အချစ်စစ်၏ တည်နေရာ
Season (3)
အပိုင်း(၁၄)
ငြိမ်းချမ်းခြင်းဆိုတာကို အကိုကြီးနှင့်နေမှ မိုးစက်ခံစားဖူးတော့သည်။ မိုးစက်ဘ၀တွင် သူတပါး အတွက်သာ အသက်ရှင်ခဲ့သည်။ ယခုမှ မိမိအတွက် အသက်ရှင်သန်ခြင်းကို နားလည်တော့သည်။
မိုးစက်သည် အိမ်တွင်နားနေရင်း အကိုကြီးလည်း မရှိသဖြင့် ဘယ်လောက်ပျင်းစရာကောင်းသည်ကို သိရတော့သည်။
ထိုအခါမှ မိမိ အတူနေလာသည့် ၂နှစ်နီးပါးတွင် ညအိပ်ချိန်သာ အကိုကြီးနှင့်ခွဲခဲ့သည်ကို ပြန်တွေးမိသည်။ တရက်လျှင် ၁၈ နာရီခန့် အကိုကြီးနှင့်အတူရှိနေခဲ့သည်။ အတူသွား၊ အတူစား၊အတူအလုပ်လုပ်၊ အတူယောဂကျင့်၊ အတူ Gym ဆော့၊ အတူ စား၊ အတူတူ စကားပြော၊ ဘ၀အဖော်ဆိုတာ ဘာလဲဆိုတာကို မိုးစက်ပြန်တွေးကြည့်မိသည်။
အကိုကြီးနှင့် မိမိ sex မပါသော်လည်း တစ်ဦးစိတ်ကို တစ်ဦးနားလည်ပေးသည်။ တစ်ဦးလိုအပ်ချက်ကို တစ်ဦးဖြည့်ဆည့်းပေးသည်။ တကယ်တန်းပြောရလျှင် မိမိက အကိုကြီးကို ဘာမှ မဖြည့်ဆည်းပေးနိုင်ပါ။ အကိုကြီးကသာ မိမိကို လိုလေသေးမရှိဖြည့်ဆည်းပေးခဲ့သည်။ နှင်းကလေး ကိုယ်စားမိမိကို ပျိုးထောင်ပေးနေသည်ကို သိပါသည်။
မိုးစက်အနေဖြင့် မိမိကို ချစ်လို့၊ သံယောဇဉ်တွယ်လို့ လုပ်ပေးခြင်းမဟုတ်သည်ကို မိမိ သိပါသည်။
နှင်းကလေး ၏ နေရာတွင်အစားထိုးရသည်ကို သိသည့်တိုင်အောင် သူ့ကို မိမိတွယ်တာမိသည်။ လေးစားသည်။ သူ့အကြင်နာကို လေးစားသည်။ သူ့အတွေးအခေါ်ကို ကိုးကွယ်သည်။ ရှင်းရှင်းပြောလျှင် အင်မတန်ကို ပြတ်သားသည့် သူ့လိုလူမျိုးဖြစ်ချင်သည်။ မိမိချစ်သူကို ဘယ်တုန်း ကမှ အထိခိုက်မခံသည့် လူမျိုး။ ချစ်သူအတွက် အသက်ပင်စွန့်ဝံ့သည့် လူမျိုး။ ထိုသို့သောလူမျိုး မိမိဖြစ်ချင်သည်။ အချစ်ခံရသောသူထက် ချစ်သောသူဖြစ်ချင်သည်။ အကာကွယ်ခံရသည်ထက် ကာကွယ်ပေးသောသူဖြစ်ချင်ပါသည်။
အကိုနှင်းထန်နှင့် ဖြစ်ပျက်ခဲ့သည့်ကိစ္စတစ်ခုလုံးကို မိုးစက် အိမ်တွင်နားရစဉ် အသေးစိတ်ပြန် တွေးနေမိသည်။
ညီမလေးကြောင့် သူ့အနားကို သွားရင်း သူ၏ချစ်ခြင်းကို ခံခဲ့ရသည်။ မိမိငြင်းသည့်ကြားမှ သူ့ချစ်သူ အဖြစ်ကို ရောက်ရှိခဲ့သည်။ မိမိက ယောကျာ်းစစ်စစ်တစ်ဦးဖြစ်သော်လည်း သူ့အပွေ့အဖက်အနမ်း များ ကမိမိကို ရင်တုန်လှုပ်ရှားလာစေခဲ့သည်။ သူပြောသည်လည်းမှန်ပါသည်။ သူမျက်စိကွယ်သွားပြီး မိုးပွင့် ထွက်သွားခဲ့စဉ်က လက်ထပ်ပွဲတွင် မိမိသူ့ကိုလက်ထပ်မည်ပြောစဉ်က သူက မိမိကိုတကယ့် လင်မယားလိုနေနိုင်မှ လက်ခံပါဟုပြောခဲ့ဖူးသည်။
