Unicode
ဆုံစည်းစေသော ကံကြမ္မာ
( အပိုင်း - ၁၇ )
နွေ ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားတော့သည်။
"နွေ နင့်ကို ငါ ခွင့်မလွှတ်နိုင်ဘူး ။ နင် ငါ့အပေါ် မတရားလုပ်ခဲ့တာ ငါ မကျေနပ်နိုင်ဘူး "
"အဲဒီ့တော့ နင် ဘာဖြစ်ချင်လဲ လဝန်း ။ နင် ငါ့ကို မကျေနပ်ရင်တောင် နင့်ဒီဇိုင်း ငါခိုးတယ်ဆိုတာ သက်သေရှိလို့လား "
"နွေ...နင်! ၊ နင့်ကို ငါ သူငယ်ချင်းလို ၊ ညီအစ်မလို သဘောထားခဲ့မိတာ ငါ နောင်တရတယ် ။ နင့်ကို အခုချိန်ကစပြီး ငါ မညှာတော့ဘူး နွေ ။ နင် ငါ့ကို လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမယ် "
လဝန်း စိတ်ထဲ ခံရခက်စွာနှင့် ပြောနေပေမယ့် နွေကတော့ ဂရုမစိုက်သလို ခပ်လှောင်လှောင် ပြုံးသည် ။
"အဟင်း ငါ စောင့်နေပါ့မယ် လဝန်း ။ နင်သာ ဆည်းဆာချို အဖြစ်နဲ့ သံသယမဖြစ်အောင် နေစမ်းပါ ။ နောက်ပြီး နင့်ဝိညာဉ်က ကြာကြာနေနိုင်မှာတဲ့လား "
လဝန်းသည် နွေ့မျက်နှာကို စိုက်ကြည့်နေမိသည်။ နွေနှင့် ရင်းနှီးခဲ့သည့် တစ်လျောက်လုံး သူ့ စိတ်ရင်းအမှန်ကို လဝန်း လုံးဝမရိပ်မိခဲ့ဘူး ။
"ငါ သွားတော့မယ် လဝန်း ။ ဒါနဲ့ သိပ်မကြာခင်မှာ နာမည်ကြီး ဒီဇိုင်နာတွေအတွက် အစည်းအဝေးရှိတယ် ။ နင် ဆည်းဆာချို အဖြစ်နဲ့ ဟန်ဆောင်နိုင်ဦးမလားဆိုတာ ငါ သိချင်တယ် "
နွေ ထွက်သွားတော့ လဝန်း စဉ်းစားနေမိသည်။ နွေ့ကို သင်ခန်းစာ ပေးချင်ပေမယ့် လဝန်းသည် ဆည်းဆာချို၏နေရာကိုလည်း ကာကွယ်ပေးဖို့ လိုသေးပြန်သည် ။
××××××
နွေပြောခဲ့သည့် အကြောင်းအရာကို ခန့်ထည်ဝါ ကို လဝန်း ပြန်မေးကြည့်မိသည်။
"သိပ်မကြာခင်မှာ နာမည်ကြီး ဒီဇိုင်နာ အစည်းအဝေးရှိတယ် ကျွန်မ ကြားမိလို့ ၊ အဲ့ဒါ အမှန်ပဲလား "
"အင်း ဟုတ်တယ် ။ နိုင်ငံခြားက နာမည်ကြီး ဒီဇိုင်နာတွေ နဲ့ ကုမ္ပဏီတိုးတက်ရေးအတွက် ဆွေးနွေးကြမှာ ။ မင်း အဆင်ပြေမယ်ဆိုရင် ဒီဇိုင်းတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ် "