သို့/ ဒေစီ
လွမ်းပေမယ့် ရင်ထဲမှာသိမ်းထားရတာက
အကျင့်တစ်ခုဖြစ်နေပြီး
မေ့ပစ်မယ်လို့ရေရွတ်ရင်း
မှတ်မှတ်ရရ သတိရမိတဲ့ညများမှာပေါ့
လမင်းလည်းမသာဘူး ကြယ်တွေလည်းမလင်းဘူး
ကောင်းကင်ဟာ တစ်ကိုယ်ကောင်းဆန်ပြီး မိုးတွေရွာချတဲ့အခါ
မီးမှိတ်ထားတဲ့အခန်းထဲကလူဟာငိုနေတယ်။
ဆက်မိဆက်ရာတွေကို တွေးမိတွေးရာ တွေးပြီး
ဆွဲမိဆွဲရာ ဆွဲထားဖို့ရူးသွပ်နေတုန်းမို့...။စိတ်ပြေလက်ပျောက်
အခန်းတံခါးကို ပိတ်ပြီး ဟာသဇာတ်လမ်းတွေထိုင်ကြည့်ဖြစ်တယ်
အသက်မပါတာက ရယ်သံတွေပဲ၊မငိုချင်တော့တဲ့အခါ ရယ်ပစ်လိုက်ပေါ့တဲ့
သူကတော့ပေါ့ပေါ့ပါးပါးပဲ
ကျွန်တော်ကသာ လေးလေးနက်နက်....။သတိရရင်ခေါ်ပါ၊
လိုအပ်တဲ့အခါစကားလာပြောပါ။
စောင့်နေခြင်းမဟုတ်တဲ့ မျှော်လင့်မှုတစ်ခုမှာ ရပ်တန့်ပြီး
မေ့လိုက်တာလည်းမဟုတ်ပေမယ့် သတိတရလည်းမလွမ်းဖြစ်တော့ပဲ
ချစ်ခဲ့ဖူးတဲ့လူအဖြစ် မှတ်မှတ်ရရ သိမ်းထားလိုက်ပါတယ်။