ညီမလေး၏ အမှားကိုဖာထေးပေးရန် သူ့ကိုမိမိလက်ခံခဲ့သည်။ သူ့မယားဘ၀တွင် မိမိဘက်က ၀တ္တရား လုံးဝမပျက်တမ်းသူ့ကို လိုက်လျောပြုစုပေးခဲ့သည်။ သူ့အကြင်နာ၊ အယုအယများကြား တွင် မိုးစက်၏ စိတ်တို့အရည်ပျော်ပြီး သူ့ချစ်မိသွားသည်။ သူ့ရင်ခွင်အောက်တွင် ရောက်နေသည့် အကြိမ်တိုင်း မိုးစက်ရင်ခုန်ပျော်ရွှင်ခဲ့၇သည်။ စိတ်ပိုင်း၊ကိုယ်ပိုင်း လိုအင်အားလုံးပြည့်ဝအောင် သူစွမ်း ဆောင်ပေးခဲ့သည်။
သူ့အပြုအစု၊ သူ့အကြင်နာကြောင့် မိုးစက် သူ့ကို အချစ်ကြီးချစ်မိသွားသည်။ ထို့ကြောင့် သူ့အတွက် မိမိအကောင်းဆုံးဖြစ်အောင်လုပ်ပေးဖို့ မိုးစက်ဆုံးဖြတ်လိုက်သည်။ မိမိနှင့်အတူနေလျှင် သဘာဝကို ကျော်လွန်ပြီး သူ့အတွက် မျိုးဆက်ကို မိမိမပေးနိုင်သဖြင့် မိုးပွင့်နှင့် လူစားလဲခဲ့သည်။ သို့သော် မိမိထင်ထားသည်ထက် သူ ခေါင်းမာခဲ့သည်။ အချစ်ကြီးခဲ့သည်။ တဇွတ်ထိုးဆန်ခဲ့သည်။ မိမိနှင့်သူ့အကြား ကာဆီးသည့်အတားဆီးမှန်သမျှကို ဖယ်ရှားကာ မိမိထံရအောင်လာခဲ့သည်။
ည်ီမလေးလည်း တဖက်သတ်ရယူချင်သည့် အချစ်ကြောင့် ငယ်ငယ်နှင့်သေဆုံးခဲ့၇သည်။ သူ့ကြောင့်ဆိုပြီး မိုးပွင့် သေခါနီးတောင်းဆိုချက်အရ မိမိ ခွဲစိတ်ပြုပြင်ခဲ့သည်။ သူ့ကိုလည်း တကယ်စိတ်နာသည်။ မိုးပွင့်က မိမိညီမအရင်းခေါက်ခေါက်မဟုတ်လား။ ဘယ်လောက်မုန်းမုန်း မိမိ မျက်နှာကို တချက်တော့ ထောက်ထားသင့်သည်ဟု ထင်သည်။
မိမိသူ့ကို အမုန်းကြီးမုန်းခဲ့သော်လည်း သူက မိမိအမုန်းကို ခံယူက အတင်းပင်ပြန်ခေါ်လာခဲ့သည်။ ကိုရန်နိုင်၏ ယုတ်မာချက်ပေါ်ပြီး သူ့အပေါ် မိမိအမုန်းတို့ပြေပျောက်သွားပြီး အေးချမ်းသော အိမ်ထောင်သည်ဘ၀ကို ဖြတ်သန်းမည်ကြံတုန်းမှာ လှပသော နှမတော်လေး စောမြ၀တီကြောင့် မိမိ အသည်းဟက်တက်ကွဲကာ လင်လုခံလိုက်ရသည်။
သူ့Company ငွေလိုနေသည်ကို သိသည်။ ငွေကြောင့် အကြပ်ကိုင်ခံရသည်ကို သိသည်။ သူက တဖက်သတ်ဖြင့် မိမိကို ကြောင်တောင်ထားကာ စောမြ၀တီ၏ တောင်းဆိုချက်ကို လက်ခံလိုက်တော့ မိုးစက် ရင်ကွဲရတော့သည်။ မိမိက သူ့ရဲ့ တရားဝင်ဇနီးမယား မဟုတ်ဘူးလား။ ဘ၀အဖော်မွန်ဆို သည်မှာ ကောင်းတာကိုလည်း အတူမျှဝေရမည်။ အဆိုးများကိုအတူရင်ဆိုင်ရမည်ဟုခံယူထားသည်။ ယခုတော့ သူက မိမိကို အိမ်ပေါ်တွင်တင်ထားပြီး စောမြ၀တီထံသို့ ငွေကြောင့် ၀ပ်တွားပြီးသွားနေပုံ က မိမိကိုသိမ်ငယ်စိတ်ဝင်စေပါသည်။
