မြို့က လိုတာထက်ပိုပြီးတိတ်ဆိတ်သည်…။
ရုပ်ရှင်ရုံမရှိ…ကစားကွင်းမရှိ…အပျင်းပြေသွားစရာ ဘားတစ်ခုတစ်လေတောင်မရှိ…။
ထိုသို့သော တိတ်ဆိတ်သည့်မြို့ထဲမှာမှပို၍ တိတ်ဆိတ်နေသည်က ခရစ်ဆိုသူ၏အိမ်…တစ်ချက်တစ်ချက် ပျင်းတိပျင်းရွဲထဟောင်သည့် မစ်ကီရဲ့အော်သံရယ်…
စာသားမဲ့ တီးနေတဲ့ ကျွန်တော်ရဲ့ဂစ်တာသံသဲ့သဲ့ရယ် လေတိုးသံရယ်က လွဲပြီး စကားသံဆိုတာ ဖမ်း၍တောင်မရ…။
ပျင်းရိဖွယ်ကောင်းသည်ဟု ဘယ်လောက်ညည်းညည်း တစ်ပတ်မှာသုံးရက်လောက်တော့ အနည်းဆုံး သူ့အိမ်ကျွန်တော်ရောက်ဖြစ်သည်သာ…
ကြိုဆိုသည်လည်းမဟုတ် မောင်းထုတ်တာလည်းမဟုတ် သူ့ကတိကို တည်ချင်ရုံလောက်သာ သဘောရှိသည့် ထိုအေးတိအေးစက်လူသားသည် ဘာများဆွဲဆောင်နိုင်စွမ်းရှိလို့ ကျွန်တော်က ခခယယ ဖြစ်နေရသလဲ တွေးမိတော့ ကိုယ့်အဖြစ်ကို ကိုယ်ခံပြင်းပေမယ့်မတတ်နိုင်…။"အု…အု"
ပျင်းပျင်းရှိတာနဲ့ မစ်ကီရဲ့အမွှေးတွေကို ဆွဲဖွနေတော့ မစ်ကီကပက်လက်လေးလှန်ပေးကာ ဇိမ်ခံနေသည်…။
"ခင်ဗျား ကျွန်တော့်ကို ဝိညာဉ် တစ်ကောင်လို့များ သဘောထားနေတာလားဟင်"
ဂစ်တာကို ထောင်လိုက်ပြီး ပါးကပ်ကာ စာအုပ်ထဲ ကမ္ဘာတည်နေတဲ့သူ့ကို ငေးပြီး ညည်းညည်းညူညူရေရွတ်မိသည်…။
ဒီတော့မှ ဘာဖြစ်ရပြန်တာလည်းဆိုတဲ့ပုံစံမျိုးနဲ့ သူကြည့်နေကျအတိုင်း မျက်ခုံးတွေထိလုမတက် ကျုံ့ကွေးပြီး ပြန်ကြည့်လာသည်…။
လက်ထဲက စာအုပ်ကတော့ မချသေး…"ဝိညာဉ်တွေက မင်းလိုစကားများလို့လား…"
"ကျွန်တော် ဘယ်မှာ စကားများလို့လဲ…။ဒါပါနဲ့မှ နှစ်ခွန်းပဲပြောရသေးတာကို…"
ဟုတ်ပါပြီ ဆိုတဲ့ပုံစံမျိုး…ကျွန်တော့်ကို တမင်အလျှော့ပေးလိုက်သည့် ပုံစံမျိုးနှင့် ခေါင်းညိတ်သည်…။
ဘာပဲပြောပြော သူ့လက်ထဲက စာအုပ်က ဘေးကစားပွဲပေါ်ရောက်သွားပြီဖြစ်သည်…။"ကျွန်တော့်အတွက် ကော်ဖီခါးခါးလေးတစ်ခွက်…"
မီးဖိုခန်းထဲဝင်ဖို့ပြင်နေသည့် သူ့ကို လှမ်းအော်ပြီး မြူးထူးစွာပဲ မစ်ကီရဲ့ ဂုတ်ကို ခပ်ကြမ်းကြမ်းလေးညှစ်လိုက်တော့ အိပ်ရေးပျက်သွားသည့် မစ်ကီက မကြည်သလိုကြည့်လာသည်…။
ဘာပဲပြောပြော ကျွန်တော်ပျော်သည်…။
ကိုယ့်ထက် အသက်ဆယ်နှစ်နီးပါးကြီးတဲ့ လူကြီးရဲ့ အလိုလိုက်ခံရခြင်းကို အနိုင်ကျင့်ယူရခြင်းမှာ ကျွန်တော် နှစ်သက်တတ်လာခြင်းမှာ ဒီရောက်ပြီးမှ တိုးလားသည့် ကျွန်တော့်ရဲ့ဝါသနာသစ်…