"ချန်း…"
တံခါးခေါက်သံတိုးတိုးနောက်မှာ'အိပ်နေသေးလားမသိဘူး'ဆိုတဲ့အသံနှင့်အတူ တဖြည်းဖြည်းဝေးသွားတဲ့ ခြေသံဖွဖွ…
"ဝှါး"
ညက ညဥ့်အတော်နက်တဲ့အထိ စကားပြောဖြစ်ကြပေမယ့် သူနိုးလာတော့ အိပ်ရေးမဝသလို ဖြစ်မနေသည်မှာ နူးညံလွန်းတဲ့ အိပ်ရာကြောင့်သာဖြစ်မည်…။ကိုယ်လက်တွေကို ဆန့်လိုက်သည့်အခါ ခုံတွေစီပြီးအိပ်ခဲ့ရတုန်းကလို ညောင်းကိုက်နေခြင်း တစိုးတစေ့မရှိ…။
အဘိုးကတော့ သူ့ကို ထပ်ခိုးမှာနေစေသည်အတွက် အားနာကြောင်း ခနခနပြောပေမယ့် ဒီမနက်မှာတော့ ထပ်ခိုးကိုပင် သူတော်တော်လေးသဘောကျသွားသည်…။
နေကာမှန်ကို ဖွင့်လိုက်တော့ ထင်ရှုးပင်ထိပ်က နှင်းတွေကိုတောင်မြင်နေရသည်…။
ဟိုး ခပ်လှမ်းလှမ်းမှာ နော်စီမြစ်…ညနေဘက်ဆို အခန်းထဲကပင် နေဝင်ချိန်ကို ကြည့်လို့ရမည်ဆိုသည့် အတွေးကြောင့် သူအူမြူးချင်သလို ဖြစ်သွားသည်။
စိတ်ရှိတိုင်းသာဆို ဂစ်တာတီးပြီး သီချင်းအနည်းငယ်လောက်ညည်းချင်ပေမယ့် မနက်စာဝိုင်းမှာ အဘိုးစောင့်နေမလားတွေးကာ သူမလုပ်ဖြစ်တော့…။ညတုန်းကလဲ သူ့ကြောင့် အဘိုးအတော်ပင်ပန်းပြီးပြီ…။
ပန်းခြံမှာအိပ်ရတဲ့အကြောင်း ပေါက်စီတစ်လုံးနှင့်ပြီးသွားတဲ့ ညစာတွေအကြောင်း သူရယ်စရာအနေနဲ့ပြောသော်လည်း အဘိုးက မျက်ရည်ဝဲကာ တောင်းပန်သည်သာ တဖွဖွရွတ်နေခဲ့သည်…။"မောနင်း ဘိုးဘိုး"
မီးဖိုးခန်းထဲဝင်လာသည့်အခါ အဘိုးကိုတွေ့ရမည် မျှော်လင့်ထားပေမယ့် ရေခဲသေတ္တာကိုဖွင့်ကာ နွားနို့သောက်နေသည့် လူကြောင့် လှမ်းလက်စခြေလှမ်းတို့ရပ်သွားရသည်…။
သူကတော့ ကျွန်တော့်ကို တစ်ချက်ပဲ လှည့်ကြည့်ကာ ဘာမှမထူးဆန်းဟန်ဖြင့် ရေခဲသေတ္တာထဲက ပေါင်မုန့်နှင့်ထောပတ်ဘူးတွေကို ထုတ်နေသည်။ဝက်ပေါင်ခြောက်တွေရော…"ထိုင်လေ…"
ကျွန်တော်ရပ်နေသည်ကို သူကပဲ ဧည့်ဝတ်ခံသလိုမျိုးနှင့်…။
ကျစ်လစ်သော ခန္ဓာကိုယ်နှင့် ကျွန်တော်လိုချင်သော ယောက်ျားဆန်သည့် အသားအရေပိုင်ဆိုင်ထားတဲ့သူ…
အညိုရောင် ဆံပင်တွေက သူ့ကိုပိုပြီးကြည့်ကောင်းစေသည်။
သူက အနောက်တိုင်းဆန်လှတာမျိုးလည်းမဟုတ် ရိုင်းသလိုလို ယဉ်သလိုလို…
ပေါင်မုန့်တွေကို ထောပတ်သုတ်နေတာကလည်း ပုလင်းနှင့်ဇွန်းထိသံ တစ်စက်မကြားရဘဲ သိမ်သိမ်မွေ့မွေ့…
ငေးကောင်းကောင်းနှင့်ငေးနေတုန်း ထောပတ်သုတ်ပြီးသား ပေါင်မုန့်တစ်ချပ်နှင့်အတူ အငွေ့ထွက်နေသည့် ကော်ဖီပူပူတစ်ခွက်ရှေ့ရောက်လာသည်။