ဘာမှ အသုံးမကျသော၊ အသုံးမ၀င်သော၊ ငွေမရှာနိုင်ပဲ သူ့ကိုမှီခိုနေသူဖြစ်သောကြောင့် သူစီမံသမျှ ဘာမှ complain တက်ခွင့်မရှိပဲ ကြောင်တောင်ကြည့်နေရသော ဘ၀သည် အသက်ရှင်လျက်နှင့် သေသူနှယ်ခံစားရစေသည်။အစွမ်းအစမရှိသူတစ်ယောက်၊ချစ်သူဒုက္ခရောက်နေသည်ကို မကူညီနိုင် ပဲ ကြည့်နေရသည်က ဘယ်လောက်ဆိုးသည်ကို ထိုနေရာတွင်နေဖူးသူတိုင်းမှ ကိုယ်ချင်းစာနိုင်ပေ လိမ့်မည်။
စနေထွဋ်ခေါင်ထံတွင် သွားအကူအညီတောင်းပါရစေဆိုတော့လည်း သူက လုံးဝခွင့်မပြုပေ။ သူ့အတွက် မိမိတစုံတခု စတေးမှာကိုစိုးရိမ်သကဲ့သို့ မိမိကို သူများနောက်ပါသွားမည်ကို စိုးရွံ့သည် ဟု ထင်သည်။ မိမိကို ဒီလောက်လေးတောင်မှ ယုံကြည်မှုမရှိဘူးလားဟု တွေးကာစိတ်မကောင်းဖြစ် မိသော်လည်း သူက ငွေကြောင့် ၀တီနှင့်အိပ်ခဲ့သည်ကတော့ မိုးစက်ကို အရှင်လတ်လတ် ငရဲကျ အောင် သူဖန်တီးလိုက်တော့သည်။ ထိုမျှနှင့်မရပ်ပဲ မိမိကို အကိုကြီးနှင့် စွပ်စွဲကာ မယုံသင်္ကာမေး လိုက်သောအခါ မိုးစက်၏ အသည်းတို့တစ်စစီကွဲကြေတော့လေသည်။
သူက ၂လစောင့်ပါတဲ့။ သူ့စကားကို မျက်စိမှိတ်ယုံကြည်ကာ မိုက်မဲစွာစောင့်နေခဲ့စဉ် ကံဆိုးသော တနေ့ ရောက်လာခဲ့သည်။ အအေးဆိုင်ထဲ သူနှင့် စောမြ၀တီကို အတူယှဉ်တွဲမြင်လိုက်ရသည်။ ထို့အပြင် ကိုယ်ဝန်သည်ကို ကြင်နာယုယနေသောမြင်ကွင်းကာ မိုးစက်ကို ဘယ်လိုမှ သည်းမခံနိုင် အောင်ခံစားသွားရစေသည်။
ရေထဲခုန်ချစဉ်က မသေခဲ့သော်လည်း သူ့အပေါ်အချစ်တို့မသေသေးသော်လည်း သူ့အပေါ် မိုးစက်၏ ယုံကြည်ချက်တို့ သေဆုံးသွားရလေပြီ။ အကိုကြီးနောက်လိုက်ခဲ့ကတည်းက မိုးစက်သူ့အပေါ်က အချစ်သစ်ပင်ကို ဆွဲနူတ်ပစ်လိုက်တော့မည် ဟုဆုံးဖြတ်လိုက်ပြီးဖြစ်သည်။
အချစ်ဆိုတာမျိုးက အစပျိုးသည်ကို မသိလျှင်သာရှိမည်။ အမြစ်တွယ်မိပါက နူတ်ပစ်ဖို့ အလွန်ခက်သည့် အမျိုးအစားဖြစ်သည်။ မိုးစက် ၆လခန့် အသေအလဲခံလိုက်ရသည်။ စည်းကမ်းကြီးလှသော အကိုကြီး၏ အနီးကပ်ကြီးကြပ်မှုသာမရှိခဲ့လျှင် မိမိ ဒီလောက်အလွယ်တကူ နားလန်ထူနိုင်မည်မဟုတ်ပေ။
