Unicode
ဆုံစည်းစေသော ကံကြမ္မာ
( အပိုင်း - ၁၅ )
မနေ့က လဝန်း နှင့် သူရကို အတူတွေ့ပြီးတည်းက ခန့်ထည်ဝါသည် လဝန်းကို သိသိသာသာ ရှောင်နေတော့သည် ။ လဝန်း ရှင်းပြချင်ပေမယ့်လည်း အခွင့်အရေးမရသေးပါ ။
သည်နေ့ လဝန်း စောစောထပြီး အလုပ်သွားဖို့ ပြင်ဆင်၍ ကားထဲက ကြိုစောင့်နေလိုက်သည်။ ခန့်ထည်ဝါ ကားထဲဝင်တော့ လဝန်း ရောက်နေတာတွေ့ပြီး ပြန်ထွက်ဖို့ပြင်တော့သည်။
"ခဏနေပါဦး ။ ကျွန်မပြောတာ ခဏလောက် နားထောင်ပေးပါလား ကို့ခန့်ထည်ဝါ "
လဝန်း၏ တောင်းဆိုသည့်စကားကြားတော့မှ သူကားထဲပြန်ဝင်ထိုင်လိုက်သည်။
"ကျွန်မ နဲ့ အတူတွေ့တဲ့သူက မိတ်ဆွေပါ ။ ကျွန်မနဲ့ ဘာမှ မပတ်သတ်ပါဘူး ။ တကယ်ပြောတာပါ ။ ကျွန်မ လက်ထပ်မယ့် သတင်းကြားလို့ သူ အံ့သြပြီး ရောက်လာတာပါ "
"ရပါတယ် ။ ငါ့ကို ရှင်းပြဖို့ မလိုပါဘူး ဆည်းဆာချို "
"လိုတာပေါ့ ။ ရှင်က ကျွန်မနဲ့ လက်ထပ်မယ့်သူပဲ ။ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်သင့်တယ်မဟုတ်လား "
ခန့်ထည်ဝါသည် ဆည်းဆာချို ၏စကားကြောင့် အလိုလို ပြုံးမိသွားသည် ။ စိတ်ထဲခုနေတာတွေလည်း ခေတ္တ ခဏတော့ မေ့သွားသည်။
လဝန်းလည်း ခန့်ထည်ဝါ၏ အပြုံးကိုမြင်မှ စိတ်အေးသွားတော့သည်။
"မနက်ဖြန်ကျရင် မင်း ကုမ္ပဏီကို မလာနဲ့တော့ "
"ဘာလို့လဲ "
"သန်ဘက်ခါပဲ မင်္ဂလာဆောင်တော့မှာလေ ။ အိမ်မှာနေပြီး စီစဉ်စရာရှိတာ စီစဉ်ဖို့လိုတယ်မဟုတ်လား "
"အင်း...ဟုတ်သားပဲ "
လဝန်းသည် ခန့်ထည်ဝါနှင့် လက်ထပ်ရတော့မည်ကို တွေးမိတော့ စိတ်လှုပ်ရှားလာရသည်။ တကယ်ဆို လဝန်းက ဆည်းဆာချို နေရာမှာ အစားဝင်သည့်သူပင် ။ သည်လို ခံစားချက်တွေ ဖြစ်နေဖို့မှ မလိုတာဘဲလေ ။
××××××××××
ကုမ္ပဏီထဲကို နှစ်ယောက်ယှဉ်တွဲပြီး ဝင်လာသည့် ဆည်းဆာချို နှင့် ခန့်ထည်ဝါတို့ကို နွေ ကြည့်နေမိသည်။ သန်ဘက်ခါဆို သူတို့ လက်ထပ်ကြပြီ ။ ယခု လဝန်းက ဆည်းဆာချို၏ ကိုယ်ထဲမှာဆိုတော့ သူလက်ထပ်ဖို့ လက်ခံတာ ဘာကြောင့်များလဲ ။ သူ ခန့်ထည်ဝါအပေါ် ခံစားချက်ရှိနေတာတော့ မဟုတ်လောက်ပါဘူးနော် ။ လဝန်းသာဆို သူရကို နောက်ထပ်တစ်ကြိမ် ထပ်ရွေးမှာ မဟုတ်ဘူး ။ သူရကို ကလဲ့စားချေချင်ရုံသက်သက်ပဲ ပတ်သတ်မှာ သေချာသည် ။