Unicode
ဆုံစည်းစေသော ကံကြမ္မာ
( အပိုင်း - ၃ )
"သူရ "
မိုးလင်းတာနှင့် ဘီယာဘူးကိုဖွင့်ပြီး သောက်နေသည့် သူရကို နွေ စိတ်ပျက်ပျက်နှင့် အော်ခေါ်လိုက်သည်။
"ဘာလဲ....နွေ "
နွေ ဒေါသကို ပြန်ထိန်းချုပ်ရင်း လေသံကို ထိန်းပြီး တိုးလျစွာ ပြောလိုက်သည် ။
"မောင် ဘယ်အချိန်ထိ ခုလိုနေဦးမှာလဲ ။ လက်ထပ်ပြီးတာ တစ်လကျော်နေပြီ ။ ဘာလို့ ခုလိုလုပ်နေရတာလဲ "
"လဝန်းက ကိုယ်တို့ကြောင့် သေရတာလေ ။ ကိုယ် ခုထိ စိတ်မကောင်းဖြစ်နေတုန်းပဲ "
"လဝန်း သူ့ဘာသာ ကားတိုက်ခံရလို့ သေတာလေ ။ နွေတို့နဲ့ ဘာဆိုင်လို့လဲ ။ မောင် လဝန်းအတွက် စိတ်မကောင်းဖြစ်တာ နွေသိပါတယ် ။ လဝန်းက နွေ့သူငယ်ချင်းပဲလေ ။ ဒါကြောင့်လည်း နွေတို့ လက်ထပ်ပြီး ဟန်းနီးမွန်းသွားမယ့် ခရီးကိုတောင် မောင့် သဘောတိုင်းဖျက်ခဲ့တာလေ။ မောင် အရက်သောက်လိုက် ၊ ဘီယာသောက်လိုက်နဲ့ လဝန်းအတွက် ခံစားနေတာ ဘယ်တော့မှ ပြီးမှာလဲ ။ မောင့်ကို လက်ထပ်မိတဲ့အတွက် နွေ့ကို နောင်တရအောင်လုပ်နေတာလား ဟမ် "
သူရ သက်ပြင်းချလိုက်မိသည် ။ လဝန်းအတွက် စိတ်မကောင်းဖြစ်ရတာနှင့် နွေ့ကို ပစ်ထားသလိုဖြစ်သွားသည် ။
"ကိုယ်...တောင်းပန်ပါတယ်...နွေ "
"ရပါတယ်...မောင် အားလုံးကိုမေ့ပြီး နွေနဲ့အတူ ပျော်ပျော်ရွင်ရွင် နေပေးရင်ရပါပြီ "
"ဟုတ်ပါပြီ နွေရယ် "
သူရက နွေ့ကို ဖက်ထားလိုက်သည်။ အားလုံးကို မေ့ပစ်ဖို့ အချိန်တန်ပြီပဲ။ ''လဝန်းရယ် ကိုယ့်အပြစ်တွေအတွက် နောင်ဘဝကျရင် ပြန်ပေးဆပ်ပါ့မယ် '' သူရ စိတ်ထဲမှ ကတိတွေ ပေးနေမိသည် ။
နွေက သူရ ဖက်ထားနေရာမှ ရုန်းလိုက်ပြီး ။
"မောင်...နွေ အလုပ်သွားရတော့မယ် "
"အင်း "
သူရ စားပွဲဝိုင်းမှာ ပြန်ထိုင်ရင်း နွေပြင်ပေးထားသည့် ပေါင်မုန့်ထောပတ်သုတ်ကို ယူစားနေသည်။