အမြစ်ပြတ်သွားသည်မဟုတ်သည့်တိုင် သွေးအေးသွားသည်က အမှန်ပါ။ သူ့နှမတော်က သူ့အတွက် သားလေးမွေးပေးလိုက်သည်ကို မျက်မြင်တွေ့ပြီးနောက် သူ့အပေါ်မှ မိမိ၏လက်ကျန် အချစ်ကို လုံးဝအဆုံးသတ်လိုက်သင့်ပြီဟု ဆုံးဖြတ်လိုက်သည်။သူ့ကိုတမင်ပြောလိုက်သည့် စကား များက သူ့လည်ပင်းကို ကြိုးကွင်းစွပ်မည့် စကားများဖြစ်သည်။သူ့သားကို သူရက်ရက် စက်စက် စွန့်ပစ်ခဲ့လျှင် ထိုသို့အကြင်နာကင်းမဲ့သူကို မိမိပြန်ချစ်စရာ အကြောင်းမရှိတော့ပေ။ သူ့သားကို သူ ဖခင်တစ်ယောက်အချစ်ပေးခဲ့လျှင် သူမိမိအနားကို ပြန်မလာနိုင်တော့ပေ။
ဝသုန်ထံမှ ကြားရသည့် သတင်းများအရ သူက ရက်စက်သူဖြစ်သွားဟန်တူသည်။ ဒါဆိုလျှင် မိမိလည်း သူ့ကို ပြန်ကြည့်ရန်မလိုတော့ပေ။ အကိုကြီးလိုလူဖြစ်အောင် ကြိုးစားမည်။ နှင်းကလေး ကိုချစ်သည့် အချစ်မျိုးကိုအားကျသည်။ ယခုမှ မိမိဘ၀ကို ဘယ်လိုမျိုးရပ်တည်ချင်သည် ဆိုသည့် အတွေးများဝင်လာသည်။
အကိုကြီးအကြောင်းတွေးရင်း မိုးစက်ပြုံးနေမိသည်။ သူအလုပ်က ပြန်လာလေပြီ။ ၀ရန်တာမှ မိမိကိုလှမ်းပြီးလက်ပြနူတ်ဆက်လိုက်သော သူ့ပုံစံက လူငယ်လေးတစ်ဦိးလိုတက်ကြွ လန်းဆန်းလို့နေသည်။ အကိုကြီး ဘာကြောင့် ဒီလောက်စွဲဆောင်အားပြင်းသည်ကို မိုးစက် စဉ်းစားမရ အောင်ဖြစ်နေမိသည်။ အင်အားကြီးသော ဆွဲအား။ တည်ငြိမ်သောဆွဲအားများက မိမိကို တနေ့တခြား ညှို့ငင်နေသည်။ မိမိလည်း အကိုကြီးလို ဆွဲငင်အားပြင်းသောသူ တစ်ဦးဖြစ်ချင်သည်။ လူတွေကိုလွှမ်းမိုးနိုင်သောသူ၊ လူတွေကို လမ်းညွှန်နိုင်သူ၊ လူတွေကို ကာကွယ်နိုင်သူ၊ ချစ်သူကို ပံ့ပိုးပေးနိုင်သူ။ ထိုသို့သောသူမျိုးကို တကယ်ကို ဖြစ်ချင်ပါသည်။ အကိုကြီးနှင့်တထပ်တည်း တူသော လူမျိုး။ အကိုကြီး၏ ကိုယ်ပွား။ အကိုကြီး ဂုဏ်ယူရမည့် ညီတစ်ဦး တကယ်ကို ဖြစ်ချင်မိ သည်။
စနေထွဋ်ခေါင် အလုပ်မှပြန်လာစဉ် အိမ်ပေါ်ဝရန်တာမှ လက်ပြကာ အားရပါးရပြုံးကာ နူတ်ဆက်နေသော မိုးစက်၏မျက်နှာကိတွေ့လိုက်ရ စဉ် ပင်ပန်းသမျှပြေသွားသည်ဟုပင်ခံစားလိုက်ရသည်။ မိမိဖန်ဆင်းထားသော ကိုယ်ပွားလေးကို မချစ်မိအောင် သတိထားရင်း ဘယ်အချိန်က သံယောဇဉ် နှောင်ကြိုးတို့ တွယ်ညှိမိသည်ကို မသိလိုက်ပေ။ မိမိသတိထားမိ ချိန်တွင် မိုးစက်က မိမိကို အတော်လွှမ်းမိုးထားလေပြီ။ ပန်းပျိုးသူ ပန်းမခူးရသည်ကို သိသော်လည်း ပန်းပွင့်လေးကို မချစ်ရ မခံစားရဟူသော ဥပဒေတော့မရှီပါ။ မိုးစက်ကို မိမိ ညီလို၊ သားလို၊ ပြီးတော့....ကိုယ်ပွာလေးကို ချစ်သည်။
![](https://img.wattpad.com/cover/127637382-288-k690453.jpg)