တစ်နေ့လုံး မော်မကြည့်နိုင်လောက်အောင် တောက်ပနေသည့် နေမင်းကြီးက အခုတော့ မာန်လျှော့ကာ ဟိုးဘက်ကမ်းပါးနဖူးပေါ်မေးတင်နေသည်…။
နေမင်းရဲ့အရှိန်ကြောင့် အနီးနားက တိမ်တွေတင် အရောင်ပြောင်းသည်မက မြစ်ပြင်ကပါ ပုစွန်ဆီရောင် လွှမ်း၍ ငွေရောင် လှိုင်းကြပ်ခွပ်တွေက ရွှေအိုရောင်သမ်းနေသည်…။
ငါးဖမ်းပြီး ပြန်လာသည် တံငါလှေအချို့ကို ကျော်ဖြတ်ကာ လျှောက်လာပြီး အတန်ကြာတော့ ဆူညံ့မှုက တဖြည်းဖြည်းလျှော့ပါးကာ ကမ်းကို ရေတိုးသံရယ် ကျွန်တော့်ဘေးက လူတစ်ယောက်နှင့် ခွေးတစ်ကောင်ရဲ့ အသံကသာ စည်းချက်မှန်စွာ တစ်ချက်တစ်ချက်ထွက်ပေါ်နေသည်…။
မြစ်ဘေးမှာပေါက်နေသည့် သစ်ပင်ကြီးရှေ့ရောက်တော့ သူ့ခြေလှမ်းတွေရပ်ပြီး မြေကြီးပေါ်ပေါ်နေတဲ့ သစ်မြစ်တစ်ခုပေါ်ထိုင်ချလိုက်သည်…။
သူ့လက်ထဲက မစ်ကီရဲ့ လည်ပတ်ကြိုးကို လွှတ်ပေးလိုက်တော့ ဘယ်အချိန်တည်းက လွတ်လပ်ချင်နေမှန်းမသိသည့် မစ်ကီက နောက်ကို လှည့်မကြည့်စတမ်း ကမ်းပါးတစ်လျှောက်ပြေးတော့သည်…။
အခုတော့ သူနှင့်ကျွန်တော် နှစ်ယောက်တည်း တိတ်ဆိတ်ခြင်းကိုကျော်လွန်၍ အေးစက်ခြင်းက ကြီးစိုးလို့…။"ထိုင်လေ…"
သူဘေးက သစ်မြစ်တစ်ခုကို မြေမှုန်တွေခါပြီး သူပြောသည်…။ပြီးတော့ ကျွန်တော့်ဘက် လှည့်မကြည့်ဘဲ မြစ်ပြင်ကိုသာငေးနေတော့သည်…။
အမြဲမြင်နေကျ သူ့ပုံစံသည် ဒီနေ့မှ လွမ်းချင်စရာ လက်လွှတ်ဆုံးရှုံးလိုက်ရတော့မည်လူလို…။
အဆုံးသတ်မှာ ဝမ်းနည်းဖို့ကောင်းမည့် ရုပ်ရှင်တစ်ခု နောက်ဆုံး ဇာတ်ဝင်ခန်းလို ဘာစကားမှမပြောဘဲနှင့်တောင် ရင်ထဲဆိုနင့်နေသည်…။"ဘာဖြစ်လို့ လမ်းခွဲလိုက်တာလဲ"
"ဟင်…"
မြစ်ပြင်ကို ငေးနေသည့် သူ့မျက်လုံးတွေက ကျွန်တော်ဆီရောက်လာပေမယ့် သူ့ကို ငေးနေသည့် ကျွန်တော့်မျက်ဝန်းတွေကတော့ မြစ်ပြင်ဆီပြန်ရောက်သွားသည်…။
ဘဲငန်းတစ်အုပ် ထပြေးတာကို ငေးရင်း…"အန်နာလေ သူနဲ့ ဘာလို့လမ်းခွဲလိုက်တာလဲ"
သူ့ဆီက သက်ပြင်းချသံကြားလိုက်ရသည်…။