Unicode
ဆုံစည်းစေသော ကံကြမ္မာ
( အပိုင်း - ၁ )
လဝန်း အအေးဆိုင်လေးထဲ ဝင်လာရင်း ချိန်းထားသည့် သူ့ကို မျက်လုံးဝေ့၍ ရှာနေမိသည် ။ ဆိုင်ထောင့်တစ်နေရာဆီ အကြည့်ရောက်သွားသော် ထိုင်နေသည့် သူရကို တွေ့လိုက်ရသည် ။ လဝန်းပြုံးရင်း သူရဆီသွားပြီး မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
"သူရ "
လဝန်း ခေါ်လိုက်တော့ သူရက လှမ်းကြည့်လာသည်။ လဝန်းတစ်ကိုယ်လုံးကို စေ့စေ့စပ်စပ် ကြည့်နေပြီး မည်သည့်စကားတစ်ခွန်းမှ မဆို။
"သူရ စကားမပြောဘဲ လဝန်းကို ဘာလို့ကြည့်နေရတာလဲဟင် "
လဝန်းကို စကားတစ်ခွန်းမှ မဆိုဘဲ စိုက်ကြည့်နေသည့် သူရကြောင့် လဝန်း ရှက်နေရပြီ။ လဝန်း နှင့် သူရတို့ တွဲနေတာ ယခုဆို သုံးနှစ်ပြည့်ပြီ။ လက်ထပ်ဖို့ ပြောမလို့များလား တွေးမိတော့ လဝန်း စိတ်လှုပ်ရှားနေမိသည်။
"ဟမ်. . .
ငါ ပြောစရာရှိလို့ ""အင်း ပြောလေ သူရ ၊ ဘာပြောမလို့လဲဟင် "
"လမ်းခွဲရအောင် လဝန်း "
"ဘာ၊ ငါ့ကို နောက်နေတာမဟုတ်လား သူရ ခစ် ခစ် "
လဝန်း ရယ်မောရင်း ပြန်မေးမိသည်။
"ငါ အတည်ပြောနေတာ လဝန်း ၊ ငါ့မိဘ သဘောတူတဲ့သူနဲ့ လက်ထပ်တော့မယ် "
"ဘာ၊ သူရ ဘာလို့လဲ ၊ ငါတို့က ချစ်သူတွေလေ "
"အင်း ၊ ဒါပေမယ့် ငါ့မိဘတွေက မင်းကို လက်ခံမှာ မဟုတ်ဘူး လဝန်း "
"ဘာလို့လဲ သူရ "
"သူတို့ ရွေးချယ်ပေးတဲ့ မိန်းကလေးက မင်းထက် အများကြီးသာနေလို့လေ "
"သူရ နင် ဘာကိုပြောချင်တာလဲ "
"လဝန်း မင်းကိုယ်မင်း ပြန်ကြည့်စမ်းပါဦး။ ငါ မင်းကို ငါ့ရည်းစားပါလို့ ဘယ်သူ့ကိုမှ မပြောရဲဘူး။ မင်း အမြဲတမ်း ဖြစ်သလိုနေတယ် ။ ငါ မင်းနဲ့ အတူ အပြင်သွားရမှာတောင် ရှက်တယ် "
"ဒါဆို ခုနောက်ပိုင်း နင် အလုပ်မအားဘူးဆိုပြီး ငါ့ကို မတွေ့တာ အဲ့ဒါကြောင့်လား သူရ "