်းကလေး၏ မျက်ဝန်းက စနေထွဋ်ခေါင် ကိုခြောက်လှန့်နေသည်။ ထို့ကြောင့် နောက်တနေ့လည်း ရွှေဘုန်းပွင့် ဘုရားဘက် သို့သွားစဉ် အိပ်ပျော်နေသော အလွမ်းမင်းသမီးလေးကို ထပ်တွေ့ပြန်သည်။ ဒီတခါ သူမ အိပ်ပျော် နေရင်း နူတ်မှ ယောင်ယမ်းကာ ခေါ်နေသည်။
"မေမေ... ညီမလေး...မေမေ... ကျွန်တော့်ကို မထားခဲ့ပါနဲ့...မေမေ.."
စနေထွဋ်ခေါင် သည်ဒီလောက် မိမိရင်ကို ထိခိုက်စေသည့် မြင်ကွင်းကို ဆက်ပြီးကြည့်မနေနိုင်တော့ ပေ။ မိုးဖွဲလေးများက ကျစပြုလေပြီ။ ဒါတောင် အိပ်မက်ကနေ မနိုးနိုင်လောက်အောင် သူမလေးကို ဘယ်အရာများက အိပ်မက်ထဲ စိုးမိုးနေတာလဲဟု တွေးမိသည်။ သူမယောင်ယမ်းသံအရ သူမမိခင်နှင့် ညီမဖြစ်သူ ဆုံးသွားဟန်တူသည်။
မိုးစက် ကလေးလေးလို ငိုချလိုက်သည်။ ထိုစဥ်ကြင်နာသော စကားသံနှင့်အတူ မိမိကိုလှုပ်နှိုးသံကို ကြားလိုက်ရပြီး မျက်လုံးဖွင့်ကြည့်လိုက်စဉ် ထိုအမည်လူကြီးကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများ က မိမိကို ကြင်နာဟန်ဖြင့်ကြည့်နေသဖြင့် မိုးစက် ဘာဘာ ညာညာမစဉ်းစားနိုင်တော့ပဲ သူ့ရင်ခွင်ထဲ တိုးဝင်ကာ ငိုလိုက်မိသည်။
"ချာတိတ် မိုးရွာနေပြီ။ ကိုယ်မင်းကို ပွေ့သွားပေးမယ်။ တမျိုးမထင်နဲ့နော်။"
မိုးစက် ခေါင်းသာငြိမ့်လိုက်မိသည်။ သူက မိုးစက်၏ခွင့်ပြုချက်ရသည်နှင့် မိုးစက်ကို ကလေးပမာ ပွေ့ချီကာ ခြေလှမ်းကြဲကြီးနှင့် အနားရှိဘုရားတန်ဆောင်းသို့အမြန်လာခဲ့သည်။ တန်ဆောင်းအောက် သို့ရောက်သည်နှင့်အုတ်ခုံပေါ်တွင် မိုးစက်ကိုချပေးကာ အိတ်ထဲမှလက်ကိုင်ပုဝါဖြင့် မိုးစက်မျက်ရည် များကိုသုတ်ပေးတော့သည်။
"မင်းအမေနဲ့ ညီမ ဆုံးသွားတာကြာပြီလား။"
စနေထွဋ်ခေါင် သူ့ကိုမေးလိုက်စဉ် သူ၏ အံ့သြသွားတဲ့ပုံလေးက ယုန်ကလေးနှင့်တူလွန်းလှသဖြင့် ခေါင်းကို မပုတ်မိအောင် မနည်းထိန်းထားရသည်။ အပြစ်ကင်းသော ယုန်ကလေးကို ဘယ်သူက ဒီလောက်ဝမ်းနည်းအောင်လုပ်နိုင်သလဲဟုတွေးလိုက်မိသည်။ ဖြစ်နိုင်တာက အချစ်ဆုံးသူက အနာကျင်ဆုံး ဝေဒနာကို ပေးနိုင်သည်ဆိုတော့ သူ့ချစ်သူ သို့မဟုတ် သူ့ခင်ပွန်းက သူ့ကို ခံစား ရအောင်လုပ်နေခြင်းဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။
ထိုနေ့က စနေထွဋ်ခေါင် လည်း သူ့ကို နှင်းကလေးအကြောင်း အနည်းငယ်ပြောလိုက်မိသည်။ ဘယ်တုန်းကမှ အခုမှ တွေ့သောလူစိမ်းကို မိမိခံစားချက်အကြောင်း မပြောခဲ့ဖူးပေ။ သူက ထူးထူး ဆန်းဆန်း မိမိကို ယုံကြည်စိတ်ပေါ်စေသည်။ သူ့ကို ဖွင့်ပြောလိုက်တော့ ရင်ထဲမှာ နည်းနည်းတော့ ပေါ့သွားသည်။
နှင်းကလေးက မိမိကို မြစိမ်းတောင်ပေါ်တက်လာခိုင်တာ မိုးစက်နှင့်တွေ့စေချင်လို့လားဟု စနေထွဋ်ခေါင် တွေးလိုက်မိသည်။ ထိုနေ့က မိုးစက်ကို အိမ်သို့လိုက်ပို့ပေးခဲ့သည်။ အိမ်ပြန်ရောက် တော့ အောင်ကျော်ကို ထိုအိမ်တွင်နေသောသူများအကြောင်း စုံစမ်းခိုင်းလိုက်သောအခါ အောင်ကျော် က ထိုအိမ်သည် ရှယ်ယာပါရန် မိမိကို ကမ်းလှမ်းထားသော ထန် လုပ်ငန်းမှ MD လင်မယား နေသည်ဟု သိလိုက်ရသည်။
ထို့ကြောင့် စနေထွဋ်ခေါင် ရေစက်အကြောင်းကို အတော်စဉ်းစားလိုက်မိသည်။ မိုးစက်နှင့် မိမိ အတော်လေးကို ရေစက်ပါပုံရသည်။ ဒါဆို မိုးစက်ငိုအောင်လုပ်သူက နှင်းထန်ပေါ့။ ထိုစဉ် အောင်ကျော်မှ ထန်လုပ်ငန်းစု သူဌေးကတော်နှင့်ပတ်သတ်သော တီးတိုးကောလဟာလကို မိမိအား တီးတိုးပြောပြလိုက်သောအခါ မိုးစက်ဘာကြောင့် ဒီလောက်ဝမ်းနည်းပန်းနည်းငိုကြွေးနေသည်ကို နားလည်သွားသည်။ ဒေါက်တာနှင်းထန် ဘာကြောင့် မိမိကို အသည်းအသန်ရှာနေသည်ကိုလည်း နားလည်သွားသည်။
ပြီးတော့ ထန်လုပ်ငန်းနှင့် ထိပ်တိုက်တွေ့နေသော လုပ်ငန်းက မိမိ၏ ညီတစ်ဝမ်းကွဲတော်သော ရန်နိုင်၏ နိုင်လုပ်ငန်းဖြစ်နေသည်။ မိမိကြားရသမျှ ရန်နိုင် က ထန်သူဌေး၏ ဇနီးကို ပြန်ပေးဆွဲရန် ကြိုးစားသဖြင့် အဖမ်းခံရသည့် သတင်းကိုလည်းကြားထားသည်။