part-4

8.1K 555 2
                                    

Unicode

ဆုံစည်းစေသော ကံကြမ္မာ

( အပိုင်း - ၄ )

"နဒီ မမဆည်းဆာကို မုန်းပေမယ့် အဲ့ဒီလို မလုပ်ပါဘူး ။ တကယ်ဆို ကိုခန့်နဲ့ မမဆည်းဆာ ရန်ဖြစ်ပြီး အဲ့ဒီညမှာပဲ လှေကားပေါ်က ကျတာလေ ။ ကိုခန့် မကျေနပ်လို့ တွန်းချလိုက်တယ်ဆိုတာ ပိုပြီး မဖြစ်နိုင်ဘူးလား "

"ငါက ဘာလို့ တွန်းချရမှာလဲ နဒီ ။ ငါ ဆည်းဆာချိူနဲ့ ရန်ဖြစ်ပြီး အပြင်ထွက်သွားတာလေ ။ သူ မတော်တဆဖြစ်တာတောင် အဖွားမြ ဖုန်းဆက်ပြောမှ သိရတာ "

"အင်း ။ ဒါဆိုရင် မမဆည်းဆာ သူ့ဘာသာ ဝိုင်တွေသောက်လို့ မူးပြီး ပြုတ်ကျတာနေမှာပေါ့ "

လဝန်းသည် သူတို့ မျက်နှာကို အကဲခတ် ကြည့်မိသည် ။ တစ်ခုခုကို ဖုံးကွယ်ထားသလိုပင် ။ ဆည်းဆာချိုက သူ့ဘာသာ မတော်တဆဖြစ်တာလား ။ တစ်ယောက်ယောက်ကြောင့်လားဆိုတာ အတိအကျသိအောင် လဝန်း စုံစမ်းရမည် ။ သည်တစ်ခုတည်းကသာ လဝန်းက ဆည်းဆာချိုကို ကူညီရာရောက်မှာဖြစ်သည် ။

ဖြောက်!

လဝန်း ထိုနေရာက ထွက်ဖို့ပြင်လိုက်ပေမယ့် သစ်ကိုင်းခြောက်ကို တက်နင်းမိလိုက်တာကြောင့် အသံထွက်သွားရသည်။ လဝန်း ဘာဆက်လုပ်ရမှန်းမသိဘဲ ကျောက်ရုပ်လို မလှုပ်မယှက် ဖြစ်နေတုန်းမှာ ခန့်ထည်ဝါက အနားကို ရောက်လာပြီး လဝန်းကိုကြည့်ကာ ခပ်မဲ့မဲ့ပြုံးသည်။

"ဆည်းဆာချို မင်းက အတိတ်မေ့ပြီး မှတ်ညဏ်တွေသာ ပျောက်တာ ၊ ခိုးနားထောင်တတ်တဲ့ အကျင့်ကတော့ မပျောက်ဘူးနော် "

"ဘာ! ရှင် "

လဝန်းကို ပြောပြီး ထွက်သွားသည့် ခန့်ထည်ဝါ၏ ကျောပြင်ကို ကြည့်၍ မျက်စောင်းထိုးမိသည်။ ထိုစဥ် နဒီက လဝန်း၏ရှေ့ကို ရောက်လာတာကြောင့် လဝန်းက ပြုံးပြလိုက်သည်။

"မမဆည်းဆာက အတိတ်မေ့နေပေမယ့် တခြားသူကို ဒုက္ခပေးချင်တုန်းပဲထင်တယ် ။ စိတ်ပျက်စရာ ကောင်းလိုက်တာ "

နဒီ၏ ရင့်သီးသည့် စကားကြောင့် လဝန်း ပါးစပ်အဟောင်းသားဖြင့် နှုတ်ဆိတ်သွားရသည် ။ နဒီထွက်သွားတော့မှ လဝန်းလည်း အိမ်ထဲသို့ ပြန်ဝင်ခဲ့တော့သည်။

ဆုံစည်းစေသော ကံကြမ္မာ ( Completed) Donde viven las historias. Descúbrelo ahora