လူတွေရဲ့ဘဝကို တစ်စုံတစ်ယောက်က စနစ်တကျစီမံနေသည်ဆိုလျှင် ထိုလူသည် တရားမျှတမှုမရှိဟု ကျိန်ဆဲရလောက်အောင် သူ့ဘဝက ဆိုးရွားစုတ်ပြတ်နေသည်…။တကယ်လို့သူသာ စိတ်ဓါတ်မခိုင်မာသူဆို ခုနေ သူ့ကိုယ်သူသတ်သေရင်တောင် ဘယ်သူက ထူးပြီးအပြစ်ပြောလာမည်မဟုတ်…။
ဒါပေမယ့် လွန်ခဲ့တဲ့ ဆောင်းရာသီအလယ်လောက်မှာ သူ့အခန်းကိုဖယ်ပေးရပြီး ပန်းခြံတစ်ခုမှာ သတင်းစာခြုံအိပ်ရပြီးကတည်းက သူဘာကိုမှ စိတ်ညစ်စရာဟု မတွေးတတ်တော့ချေ…။
အဲ့တုန်းက နှင်းကိုက်တဲ့ ဒဏ်ရာတွေက ခုချိန်ထိတိုင်အောင် သူ့ခြေချောင်းတွေကြားမှာ အမာရွတ်ကျန်နေတုန်း။
အဲ့အခြေအနေနဲ့စာရင် အခုက အများကြီးတိုးတက်လာသည်ဆိုရမည်။
သူ့လက်ရှိ အချိန်ပိုင်းအလုပ်က သူဌေးက စိတ်ထားကောင်းတာကြောင့် သူ့အတွက်နေစရာမပူရ…
ခုံတွေကိုစီပြီးအိပ်ရရင်တောင် အနွေးပေးစက်ရှိသည့် အခန်းထဲမှာဆိုတော့ အဆင်ပြေသည်ဆိုရမည်။
ထို့အပြင် သူငယ်ချင်းလို့ဆိုရမည့်သူလည်းရှိလာပြီဖြစ်သည်…။
ဒိုဂျောင်ဆူးက အပြင်ပန်းကတော့ မာကျောပြီး ကျွန်တော့်ကို ကြည့်မရတဲ့ပုံစံမျိုးဆိုပေမယ့် တကယ်တမ်းတော့ သူက ကျွန်တော်အပေါ်အတော်လေးကောင်းသည်။ပြောရရင် အကောင်းဆုံးလို့ဆိုရင်တောင် မှားစရာမရှိဘူး။
ကျွန်တော့်မွေးနေ့တုန်းက ဂစ်တာတစ်လက်ဝယ်ပေးတာနဲ့တင် ဒီအချက်ကို ကျွန်တော်လုံးလုံးလျားလျား ခေါင်းညိတ်လက်ခံပြီးသားဖြစ်သည်…။
ကျွန်တော့်အိမ်မက်ကိုသိပြီး မလှောင်ရယ်တဲ့ ပထမဆုံးသောသူ…။"ချန်းယောလ် မင်းကိုတွေ့ချင်လို့တဲ့"
ကျွန်တော့်ဂျူတီမရောက်သေးသည်မို့ နားနေခန်းထဲမှာ ဂစ်တာကို ကလိနေတုန်း ဂျောင်ဆူးဝင်လာပြီးပြောသည်။
"ငါ့ကိုတွေ့ချင်လို့"
နောက်နေတာလားဟုတွေးမိသော်လည်း ပြောလာသူက ဂျောင်ဆူးဖြစ်နေသည်မို့ အတွေးကလည်း တစ်ဝက်တစ်ပျက်မှာတင်ရပ်…
"အင်း…နံပါတ်(၁၁)မှာ"
"အော်…အေး"
ကျွန်တော်ထွက်လာသည့်တိုင်အောင် ဂျောင်ဆူးမျက်လုံးက ကျောဘက်မှာကပ်ပါလာတုန်း။ဘာတွေအရှုပ်လုပ်လာပြန်ပြီလဲဆိုသည့် အတွေးကိုးဆယ့်ငါးရာခိုင်နှုန်းမှာ စိတ်ပူခြင်း ငါးရာခိုင်နှုန်းပါသည့်အကြည့်တွေနှင့်။