Unicode
ဆုံစည်းစေသော ကံကြမ္မာ
( အပိုင်း - ၉ )
"မောင် ဘယ်သူနဲ့ ပြောနေတာလဲ "
သူရသည် ရုတ်တရက် ကြားလိုက်ရသည့် နွေ့အသံကြောင့် လန့်သွားပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ပြုံးပြီး နွေ့ကို လှည့်ကြည့်လိုက်သည်။
"ကိုယ့် သူငယ်ချင်းနဲ့ ပြောနေတာပါ ။ ဒါနဲ့ ဒီနေ့ နွေ အလုပ်ပိတ်တော့ တစ်နေရာရာ သွားဦးမှာလား "
"မသွားတော့ဘူး မောင် ။ နွေ ဒီနေ့ အိမ်မှာပဲ နားမလားလို့ ။ ဘာလို့လဲ "
"ဪ....ကိုယ်ကတော့ သူငယ်ချင်းနဲ့ ချိန်းထားတာရှိတယ် ။ ခဏပါပဲ "
သူရက ဆံပင်ကို အကြောင်းမဲ့ လက်ဖြင့်ပွတ်သတ်ရင်း အကြည့်လွှဲပြီး ဖြေလိုက်သည် ။
"အင်း...သွားလေ မောင် ။ မြန်မြန်တော့ ပြန်လာခဲ့နော် "
"ဟုတ်ပါပြီ ။ ကိုယ် ညနေမှ သွားတွေ့မှာပါ ။ ခဏပဲ စောစောပြန်လာခဲ့မယ် "
"အင်း ဒါနဲ့ ဘယ်သူငယ်ချင်းလဲ မောင် "
"ဪ....ကိုယ့် ငယ်သူငယ်ချင်း ဗညားပါ ။ နွေ သိမှာ မဟုတ်လောက်ဘူး ။ ကိုယ် နဲ့ ဗညားက အဆက်အသွယ်မရှိတာ ကြာပြီ ။ ဟိုတလောကမှ ပြန်တွေ့တာ ။ ခုအပြင်မှာ တွေ့ပြီး စကားပြောကြမလို့လေ "
"အင်း...နောက်မကျနဲ့နော် "
"ဟုတ်ပါပြီဗျာ "
နွေက သံသယမဖြစ်ဘဲ အေးဆေးနှင့် ထွက်သွားတော့မှ သူရ သက်ပြင်းချမိသည်။ နွေ့ကို လိမ်ညာနေမိပြန်ပြီ ။ ဆည်းဆာချိုအကြောင်း ပြန်တွေးမိတော့ အလိုလိုနေရင်း ပြုံးမိသည်။ တွေ့တာမကြာသေးပေမယ့် သူ့စိတ်ထဲ ရင်းနှီးနေသလို ခံစားနေရသည်။ ဒါ ဘာကြောင့်များလဲ ။ သူရ တွေးနေရင်း ညနေ ဆည်းဆာချိုနှင့် တွေ့ဖို့ စိတ်လှုပ်ရှားနေမိသည်။
××××××××××××
လဝန်းသည် ဆည်းဆာချို၏ ဝတ်စုံတွေထဲက ကြည့်အကောင်းဆုံး ဝတ်စုံလေးကို ရွေးလိုက်သည်။ အနီရောင် ကိုယ်ကျပ်ဂါဝန်လေးကို ဝတ်လိုက်တော့ ဆည်းဆာချို၏ပုံစံက ဆွဲဆောင်ရှိရှိနှင့် ပုံမှန်ထက် လှပနေသည် ။ အနီရောင်ဝတ်စုံဝတ်ထားတော့ လဝန်းကိုယ်တိုင်လည်း ယုံကြည်မှုရှိပြီး တက်ကြွနေသည်။ လဝန်းသည် မိတ်ကပ်လိမ်းပြင်ဆင်ပြီး အိတ်အနီအသေးလေးတစ်ခု လွယ်ကာ အောက်ထပ်ဆင်းလာခဲ့သည်။
